ရွေးကောက်ပွဲအတွက် လူ ၂၅၀၀ နီးပါး အရေးယူမယ့်ကိစ္စ ဝေဖန်မှုမြင့်တက်

2022.01.21
ရွေးကောက်ပွဲအတွက် လူ ၂၅၀၀ နီးပါး အရေးယူမယ့်ကိစ္စ ဝေဖန်မှုမြင့်တက် ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်က မဲရုံတစ်ရုံမှာ မဲပေးနေကြသူတွေကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရွေးကောက်ပွဲ မဲမသမာမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူ ၄၀၀ ကျော်ကို ဖမ်းဆီးထားပြီး နောက်ထပ် တိုင်းနဲ့ ပြည်နယ်အသီးသီးက တာဝန်ရှိသူ ၂၅၀၀ နီးပါးကို စစ်ကောင်စီက အရေးယူဖို့ ပြင်နေတာဟာ တမင်အပြစ်ရှာတဲ့ကိစ္စဖြစ်တယ်လို့ ကာယကံရှင်တွေ ထောက်ပြဝေဖန်လိုက်ပါတယ်။

သူတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သမာသမတ်ကျအောင်၊ တာဝန်ကျေအောင် ဆောင်ရွက် ခဲ့သူတွေဖြစ်တယ်လို့ အရေးယူခံရမယ့်အထဲ ပါနေတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူ ၄၂၂ ဦးကို ဖမ်းဆီးတရားစွဲထားတဲ့အပြင်၊ တိုင်းနဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ အပါအဝင် စုစုပေါင်း ၂၄၈၉ ဦး ကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်အဖွဲ့ဝင် ဦးခင်မောင်ဦးက နေပြည်တော် သတင်းစာရှင်းပွဲမှာ ဇန်နဝါရီ ၁၄ ရက် ထုတ်ဖော်ပြောကြားပါတယ်။

"အရေးယူဆောင်ရွက်လျက်ရှိတဲ့ နေရာမှာ နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း များ၊ ပါတီအောင်နိုင်ရေး အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ စသည့် ကျူးလွန်သူ ၄၂၂ ဦးကိုလည်း အရေးယူဆောင်ရွက်လျက် ရှိပါတယ်။ ဆက်လက် စိစစ် ဆောင်ရွက်ဆဲလည်း ဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လက်ရှိဖမ်းဆီးထားတဲ့ ၄၂၂ ဦးအပြင် ၂၀၂၀ ရွေးကောက်ပွဲကို ကြီးကြပ်ကွပ်ကဲရာမှာ အားနည်း ပျက်ကွက်ခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ပေါင်း ၂၄၈၉ ဦး ကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဦးခင်မောင်ဦးက ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လက်ရှိဖမ်းထားသူ ၄၀၀ ကျော်ကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပုဒ်မတွေနဲ့ အရေးယူထားသလဲဆိုတာကိုတော့ အတိအကျ ပြောမသွားပါဘူး။

အဲဒီ ၂၄၈၉ ဦးထဲမှာ ပါဝင်နေတဲ့ ခရိုင်အဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း တစ်ဦးကလည်း သူတို့ကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြီးကြပ်ကွပ်ကဲမှု အားနည်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မ - ၁၃၀(က)နဲ့ တရား စွဲထားတယ်လို့ RFA ကို အတည်ပြု ပြောဆိုပါတယ်။

"ဘယ်လို လုပ်လို့ရမလဲ။ ကျနော်တို့က ဒိုင်လူကြီး လုပ်နေတာလေ။ ဟုတ်တယ်မလား။ နောက် ကော်မရှင်ဆိုတာက ဘက်လိုက်လို့ မရဘူးလေ။ ကျနော်တို့ကို ကြီးကြပ် ကွပ်ကဲမှု အားနည်းတယ်လို့ ပြောတယ်ဗျာ။ ကျနော်တို့က ကိုယ်တိုင်ကို မြို့နယ်တွေကို လိုက်ပြီးတော့ လုပ်နေရတယ်။ မြို့နယ်တွေကို လိုက်ပြီးတော့ ကြီးကြပ်နေတာကို ကြီးကြပ်မှု အားနည်းတယ်ဆိုတော့ ကျနော်တို့က ဘာသွားပြောလို့ရမှာလဲ"

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၁၃၀(က)ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါလီမန်ရဲ့ ဥပဒေပြဌာန်းချက်တွေကို မလိုက်နာမှု ချိုးဖောက်မှုဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွင်း နေပြည်တော်က မဲရုံတစ်ခုမှာ NLD ပါတီအတွက် မဲရုံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးကတော့ စစ်အာဏာသိမ်းပြီးကတည်းက သူ့ကို စစ်တပ်က ဝရမ်းထုတ်ပြီး လိုက်ဖမ်းနေလို့ အခုချိန်အထိ ဘေးလွတ်ရာမှာ ရှောင်ပုန်းနေရတယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ မဲရုံကိုယ်စားလှယ်တွေကို လိုက်ဖမ်းတော့ ရှောင်နေရတာပေါ့။ NLD နဲ့ ပတ်သက်တဲ့ဟာတွေ မဲရုံကိုယ်စားလှယ်ထဲ ပါတဲ့ဟာတွေကို လိုက်ဖမ်းဆွဲနေတာ ဆိုတော့ သတိဝိရိယနဲ့ ရှောင်နေရတာပေါ့။ NLD နဲ့ ပတ်သက်လို့ကတော့ ဖျက်သိမ်း ချင်နေတာဆိုတော့ ပါတီနဲ့ နွယ်တဲ့လူတွေ အကုန်လုံးကို လိုက်ဖမ်းနေတာကိုး။ အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။ သေသွားတဲ့လူတွေလည်း ရှိတယ်။ အာဏာသိမ်း ပြီးတော့ တစ်လလောက်ရှိတော့ ဖမ်းတဲ့လူလည်း ဖမ်း၊ သေတဲ့လူလည်း သေပေါ့လေ"

အလုပ်တစ်ခုကို တာဝန်ကျေအောင် ဥပဒေဘောင်ထဲက လုပ်ခဲ့ပေမယ့် ရုတ်တရက် စစ်အာဏာသိမ်းလိုက်တာကြောင့် နေရင်းထိုင်ရင်း တရားခံဖြစ်သွားရတာလို့လည်း သူက ဆိုပါတယ်။

2020-election-voter.jpg
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် မဲရုံအမှတ် (၃) မှာ မဲပေးခဲ့သူအချို့ကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေအနက် NLD နဲ့ နီးစပ်သူတွေကို ဖမ်းဆီးတရားစွဲဖို့ ကြိုးစားနေပြီး NLD နဲ့ သိပ်မနီးကပ်တဲ့ အဖွဲ့ဝင်တွေကိုတော့ တရားစွဲပြီး ဒဏ်ငွေ ကျပ်တစ်သောင်း ပေးဆောင်ခိုင်းနေတယ်လို့လည်း ကိုယ်တွေ့ကြုံသူတွေက ပြောကြပါတယ်။

အခု တရားစွဲခံရသူတွေဟာ တိုင်းနဲ့ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး တရားလိုတွေကတော့ သူတို့နဲ့အတူတူ အလုပ် လုပ်ခဲ့တဲ့ စစ်တပ်အရာရှိဟောင်း ကော်မရှင် အတွင်းရေးမှူးတွေပဲ ဖြစ်နေပါတယ်။

အဲဒီစစ်တပ်အရာရှိဟောင်း ကော်မရှင်အတွင်းရေးမှူးတွေကသာ ရွေးကောက်ပွဲကို အဓိက တာဝန်ယူခဲ့သူတွေဖြစ်ပြီး အခုတရားစွဲခံရတဲ့ ဥက္ကဋ္ဌဟောင်းတွေ၊ အဖွဲ့ဝင်ဟောင်းတွေက ဝန်းရံရတဲ့အဆင့်သာ ဖြစ်တယ်လို့လည်း ကိုယ်တိုင် တရားစွဲခံထားရတဲ့ ကော်မရှင် အဖွဲ့ဝင်ဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။

"တကယ့်တကယ် တွက်ကြည့်လေ၊ အဖွဲ့အစည်းတစ်ခုမှာ ဥက္ကဋ္ဌရယ်၊ အတွင်းရေးမှူး ရယ်၊ အဖွဲ့ဝင်ရယ် ရှိတဲ့အထဲမှာ တကယ် အလုပ်လုပ်ရတာက အတွင်းရေးမှူးလေ။ ကျနော်တို့ ဥက္ကဋ္ဌတွေ၊ အဖွဲ့ဝင်တွေ ဆိုတာက ဘယ်လိုခေါ်မလဲ။ ဘေးကနေပြီးတော့မှ ဝိုင်းရံပေးရုံပဲ ရှိတာ။ တကယ်လှုပ်ရှားတာက အတွင်းရေးမှူးက လှုပ်ရှားတာ။ အတွင်းရေးမှူးက တကယ်လှုပ်ရှားရပြီးတော့ တစ်ကယ့်တကယ်ကျတော့ သူက တရားလို ပြန်လုပ်ပြီး ကျနော်တို့ကို တရားခံ ပြန်လုပ်တယ်ဆိုတော့ အဲဒါ စဉ်းစားသာကြည့်ပေတော့"

စစ်အာဏာသိမ်းပြီးမှ အခုလို ထောင်နဲ့ချီတဲ့ အဖွဲ့ဝင်တွေ၊ ကော်မရှင်ခွဲ ဥက္ကဋ္ဌတွေကို အရေးယူတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်လေ့လာခဲ့သူ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ညွှန်ကြားရေးမှူး စိုင်းရဲကျော်စွာမြင့် က ဝေဖန်ပါတယ်။

"ကျနော်တို့က အမှားအယွင်းတွေ ရှိတိုင်း၊ အားနည်းချက်တွေ ရှိတိုင်းကို ရှိသမျှလူတွေကို ထောင်နဲ့ချီပြီးတော့မှ ရွေးကောက်ပွဲ ဥပဒေအရ တရားမဲ့ပြုကျင့်မှု လုပ်တယ်ဆိုပြီးတော့ အရေးယူတာမျိုးထက်စာရင် ကျနော်တို့ အကြံပြုသလိုပဲ ဥပဒေမူဘောင်တွေကို ပြန်သုံးသပ်ဖို့ လိုတယ်။ အားနည်းချက်တွေကို ပြင်ဆင်တာကမှ ရွေးကောက်ပွဲနိုင်ငံရေးကို ပိုပြီးတော့ ရှင်သန်စေလိမ့်မယ်။ ရွေးကောက်ပွဲကို ပိုပြီးတော့ ကောင်းစေမှာ။ ဒီလိုမျိုး အရေးယူရုံနဲ့တော့ ရွေးကောက်ပွဲက ကောင်းမလာဘူး"

၂၀၂၀ ရွေးကောက်ပွဲမှာ အားနည်းချက်အနည်းငယ် ရှိခဲ့တာမှန်ပေမယ့် ရွေးကောက်ပွဲ ရလဒ်ကြီး တစ်ခုလုံးကို ပြောင်းသွားစေနိုင်တဲ့ မဲမသမာမှုမျိုးတော့ မတွေ့ခဲ့ဘူးလို့လည်း ဦးစိုင်းရဲကျော်စွာမြင့် က ပြောသွားပါတယ်။

"အခုလိုမျိုး တရားစွဲတာတွေ၊ ဘာတွေ ဆိုတာကတော့ မတရားသက်သက် အမှုဆင်ပြီးတော့ ဆွဲတာလို့ပဲ တိုတိုတုတ်တုတ် ပြောရမှာပေါ့နော်"

၂၀၂၀ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေ့လာစောင့်ကြည့်ခဲ့သူ လုံခြုံရေး အရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကလည်း ဒါဟာ တမင်အပြစ်ရှာတဲ့ အမှုဆင် တရားစွဲမှုသာ ဖြစ်တယ်လို့ ထောက်ပြဝေဖန်ပါတယ်။

"တစ်နိုင်ငံလုံးက မဲစာရင်းလူဦးရေနဲ့ ရလဒ်တွေကို ကြည့်ပြီးတော့ အဲဒီဟာက ရွေးကောက်ပွဲ ရလဒ်ကြီးကို ပြောင်းလဲသွားစေလောက်တဲ့ မဲမသမာမှုဆိုတာ မပေါ်ခဲ့ဘူးပေါ့။ ဒါကျမတို့ မဲစောင့်ကြည့်လေ့လာသူတွေအားလုံး၊ နိုင်ငံတကာရော၊ ပြည်တွင်းကရော အားလုံးရဲ့ အစီရင်ခံစာတွေမှာ တွေ့နိုင်ပါတယ်။ အဲဒါကို အကြောင်း ပြုပြီး အခုလိုမျိုး တရားစွဲတာတွေ၊ ဘာတွေ ဆိုတာကတော့ မတရားသက်သက် အမှု ဆင်ပြီးတော့ ဆွဲတာလို့ပဲ တိုတိုတုတ်တုတ် ပြောရမှာပေါ့နော်။ အဲလိုပါ”

လက်ရှိ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ် အဖွဲ့ဝင်အဖြစ် တာဝန် ယူထားတဲ့ ဗိုလ်မှူးကြီးဟောင်း ဦးခင်မောင်ဦး ဆိုတာ NLD အစိုးရလက်ထက် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနဲ့ ညွှန်ကြားရေးမှူးချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့သူမို့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ် ဆိုရင် သူ့မှာသာ အဓိကတာဝန်ရှိတယ်လို့လည်း အခု တရားစွဲခံရသူတွေက ပြောကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုလို တရားစွဲတဲ့လုပ်ရပ်တွေဟာ NLD နဲ့ NLD နဲ့ဆက်နွယ်သူမှန်သမျှကို နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ဖယ်ရှားပစ်ဖို့ ရည်ရွယ်နေတာ လို့ မှတ်ချက်ပေးပါတယ်။

"ကျနော့်အမြင်အရ ပြောရရင်တော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲဟာ မသမာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်၊ အဲဒီလို အရေးယူတဲ့အခါမှာလည်း NLD ပါတီဝင်တွေတင် မကဘူး၊ ရွေးကောက်ပွဲအဆင့်ဆင့်မှာ တာဝန်ယူ လုပ်ကိုင်တဲ့သူတွေပါ သူတို့က ကျယ်ကျယ်ပြန့်ပြန့် ဘာကြောင့် ဖမ်းဆီးရသဲဆိုရင်တော့ ဒီရွေးကောက်ပွဲ တရားမမျှတမှု ဆိုတာကို သူတို့က ဖော်ထုတ်ဖို့အတွက် ဒီလို အုံနဲ့ကျင်းနဲ့ ဝိုင်းဝန်း ပြီးတော့ မသမာမှုတွေ ကျူးလွန်တာလို့ ပုံဖော်ဖို့ ရည်ရွယ်ပြီးတော့ အရေးယူနေတာပါ"

တကယ်တော့ အခုအရေးယူခံရသူတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရိုးရိုးသားသားနဲ့ ပါဝင် ခဲ့သူတွေ ဖြစ်တာမို့ တိုင်းပြည်အတွက်ရော၊ NLD ပါတီအတွက်ရော စိတ်မကောင်း ဖြစ်မိတယ် လို့လည်း ဦးသန်းစိုးနိုင်က ပြောသွားပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သစ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အမှုပေါင်း ၁၀၇၇ ခု ဖြစ်ပွားခဲ့ပြီး၊ ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူခဲ့တဲ့အမှုက ၅၄၆ မှု၊ အဲဒီအထဲမှာ တရားစွဲတင်တဲ့အမှု ၃၄၂၊ ပိတ်သိမ်းတဲ့အမှု ၁၉၄ နဲ့ ဥပဒေအကြံတောင်းထားဆဲ အမှု ၁၀ ခု အထိ ရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။