၂၀၂၃ မှာ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း EAO တွေပြော

2022.10.11
Share on WhatsApp
Share on WhatsApp
၂၀၂၃ မှာ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း EAO တွေပြော ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ။
Photo: AFP

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင် တဲ့ စစ်တပ်ရဲ့ တိုင်းပြည်အာဏာကို ထိန်းထားနိုင်တဲ့ အရေးပေါ်ကာလ သက်တမ်းဟာ လာမယ့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။

အရေးပေါ်ကာလသက်တမ်း နှစ်နှစ်ပြီးရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၂၉ အရ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) က တိုင်းပြည်အာဏာကို ပြန်ယူပြီး ခြောက်လ အတွင်းမှာ မဖြစ်မနေ ရွေးကောက်ပွဲအသစ် ကျင်းပပေးရမှာပါ။

ဒါကြောင့် စစ်ကောင်စီဥက္ကဋ္ဌက နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကို မက်လုံးတချို့ပေးပြီး ၂၀၂၃ မှာလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံလာအောင် စည်းရုံးသိမ်းသွင်းတာမျိုးတွေ လုပ်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ခန့်မှန်းပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ထိုးထားတဲ့ လက်နက်ကိုင် ခုနစ်ဖွဲ့ နဲ့ NCA မထိုးရသေးတဲ့ လက်နက်ကိုင် သုံးဖွဲ့ ပါဝင်ပါတယ်။

"နိုင်ငံရေး၊ စစ်ရေးမှာ မတည်မငြိမ်ရှိချိန် ရွေးကောက်ပွဲလုပ်တယ်ဆိုတော့ အရာရောက်မယ်တော့ မထင်ဘူးပေါ့နော့်"

၂၀၂၂ ခုနှစ်မှာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုဆိုးလာတာကြောင့် ရွေးကောက်ပွဲက အရာရောက်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်နဲ့ စက်တင်ဘာလထဲမှာ ပူပူနွေးနွေး တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/ SSA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု က ပြောပါတယ်။

“ရွေးကောက်ပွဲကိစ္စက ဘယ်လို ဖြစ်လာမလဲ ကျနော်တို့က မသိသေးဘူးပေါ့နော်။ သူတို့က လုပ်တော့ လုပ်မယ်လို့တော့ ပြောတယ်။ ရန်ကုန်၊ မန္တလေးက အစပေါ့နော် တကယ့်မြို့ကြီးတွေပေါ်မှာ နောက်ပြီး နေပြည်တော်အထိပေါ့နော် မာရှယ်လောတောင် ရှိနေသေးတယ်ဆိုတော့ လွယ်တော့ မလွယ်ဘူးနော်။ ကျနော်တို့နယ်မှာက ပိုဆိုးတယ်။ ရခိုင်ဘက်မှာလည်း ချနေကြတယ်။ ရှမ်းပြည်မှာလည်း နေရာတကာ မှာ အဲလိုမျိုး ရှိနေတာပေါ့နော်။ နိုင်ငံရေးစစ်ရေးမှာ မတည်မငြိမ်ရှိချိန် ရွေးကောက်ပွဲလုပ်တယ် ဆိုတော့ အရာရောက်မယ်တော့ မထင်ဘူးပေါ့နော့်။ အဲလိုပဲ ပြောချင်ပါတယ်”

SSPP အနေနဲ့ သူတို့ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပခွင့် ပြုမယ်၊ မပြုဘူး ဆိုတာကို တစ်ဖွဲ့တည်း သဘောထားထက် မဟာမိတ်တွေနဲ့တိုင်ပင်ပြီးမှ ဆောင်ရွက်သွား မယ်လို့လည်း သူက ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထဲက အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ “ဝ”  ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPPနဲ့ NDAA မိုင်းလားအဖွဲ့ တာဝန်ရှိသူတွေနဲ့ စက်တင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ တွေ့ဆုံပွဲအတွင်း SSPP ဘက်က ဗမာပြည်နယ် ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး၊ မိုင်းလားနဲ့ “ဝ”  တပ်ဖွဲ့ကတော့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသနဲ့ “ဝ” ပြည်နယ် ရရှိရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ SSPP ဘက်က ပြောပါတယ်။

စစ်ခေါင်းဆောင်ဘက်က ဗမာပြည်နယ်ဖွဲ့စည်းရေးကို လက်မခံသလို “ဝ”  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုမှုတွေကို လာမယ့်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ် လာမယ့် လွှတ်တော်ကသာ ဆုံးဖြတ်ရမှာလို့ ပြောဆိုခဲ့ကြောင်း SSPP တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

Min Aung Hlaing & EAO.jpg
စစ်ကောင်စီဥက္ကဋ္ဌနှင့် UWSP၊ NDAA၊ SSPP မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒီမိုကရေစီကိုသာ ပေးမှာဖြစ်ပြီး NCA ထိုးပြီးမှ လက်နက်ဆက်ကိုင်ချင်တယ်ဆိုရင် စစ်ကောင်စီတပ်အောက်မှာ တာဝန်ထမ်းဖို့နဲ့ တိုင်းရင်းသားအခွင့်အရေးအတွက် ရွေးကောက်ပွဲသစ်အပြီး ဖြစ်လာမယ့် လွှတ်တော်ကနေသာ တောင်းဆိုကြဖို့ မကြာသေးခင်ကမှ နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီဝန်ကြီးများ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးပါတီလမ်းကြောင်း ပေါ်ကို ဆွဲခေါ် နေတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ဒီအခြေအနေ ကို လက်ခံမှာ မဟုတ်ဘူးလို့ တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးသန်းစိုးနိုင် က သုံးသပ် ပါတယ်။

“အခု မင်းအောင်လှိုင် နောက်ဆုံးပြောသွားတဲ့ စကားက ရှင်းပါတယ်။ ခင်ဗျား လက်နက် ကိုင်ချင်ရင် ကာကွယ်ရေးသော်လည်းကောင်း၊ နယ်စပ်ဒေသ လုံခြုံရေးသော် လည်းကောင်း လုပ်။ ဖက်ဒရယ် အခွင့်အရေးအတွက် နိုင်ငံရေးအရပါဝင်ချင်တယ်ဆိုရင် နိုင်ငံရေးပါတီထောင်ပြီး ခင်ဗျားတို့ လက်နက်စွန့်ပြီး ခင်ဗျားတို့ နိုင်ငံရေးပါတီထောင်ရ မယ်၊ ဆိုတော့ သူတို့ရွေးကောက်ပွဲဝင်မယ်ဆိုရင် လက်နက်စွန့်ပြီး နိုင်ငံရေးပါတီထောင် ရမယ်လေ။ အဲဒီအလုပ်ကို အခု NCA လက်မှတ်ထိုးထားတဲ့ ဖွဲ့တွေ လက်ခံနိုင်ပါ့မလား။ အဲဒီအနေအထားကို လက်ခံနိုင်တဲ့ အဖွဲ့အစည်းတစ်ဖွဲ့မှ မရှိဘူးလို့ ကျနော်က ယူဆပါ တယ်။ အဲဒါကြောင့် မဖြစ်နိုင်ဘူးလို့ ကျနော်က ပြောတာပါ”

အရင်ကတည်းက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှာ တစ်မြို့နယ်ကလွဲပြီး ကျန် ငါးမြို့နယ်စလုံးမှာ ရွေးကောက်ပွဲလုပ်လေ့မရှိတဲ့ UWSA “ဝ”  တပ်ဖွဲ့နဲ့ NDAA မိုင်းလား တပ်ဖွဲ့ ထိန်းချုပ်ရာဒေသတွေမှာ လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်ခံမှာ မဟုတ်ဘူးလို့ ဦးသန်းစိုးနိုင် က ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ လားရှိုးအခြေစိုက် “ဝ” ဆက်ဆံရေးရုံး တာဝန်ခံကို ဦးညီရမ်းကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ “ဝ” တပ်ဖွဲ့ လူကြီးတွေရဲ့ သဘောထားကို သိပြီးမှသာ ဖြေဆိုနိုင်မယ်လို့ တုံ့ပြန်ပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် ကတော့ လက်ရှိ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေအရ စစ်ခေါင်းဆောင်အနေနဲ့ တစ်နိုင်ငံ လုံးကို လွှမ်းခြုံနိုင်တဲ့ ရွေးကောက်ပွဲမျိုး လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အခြေအနေ မတည်ငြိမ်ဘူးဆိုတော့ ရွေးကောက်ပွဲဖြစ်ဖို့ကလည်း အခုပြောဖို့က အရမ်းစောသေး တယ်ပေါ့ နော်။ အခုအခြေအနေအရဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့နော်။ နယ်မြေက မတည်ငြိမ်ဘူးပေါ့ နော်။ ဘယ်လိုမျိုး ပုံစံ ကျင်းပမလဲ မသိဘူး။ ဟိုးအရင် တစ်ချိန်တုန်းက ၁၉၅၁၊ ၅၂ ခုနှစ်လိုပဲ ကျင်းပရမလား၊ အပိုင်းတစ်၊ အပိုင်းနှစ်လိုပဲ ကျင်းပရမလား၊ အဲလိုသဘော သွားသက်ရောက်တယ်ပေါ့နော်။ တည်ငြိမ်တဲ့ နေရာမှာ အရင်ကျင်းပပြီးတော့မှ နောက် တစ်နှစ်လောက်နေမှ နယ်မြေပြန်တည်ငြိမ်တဲ့ နေရာမှာ ပြန်ကျင်းပ၊ တစ်ခါတည်းနဲ့ တစ်နိုင်ငံလုံး ပြည်လုံးကျွတ် အဲလိုကျင်းပဖို့တော့ ကျနော် ထင်တာ မလွယ်လောက်ဘူးထင်တယ်”

ပအိုဝ်းအမျိုးသား လွတ်မြောက်လွတ်ရေးအဖွဲ့အနေနဲ့ သူတို့ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲ ကျင်းပခွင့်ပြု၊ မပြုဆိုတာကို အသေအချာ မဆွေးနွေးရသေးဘူးလို့လည်း ခွန်ထွန်းတင် က ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြဿနာတွေဟာ ရွေးကောက်ပွဲနဲ့ အဖြေထုတ်နိုင်မယ့်အဆင့်ကို ကျော်လွန်သွားပြီး အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးစနစ်တစ်ခု ရှိလာမှသာ ဖြေရှင်းနိုင် လိမ့်မယ်လို့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဘာသာရပ်ကို လေ့လာဆည်းပူးနေသူ ကိုကျော်စောဟန် က သုံးသပ်ပါတယ်။

“လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့အဖြေက ရွေးကောက်ပွဲထဲမှာ မရှိနိုင်ဘူးလို့ ထင်တယ် ပေါ့နော်။ အဲတော့ မြန်မာနိုင်ငံ လိုအပ်နေတာက နိုင်ငံရေးအင်အားစုတွေ အားလုံး ပါဝင်တဲ့ သဘောတူထားတဲ့ အနာဂတ် နိုင်ငံရေး စနစ်တစ်မျိုး ပေါ့နော်၊ ဒီစနစ်ကို အာမခံနိုင်တဲ့ နိုင်ငံရေးအခြေအနေတစ်ရပ် ဖန်တီးပေးဖို့ လို တာပေါ့နော်။ အဲတော့ လက်ရှိ ပြဿနာတွေက ရွေးကောက်ပွဲဆိုတာထက် အများကြီး ကျော်သွားပြီ။ တိုင်ရင်းသားအရေး၊ NUG၊ PDF အရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေး၊ လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဒါတွေအထိ ဆက်စပ်ပြီး ပါသွားတာ ဖြစ်တဲ့အတွက် အရင် လို ရွေးကောက်ပွဲ တစ်ခုတည်းကို အခြေခံပြီး စဉ်းစားလို့တော့ လက်ရှိ နိုင်ငံရေး ပြဿနာ က အဖြေရနိုင်မယ်လို့ မထင်ဘူး”

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၂၀ အထိ ရွေးကောက်ပွဲသုံးကြိမ် ကျင်းပခဲ့ပြီး ပြည်သူလူထု လွတ်လပ်စွာ မဲပေးနိုင်ခဲ့တဲ့ ၂၀၁၅ နဲ့  ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲအများဆုံးနဲ့ အပြတ် အသတ် အနိုင်ရခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင် စုစုပေါင်း မဲဆန္ဒနယ် (၁၁၁၇) ခုအနက် မဲဆန္ဒနယ် (၉၂၀) မှာ NLD ပါတီက မဲအများဆုံးနဲ့ အနိုင်ရခဲ့တာပါ။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က ဒီရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုင်းပြည်အာဏာကို သိမ်းယူ၊ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ပါတီ ခေါင်းဆောင် အတော်များများကို ဖမ်းဆီးထားပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲ ထပ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။