အယ်လ်နီညိုအပူလှိုင်းကြောင့် ဒီနှစ်နွေအပူချိန် အန္တရာယ်ပိုများနိုင်
2024.04.08

ပူနွေးခြောက်သွေ့တဲ့ အယ်လ်နီညို (El Nino) ရာသီအကျိုးဆက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်စဉ်ကြုံခဲ့ရတဲ့ နေ့အပူချိန်တွေထက် ဒီနှစ် ပိုပူလာတာကြောင့် ရန်ကုန်မြို့ ပန်းခြံတွေထဲမှာ အပူရှောင်သူတွေ၊ စျေးဝယ်စင်တာတွေမှာ အပူရှောင်သူတွေ များနေပါတယ်။
ဧပြီနဲ့ မေလအတွင်း အပူချိန်အမြင့်မားဆုံး ခံစားရနိုင်ဖွယ်ရှိပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးဒေသတွေမှာ အမြင့်ဆုံးအပူချိန်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
ဒီလိုပူပြင်းတဲ့ ရာသီဥတုကြောင့် မူးလဲနိုင်တာတွေ၊ ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက် သေဆုံးနိုင်တာကြောင့် အပူချိန်လွန်ကဲတဲ့ နေပူထဲမှာ သတိထားသွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ဝန်းကျင်အတွင်း ဒေသအလိုက် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တယ်”
ကျန်းမာရေးနှင့် အလှအပရေးဆိုင်ရာ ဟောပြောသူ ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို အပူချိန်မြင့်တဲ့ကာလတွေမှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်တယ်လို့ သတိပေးထားပါတယ်။
“အပူချိန်များတဲ့ဒီအချိန်မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက အရမ်းမြင့်တယ်။ ပူတာက တစ်ကဏ္ဍ၊ နေလောင်တာကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေက တစ်ကဏ္ဍ၊ ဒါကြောင့် အပြင်ထွက်မယ့်သူ ကာကွယ်ဖို့လိုအပ်တယ်၊ နေလောင်တဲ့ဒဏ်ကို ခံနိုင်တဲ့ဟာတွေလိမ်းဖို့ လိုအပ်တယ်။ အပြင်သွားတဲ့သူတွေ ရေဗူးဆောင်ထားပါ၊ ချွေးထွက်သမျှ ရေပြန်သောက်ဖို့ မမေ့ပါနဲ့။ ခေါင်းမူးတယ်၊ အန်ချင်တယ်၊ ခေါင်းကိုယ်တယ်စသဖြင့် ဒါမျိုးတွေဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကို ချက်ချင်းအေးအောင် လုပ်ဖို့မမေ့ပါနဲ့။ ဓာတ်ဆားရေ ပြန်ဖြည့်ပေးရပါမယ်။ ထီးတို့၊ ဦးထုပ်တို့ ဆောင်းဖို့လည်း မမေ့ပါနဲ့၊ သေချာ မှာချင်ပါတယ်”
မဖြစ်မနေ အပြင်ထွက် သွားလာရမယ့်သူတွေအနေနဲ့ ပင်ပန်းနွမ်းနယ်ပြီး ကြွက်တတ်တာ၊ သတိမေ့တာ၊ သတိလစ်တာတွေ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။
အပူချိန်တွေ ပုံမှန်ထက် ပိုပူပြင်းတဲ့ အခုလိုအချိန်မှာ အရက်သောက်သုံးသူတွေအပြင် အသက်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေအတွက် ပိုပြီးအန္တရာယ်များနိုင်တယ်လို့လည်း ဒေါက်တာ သူရိန်လှိုင်ဝင်းက ပြောပါတယ်။
“အရက်လိုဟာတွေကို နေပူချိန်ကြီးမှာ မသောက်သင့်ဘူး၊ နဂိုကတည်းက သွေးတိုးရှိတယ်၊ ရာသီဥတုက ပူတဲ့အခါကျတော့ သွေးတွေက ပိုပြီးတော့ တိုးလာတယ်။ အရက်လိုမျိုးဟာကို ထပ်ပြီးသောက်တဲ့အခါကျတော့ သွေးက ပိုပြီးတိုးလာတယ်။ ဦးနှောက်သွေးကြောပြတ်တာ၊ သွေးအရမ်းတိုးပြီး သတိလစ်သွားတာ။ ဒါကြောင့် အခုလိုပူတဲ့အချိန်မှာ သတိထားရမယ့် လူသုံးမျိုး ရှိပါတယ်။ ကလေးငယ်တွေရယ်၊ သက်ကြီးရွယ်အိုတွေရယ်၊ နဂိုရောဂါအခံရှိတဲ့သူရယ်၊ ဒီလူတွေအနေနဲ့ တက်နိုင်သမျှ နေပူထဲသွားပြီး အပူဒဏ်မခံဖို့ အရေးကြီးပါတယ်။ အန္တရာယ်များလို့ ဂရုစိုက်သင့်ပါတယ်”
ဒီလိုပူပြင်းတဲ့ ရာသီဥတုအောက်မှာ ဝမ်းရေးအတွက် မဖြစ်မနေ အလုပ်လုပ်ကိုင်ရတဲ့သူတွေအနေနဲ့ အပူဒဏ်ကို အတော်လေး ခံရတယ်လို့ Quick Food က အစားအသောက်ပို့ဆောင်တဲ့ ကိုဦးက ပြောပါတယ်။
“ကျွန်တော်တို့ကကျတော့ နေပူထဲလည်း စားသုံးသူကမှာရင် နေပူသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ အဓိကရောက်အောင် ပို့ပေးရမှာ ကျွန်တော်တို့တာဝန်လေ၊ စားသုံးသူတွေ အဆင်ပြေအောင် ပို့ပေးနေရမှာလေ။ ညဘက်ရောက်လို့ရှိရင်တော့ အိမ်မှာ တော်တော်လေး ပြန်နားယူရတယ်။ အိမ်ရောက်ရင်တော့ ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး။ တစ်ခါတည်း စားသောက်ပြီး အိပ်ယာထဲ တန်းဝင်လိုက်ရတော့တာ”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်ကလည်း အချိန်အခါမဟုတ် မိုးရွာတာ၊ ရေကြီးတာ၊ အပူချိန်မြင့်တက်တာ စတဲ့ အယ်နီညိုရာသီဥတု ပြောင်းလဲတဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ အဲဒီကတည်းက ၂ဝ၂၄ ခုနှစ်မှာလည်း အယ်နီညိုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မိုးခေါင်တာ၊ ပူပြင်းခြောက်သွေ့တာစတဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ကြုံရနိုင်တယ်လို့ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီ ၆ ရက်နေ့မှာ ချောက်၊ ညောင်ဦး၊ ဟဲဟိုး၊ လွိုင်လင် စတဲ့ မြို့နယ်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ဝန်းကျင်အတွင်း ဒေသအလိုက် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးဇလသတိပေးချက်အရ ဒီနှစ် နွေရာသီမှာ အပူချိန်အမြင့်မားဆုံး ခံရဖွယ်ရှိတဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ သက်ကြီးရွယ်အိုတွေ အပူလျှပ်ဖျားနာတာ၊ သောက်သုံးရေ ရှားပါးတာစတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်ရှင်။