ICJ အမှုကို အပစ်ရပ်အဖွဲ့များ ထိန်းထိန်းသိမ်းသိမ်း သုံးသပ်

အောင်မိုးမြင့်
2019.12.04
ppst-622.jpg တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်နေ့ကကျင်းပစဉ်
Photo: Aung Moe Myint/RFA

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ စွဲဆိုခံနေရမှုမှာ လက်နက်ကိုင်အဖွဲ့တချို့က အစိုးရဘက်ကနေ ထောက်ခံကြသလို ICJ ဘက်ကနေ ရပ်တည်ကြတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ NCA အပစ်ရပ် ၁၀ ဖွဲ့ကတော့ အစိုးရရဲ့ ခြေလှမ်းနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ မှာ ICJ နဲ့ပတ်သက်လို့ ABSDF ဥက္ကဋ္ဌ ဦးသံခဲ က သတင်းထောက်တွေကို အခုလို  ပြောပါတယ်။

"ဒီ ICJ ကိစ္စဆိုတာ ဒါဆန်းသစ်တဲ့ ကျနော်တို့ အားလုံးအတွက် နိုင်ငံရေးအားဖြင့် စဉ်းစားရတဲ့ စဉ်းစားချက် ဖြစ်ပါတယ်။ ကျနော်တို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်သလို ကျနော်တို့ ဒီတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ကလည်း မလွဲမသွေ ဒါ စဉ်းစားကြရတာ ဖြစ်တယ်၊ ဒါကြောင့်မို့ ဒီဟာကိုလည်း ကျနော်တို့ အချိန်ပေးပြီးတော့မှ ကျနော်တို့ စဉ်းစားခဲ့တယ်၊ အဲတော့ ကျနော်တို့ရဲ့ သဘောထားကတော့ ပြောပြရရင် အခု အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ပြည်ထောင်စု မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတာကို ရင်ဆိုင်ဖြေရှင်းကြရမှာဖြစ်တယ် အဲဒါအစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ဒါပြသပြီးတော့မှ ကျနော်တို့ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်ဖို့ ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်၊ အဲဒီအတွက် ဒီလိုဟာမျိုး တာဝန်ယူမှု တာဝန်ခံမှုဆိုတာ သမိုင်းတလျှောက်လုံးမှာ ကျနော်တို့တွေအနေနဲ့က နိုင်ငံတကာနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံနဲ့ ဖြေရှင်းကြတဲ့ ဒီပြဿနာတွေထဲမှာ အမြင့်ဆုံးလည်းဖြစ်တယ်၊ ဒီအပေါ်မှာ အစိုးရရဲ့ တာဝန်ခံမှု တာဝန်ယူမှုနဲ့အတူ အခုလို ဖြေရှင်းမှုဆိုတာဟာ ဘာပဲပြောပြော ကျနောတို့အတွက် အတွေ့အကြုံသစ်လည်း ဖြစ်တာနဲ့အမျှ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်နိုင်လိမ်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။"

နိုင်ငံတကာ ပဋိညာဉ် စာချုပ်စာတမ်း ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်တာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နေ တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တိုင်းပြည်ရဲ့ပုံရိပ် မြင့်မားလာမှာ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး PPST အဖွဲ့က ဥပဒေရေးရာလေ့လာရေးအဖွဲ့ခေါင်း‌ဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတော့ သူ့ရဲ့အမြင်ကို အခုလို ပြောဆိုပါတယ်။

"ICJ မှာစွဲတဲ့အခါကြတော့ လူပုဂ္ဂိုလ်ကို ဦးတည်စွဲတာလည်းမရှိဘူး၊ လူပုဂ္ဂိုလ်တာဝန်ခံထားတဲ့ အစုအဖွဲ့ကို ဦးတည်ထားတာ နိုင်ငံတော်အဆင့်ကို စွဲတာ၊ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတော်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်နေတယ်။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အညီ ကုလသမဂ္ဂကချမှတ်ထားတဲ့ ဂျနီဗာကွန်ဗန်းရှင်း တွေထဲက လက်မှတ်ထိုးထားတဲ့ စာချုပ်တွေထဲက တချို့ကို မလိုက်နာဘူး ဖောက်ဖျက်တယ်ဆိုရင် ဒီလို စာချုပ်ဖောက်ဖျက်မှု မလိုက်နာမှုနဲ့ နိုင်ငံတော်ကို သူ စွဲတာ။ စွဲတဲ့အခါကြတော့ ICJ မှာ ဖြေရှင်းတာကတော့ သဘာ၀ကျတယ်၊ ရာဇဝတ်ကြောင်း မဟုတ်ဘူး ဒါက စာချုပ်စာတမ်းကို ဖောက်တယ်ဆိုပြီးတော့ စွပ်စွဲတာ၊ မဖောက်ဘူးလို့ ကိုယ်ကချေပခွင့်ရှိတယ်၊ အပြည့်အ၀တုံ့ပြန်ရမယ်၊ ဒါကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက်ပေါ့လေ ဒီရုံးရဲ့ စီမံမှုအောက်မှာ စီရင်ပိုင်ခွင့်အောက်မှာ ကျရောက်တယ်၊ ဒါကြောင့် ကျနော်တို့ နိုင်ငံကအတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးတော့ သွားရောက်ဖြေရှင်းမယ်ဆိုတာက ICJ အဆင့်မှာတော့ ဒါသင့် တော်တယ်။"

တဆက်တည်းမှာပဲ NCA အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ ကိုယ်စားလှယ်တွေ ခရီးသွားလာခွင့်နဲ့ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်တွေနဲ့ ပတ်သက်လို့လည်း ဒီကနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီးနောက် အကန့်အသတ် အတားအဆီးတွေကို NCA စာချုပ်ပါအချက်တွေနဲ့ ကွဲလွဲနေတာကြောင့် ယုံကြည်မှုတည်ဆောက် ရာမှာ သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် PPST က ကန့်ကွက်ကြောင်းလည်း ဒီကနေ့ထုတ်ပြန်ချက်မှာ ထည့် သွင်းဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ PPST ပြောရေးဆိုခွင့်ရှိသူ ဦးသံခဲ  က အခုလို ပြောဆိုပါတယ်။

"ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က တရားဝင်လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ထဲမှာ ပါပြီးသား ဖြစ်တယ်၊ ဒါပေမဲ့ လက်တွေ့အခြေအနေမှာ ကျနော်တို့တွေအနေနဲ့ တချို့တွေ ကိုယ်စားလှယ်တွေရဲ့ ခရီးသွားလာ ခွင့်တွေ ကန့်သတ်ခံရတာမျိုး နောက်တခုကတော့ ကျနော်တို့ ဒီပြောဆိုစည်းရုံးခွင့်တွေ ဟန့်တားခံရတာမျိုးတွေ ရှိတယ်၊ အဲဒါက ဘာလည်းဆို ကျနော်တို့ ဥပမာတွေ ပေးလို့ရတယ်၊ တဆက်တည်းမှာပဲ ဒီအပေါ်မှာ နာလည် မှုတွေက စာချုပ်အပေါ်မှာ နာလည်းမှုတွေက မတူဘူး၊ အဲဒီ မတူညီမှုတွေကို ဆက်ပြီးညှိနှိုင်းဖို့လိုတယ်၊ ဒီလိုမှ မဟုတ်ဘဲနဲ့ တဖက်သက် ဒါတွေကို ကျနော်တို့ ဆက်ပြီးတော့မှ တနည်းအားဖြင့်ပြောရင် လွတ်လပ်စွာသွားလာ ခွင့်နဲ့ ကျနော်တို့ ဒီလွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတဲ့အပေါ်မှာ နားလည်မှု မတူညီရင် ရှေ့ဆက်ပြီးတော့ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာလည်း အခက်အခဲတွေရှိတယ်၊ ဒါကြောင့်မို့ ကျနော်တို့မြင်တာ ဒီအပေါ်မှာ ဆက်ပြီးညှိနှိုင်းဖို့လိုတယ်လို့ ကျနော်တို့ ဆိုလိုခြင်းဖြစ်တယ်။"

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ အလွတ်သဘောဆွေးနွေးပွဲတွေမှာ ထိပ်သီးအစည်းအဝေးတွေကို နိုင်ငံခြားသာခံယူထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း တပ်မတော်ဘက်က  ဆွေးနွေးခဲ့တာတွေရှိသလို တချို့ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်မပေးဘဲ ပိတ်ပင်ထားမှုတွေရှိနေတယ်လို့ သိရပေမယ့် ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ တိတိကျကျ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး JICM ကျင်းပရေးနဲ့ ပတ်သက်လို့တော့ အစိုးရဘက်က ဒီဇင်ဘာလ ၁၈၊ ၁၉ နဲ့ ၂၀ မှာကျင်းပဖို့ အဆိုပြု ချက်အပေါ် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအကြား မအားလပ်တာ ခေါင်းဆောင်တချို့ရဲ့ နိုင်ငံခြားခရီးစဉ်တွေ ရှိနေတာကြောင့် လာမည့် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ ဆုံးဖြတ် ခဲ့ကြတယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

"အဲအပေါ်ကိုလည်း ကျနော်တို့ဘက်က ပြန်လည်ဆွေးနွေးခဲ့ကြတယ်နော်၊ လိုအပ်ချက်အရရော တခြားအကြောင်း ကြောင်းကြောင့် ပြင်ဆင်မှုအပိုင်းလည်း လိုအပ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဒီမှာ ပြန်လည်အဆိုပြု ဖို့တော့ရှိတယ်၊ ဒီလာမည့် ၂၀၂၀ တစ်လပိုင်း ပထမ အပတ်လောက်မှာတော့ အဲသလို အဆင်ပြေတယ်ဆိုတဲ့ အနေအထားတော့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းရှိတယ်၊ အဲဒါပြီးတာနဲ့ အလုပ်အဖွဲ့တွေ တရားဝင်ပေါ့နော် ဆက်လက်ညှိနှိုင်းဖို့ရှိတယ်၊ အလုပ်အဖွဲ့တွေ ညှိနှိုင်းတဲ့အပေါ်မှာ မူတည်ပြီးတော့မှ တဆင့်ပြီးတဆင့်ပေါ့၊ ခုနပြောသလို တရားဝင် ဆွေးနွေးပွဲတွေဖြစ်တဲ့ UPDJC/ JMC အဲကနေတဆင့် ၂၁ ရာစု ပင်လုံဆိုတဲ့ဟာ ဆက်သွားဖို့ရှိတယ်၊ ဒါပေမဲ့ ခုနက Timeline ကြတော့ အစိုးရပြောတဲ့ သင်္ကြန်မတိုင်ခင်လို့ သူပြောတာပေါ့နော်၊ အဲအပေါ်မှာ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာက ခုနကပြောတဲ့ ဆွေးနွေးမှု အပေါ်မှာ မူတည်လိမ့်မယ်လို့ ကျနော်တို့က အဲလိုပဲ သဘောထားရှိကြပါတယ်။"


စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် က ဖြစ်ပွားမှုတွေ အမြန်ဆုံး ရပ်ဆိုင်းနိုင်ဖို့အတွက် နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာသွားကြဖို့လည်း ဒီကနေ့ပြီးဆုံးသွားတဲ့ PPST အစည်းအဝေးရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့က တပ်မတော်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ICJ  အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တခြားတရားရုံးတွေက အရေးယူရန် ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း နိုဝင်္ဘာ ၂၈ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ထားပါတယ်။

"ဝ" လက်နက်ကိုင်အဖွဲ့ကတော့   ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်မှာကို  ထောက်ခံကြောင်း၊  မြန်မာနိုင်ငံရဲ့ အသံကို နားထောင်ပေးကြဖို့လိုကြောင်း နိုဝင်္ဘာ ၃ဝ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက် အပြည့်အစုံကိုလည်း အစိုးရအာဘော်သတင်းစာက အပြည့်အစုံ ဖော်ပြထားတာ တွေ့ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။