တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းချက် လက်တွေ့မဖြစ်နိုင်

RFA Burmese
2023.10.03
တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းချက် လက်တွေ့မဖြစ်နိုင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်က မဲရုံတစ်ရုံတွင် မဲပေးနေကြသူတချို့ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်။
RFA

၂၀၂၄ သန်းခေါင်စာရင်းကောက်ပြီးတဲ့အခါ နိုင်ငံတစ်ဝန်း တိုင်းရင်းသားဒေသတွေပါမကျန် ရွေးကောက်ပွဲ လုပ်မယ့်အကြောင်း စစ်ကောင်စီဥက္ကဋ္ဌက မကြာခဏ ထုတ်‌ပြောနေသလို၊  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နေပြည်တော်မှာ တစ်ဖွဲ့ချင်း ခေါ်ယူဆွေးနွေး နေပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ နေပြည်တော်မှာ တွေ့ဆုံပြီး အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ဘဲ အရင်ကတည်းက NCA ၁၀ ဖွဲ့ထဲက ငါးဖွဲ့ကို စစ်ကောင်စီ က နေပြည်တော်မှာ အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးနေတာပါ။

“ရွေးကောက်ပွဲတစ်ခု လုပ်မယ်ဆိုတာ နယ်မြေတည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်ရမယ်။ ဒီနေ့ ဒီအချိန်မှာ သူ့နယ်မြေတွေ ဆုံးရှုံးကုန်ပြီလေ"

ရွေးကောက်ပွဲကို တိုင်းရင်းသားဒေသတွေမှာပါ လုပ်နိုင်ဖို့ စစ်ကောင်စီဘက်က စဉ်းစားချက် ရှိနေတယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့အဖွဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဗိုလ်မှူးကြီး စောကျော်ညွန့် က ပြောပါတယ်။

“ကျွန်တော်တို့ ငါးဖွဲ့သွားတဲ့အချိန်တုန်းကလည်း အဲဒီရွေးကောက်ပွဲကိစ္စ ဆွေးနွေး တာရှိပါတယ်။ ရွေးကောက်ပွဲ လုပ်တဲ့ အခါကျရင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့လုပ်နိုင်အောင် သူတို့က စဉ်းစားချက်ရှိတယ်။ တစ်နိုင်ငံလုံး ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ဒေသတွင်းတည်ငြိမ်ရေးရှိမှုကလည်း အက္ခရာကျတယ်ဆိုတာကို နှစ်ဖက် အပြန်အလှန် နားလည်တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲလုပ်ဖို့ အတွက် လိုအပ်တဲ့ ဒေသတွင်း တည်ငြိမ်ရေး၊ အေးချမ်းရေး ရှိလာဖို့အတွက် နှစ်ဖက်စလုံး ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့ လောလောဆယ်ကတော့ အဲဒီလောက်ပဲ ဆွေးနွေးမှုတွေရှိပါတယ်”

နိုင်ငံတစ်ဝန်း မကြုံဖူးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ ရွေးကောက်ပွဲလုပ် ဖို့ အခက်အခဲ ရှိတယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ခဲ့ပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး  ABSDF အပါအဝင် ငါးဖွဲ့က စစ်ကောင်စီနဲ့ ဆက်မဆွေးနွေးတော့ပါဘူး။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး  ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA - PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့က NCA ကို ဆက်လက်ကိုင်စွဲပြီး ဆက်ဆွေးနွေးနေပါတယ်။

ကျန်ငါးဖွဲ့ကတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် NCA ပျက်သွားပြီလို့ အတိအလင်း ထုတ်ပြော ထားပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြစဉ်။ (Photo: Myanmar Military)
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြစဉ်။ (Photo: Myanmar Military)

လက်ရှိ ဆက်ဆွေးနွေးနေတဲ့ NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတွေကို လေ့လာ ဆန်းစစ်တဲ့တဲ့အခါ ကရင်၊ မွန်၊ ရှမ်း စတဲ့ပြည်နယ်တွေနဲ့ တနင်္သာရီတိုင်းမှာ အခြေချ လှုပ်ရှား‌နေတာ တွေ့ရပါ တယ်။ ဒါကြောင့် အဲဒီဒေသတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ရေးကို စစ်ကောင်စီက သိမ်းသွင်းစည်းရုံးနေတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီး ကတော့ သူတို့ ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်နဲ့ တနင်္သာရီဒေသတွေမှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအိပ်မက်က ဖြစ်လာမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲတစ်ခု လုပ်မယ်ဆိုတာ နယ်မြေတည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်ရမယ်။ ဒီနေ့ ဒီအချိန်မှာ သူ့နယ်မြေတွေ ဆုံးရှုံးကုန်ပြီလေ။ ကျွန်တော်တို့ တပ်မှူးကြီးကိုယ်တိုင် ထုတ်ပြောထားတာရှိတယ်၊ ဟိုးမြောက်ပိုင်း ပျဉ်းမနားအစပ်ကနေ ပဲခူးတိုင်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်း အဲဒီဒေသတွေကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ဘူး။ အဲဒီအောက်ဘက် ဆင်းချလာပြီးတော့ တပ်မဟာ (၁) သထုံဘက်ဆိုရင်လည်း နယ်မြေတွေကို မလွှမ်းမိုးနိုင်တော့ဘူး။ မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ် ကျွန်တော် တို့တပ်တွေ နေ့တိုင်း စစ်ဆေးနေတာ။ အဲဒီနယ်မြေတွေမှာ သူဘယ်လိုလုပ်မလဲ ရွေးကောက်ပွဲကို။ ကျွန်တော် တို့ကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆန့်ကျင်ရမှာပဲ”

တရုတ်အပါအဝင် နိုင်ငံတချို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် နည်းပညာ အကူအညီတွေပေးပြီး ဖြစ်အောင်လုပ်ဖို့ တွန်းအားပေးနေပေမယ့် KNU ကတော့ ရအောင်ဖျက်မယ်လို့ သူက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါ့ကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကို ဆက်သွယ်မေးမြန်းတဲ့အခါ လက်နက်ကိုင်ပြီး တစ်ချိန်လုံး တိုက်နေ မယ့်အစား ရွေးကောက်ပွဲ ယဉ်ကျေးမှု၊ လွှတ်တော်ကတစ်ဆင့် ဆွေးနွေးတာက ပိုကောင်းတာကြောင့် ရွေးကောက်ပွဲက ဖြစ်ကိုဖြစ်လာမယ်လို့ RFA ကို ပြောပါတယ်။

“အဓိက က ရွေးကောက်ပွဲနဲ့ သွားမယ်။ ရွေးကောက်ပွဲကနေပြီးတော့ လွှတ်တော်တွေကနေ ဝင်ရောက်ပြီး အဆိုတွေ ဆွေးနွေးကြမယ်၊ တင်သွင်းကြမယ်။ လက်နက်ကိုင်ပြီးတော့ တစ်ချိန်လုံး တိုက်ခိုက်နေမယ့်အစား လွှတ်တော်ထဲမှာ ကိုယ့်ဒေသကောင်းကျိူး၊ တိုင်းပြည်ကောင်းကျိုး အကုန်လုံးဆောင်ရွက်နိုင်တဲ့ ကိစ္စကတော့ တကယ်တမ်း တိုင်းပြည်အပေါ်မှာ စေတနာရှိတဲ့ တိုင်းရင်းသားတွေ၊ တစ်ချိန်က အခြေအနေတစ်ခုကြောင့် လက်နက်ကိုင်ပြီး အခုအချိန်မှာ လက်နက်ကိုင်တာဟာ ဒေသကောင်းကျိုး မဖြစ်နိုင်ဘူးဆိုတာ သိလာကြတဲ့ လူတွေကတော့ ရွေးကောက်ပွဲလမ်းကို ရွေးကြမှာပဲလေ။ အဲတော့ မဖြစ်လာစရာ မရှိပါဘူး”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲလုပ်ခွင့်ပေးရင် အဲဒီဒေသဟာ စစ်ကောင်စီအုပ်ချုပ်ရေး လက်အောက်ကို ရောက်သွားမယ်လို့ RFA ကို ပြောပါတယ်။

“နယ်မြေ သတ်သတ်မှတ်မှတ် ရှိတဲ့အဖွဲ့က တော်တော်နည်းတယ်။ RCSS လိုမျိုး နယ်မြေရှိတဲ့အဖွဲ့က တစ်ဖွဲ့ပဲ ရှိတယ်၊ အခု ဆွေးနွေးတဲ့အထဲမှာ။ အဲလိုအနေအထားမျိုးဖြစ်တဲ့အခါကျတော့ RCSS လိုမျိုးအဖွဲ့က ဒါကို လက်ခံဖို့ ခက်ခဲမယ်လို့ ကျွန်တော်ထင်တယ်။ ဒီလိုလုပ်ခွင့်ပေးလိုက်မယ်ဆိုရင် အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုက ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) အုပ်ချုပ်မှုအောက်ကို ရောက်သွားတဲ့ ပုံစံမျိုး သက်ရောက်တယ်”

အရင်ကတည်းက ပြဿနာတွေများလှတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိန်းချုပ်ရာဒေသတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြဖူးပေမယ့်  တချို့က လက်ခံပြီး တချို့ကလက်မခံတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း မြန်မာနိုင်ငံ နယ်မြေတစ်ဝက် ကျော်လောက်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာကြောင့် စစ်ကောင်စီက ဘယ်လောက်ပဲ စည်းရုံးပါစေ ကြိုးပမ်းချက်က လက်တွေ့ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဗမာပြည်ရဲ့ နယ်မြေတစ်ဝက်ကျော်လောက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စိုးမိုး အုပ်ချုပ်မှု အောက်မှာ ရှိနေတဲ့အခါ အဲဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် မေတ္တာရပ်ခံလိုတဲ့ စိတ်ဆန္ဒ ရှိပုံရတယ်။ NCA စာချုပ် ဆက်ပြီးဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကနေတစ်ဆင့် တိုင်းရင်းသားဒေသ တွေမှာ ရွေးကောက်ပွဲ ကျင်းပလာနိုင်အောင် ကြိုးပမ်းချက် ဖြစ်ပါတယ်။ ဘယ်လိုမှ အဲဒီအဆိုပြုချက်ကလည်း အကောင်အထည် ဖော်နိုင်မယ့် အခြေအနေမှာ မရှိပါဘူး”

အထွေထွေရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ လုပ်သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးတွေမှာ မကြာခဏ ထုတ်ပြောထားပါတယ်။ စက်တင်ဘာလ ၉ ရက် သူ့ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်မှာလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်မယ်၊ ပြီးရင် ရွေးကောက်ပွဲကို အစောဆုံးလုပ်မယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ဘယ်လ၊ ဘယ်ရက်ဆိုတာကို အတိအကျ မပြောနိုင်သေးပါဘူး။

နိုင်ငံရေးအကဲခတ်တွေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကတော့ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံတွန်းလှန်မှုတွေကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အခုချိန်ထိ မရေရာ မသေချာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။