တိုင်းရင်းသား တန်းတူညီမျှတဲ့ အခြေအနေရောက်အောင် ဘယ်လိုဆောင်ရွက်မလဲ

0:00 / 0:00

မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ ဗမာတွေဟာ လူမျိုးကြီးဝါဒကျင့်သုံးနေတယ်လို့ တိုင်းရင်းသားတွေက ရှုမြင်ကြ ပါတယ်။ ဒီကိစ္စနဲပတ်သက်ပြီး တိုင်းရင်းသားတွေ အခုချိန်မှာပွင့်ပွင့်လင်းလင်း ထုတ်ဖေါ် ပြောဆိုမှုတွေရှိလာပြီး တိုင်းရင်းသားတွေ အခွင့်အရေးတန်းတူညီမျှတဲ့ အခြေအနေ ရောက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဘယ်သ့ူတာဝန်လည်းဆိုတာ မေးခွန်းထုတ်နေကြပါတယ်။ ဦးတင်အောင်ခိုင် က ဆက်လက်တင်ပြပါမယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အစိုးရအဆက်ဆက် တိုင်းရင်းသားအရေးကို ဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ပေးပါတယ်ဆိုတဲ့ပြောဆိုမူတွေကိုလည်း တွင်တွင် ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ လူနည်းစုတိုင်းရင်းသားတွေကတော့ နင်းပြားဘဝမှာဘဲ ရောက်ရှိ နေကြစဲလို့ ဝေဖန်မှုတွေကတော့ လျော့ကျ မသွားခဲ့ပါဘူး

ဒီအခြေအနေမှာ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး NLD အစိုးရလက်ထက်မှာ တောင်းဆိုမူတွေ ကန့်ကွက်မူတွေ ပေါ်ပေါ်ထင်ထင် ရှိလာပါတယ်။ မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်း ဒေသခံတွေက မိမိတို့ ဒေသက သဘာ၀ oယံဇာတကို ဒေသခံတွေ ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ ဆန္ဒထုတ်ဖေါ်မူတွေရှိခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ် မှာ မော်လမြိုင်နဲ့ ဘီလူးကျွန်း ဆက်သွယ်တဲ့ သံလွင်တံတား ကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့နာမည်ပေးတာနဲ့ပတ်သက်ပြီး ဒေသခံတွေကန့်ကွက်ခဲ့ကြပါတယ်။ အလားတူ ဗန်းမော်မြို့မှာ ဖွင့်လှစ်မဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုဖွင့်ပွဲနဲ့ပတ်သက်ပြီး ကန့်ကွက်မူတွေလည်း ရှိနေပါတယ်။

မော်လမြိုင် ဘီလူးကျွန်း တံတားနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က အလျော့ပေးလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည် မပေးသင့်ကြောင်း လူမူရေးစာမျက်နှာမှာ စတင်ရေးခဲ့သူ ပြည်နယ်လွတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး ကအခုလိုပြောပါတယ်။

"ကျနော်ရေးလိုက်တဲ့ပေါ်မှာ ဂယက် တော်တော်ရိုက်သွားတယ်၊ အဲ့ဒါနဲ့ လူမူအဖွဲ့အစည်း အသီးသီးတွေ သံဃာတော် အဖွဲ့အစည်းတွေရော အများကြီးပေါ့နော်၊ ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီးတော့ သတ်မှတ်တာကို နောက်တနေ့မှာဘဲ ၈-ရက်နေ့မှာ စာတွေတင်ကြ ဖုန်းနဲ့ ဆက်သွယ်ကြ၊ တချို့ဆိုလည်း ပြည်နယ်အစိုးရအထိသွားပြီးတွေ့ဆုံကြ၊ အဲ့ဒါမျိုး လုပ်ကြတာပေါ့၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကလည်း မနေ့က အစည်းအဝေးထိုင်ပြီး ဒါတော့ မလုပ်သင့်ဘူး ပဋိပက္ခဖြစ်စေမဲ့ မတည်မငြိမ်ဖြစ်စေမဲ့ ကိစ္စမျိုးတွေ မလုပ်သင့်ဘူးဆိုပြီး ဆုံးဖြတ်တယ်၊ ဝန်ကြီးချုပ်က ကျနော်ဆီလည်း ဖုံးဆက်ပြီး အများလက်ခံနိုင်တဲ့ အမည်မျိုးကိုဘဲရွေးချယ်ပေးသွားပါမယ်လို့ ပြောပါတယ်။ "

ဒေါက်တာအောင်နိုင်ဦးပြောပြတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မွန်လူငယ်အဖွဲ့ဝင် ကိုမင်းအောင်ထူး ကတော့ ဒေသခံတွေအနေနဲ့ တံတားကို မွန်အမျိုးသားတွေ ရဲ့ ရိုးရာ အထိမ်းအမှတ် အမည်ပေးသင့်တယ်လို့ပြောပါတယ်။

" ဒေသခံတွေ အနေနဲ့ မြင်တာက ဒီလိုအချိန်မှာပေါ့လေ၊ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အထိမ်းအမှတ်တွေ သင်္ကေတတွေက ဒါနေရာတိုင်းမှာရှိပြီးသား ဖြစ်တယ်ပေါ့၊ တကယ်လို့နာမည်ပေးခြင်းအတူတူ ဒီဒေသ ဒါမှမဟုတ် မွန်လူမျိုးတွေရဲ့ အထင်ကရ နာမည်တခု ပိုပြီးတော့ သင့်လျော်မယ်ဆိုတဲ့ အယူအဆအနေနဲ့ ဒါကို ကန့်ကွက်တယ်ဆိုတဲ့ သဘောပေါ့ "

နောက်တခုက တော့ အခုလိုတံတားတည်ပြီး နာမည်ပေးတာမျိုးကို ဒေသခံတွေထံကအကြံဉာဏ်နဲ့ အမြင်ကိုလည်း တောင်းသင့်တယ်။ အခုပုံစံက ဗမာလူမျိုးကဘဲ လူမျိုးကြီးပုံစံနဲ့ စိတ်ကြိုက်အရောင်ချယ်နေတာမျိုးခံစားရတယ်လို့ ဆိုပါတယ်။ ဒေါက်တာအောင်နိုင်ဦးကတော့ အခုလို စိတ်အခြေအနေမျိုးတွေကြောင့် တိုင်းရင်းသားတွေရဲ့ ယုံကြည်မူကို မရဘဲငြိမ်းချမ်းရေးဟာလည်း ဝေးနေအုံးမှာဖြစ်တယ်လို့ဆိုပါတယ်။

"လူအများစုရဲ့ အသံချည့်ဘဲနားထောင်ပြီးတော့ ဒါမှန်တယ်လို့ ယူဆလို့ မရဘူး မကြားနိုင်တဲ့ ဒါမှမဟုတ် အသံတိုးတဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးကို ငါတို့ ဘယ်လိုအကာကွယ်ပေးမလည်း အသိအမှတ်ပြုမလဲ သူတို့ အတွက်ကိုလည်းအခွင့်အလမ်း ဘယ်လိုစဉ်စားပေးမလည်းဆိုရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာမယ်၊ အဲ့ဒီတော့ ဒီလိုမျိုး ပြဿနာတွေက တဖြည်းဖြည်းဖြည်းနဲ့ တက်နေတာ၊ ဒါမဟုတ်တရိပ်ရိပ်နဲ့ ဖြစ်နေတာ၊ တငွေ့ငွေ့နဲ့ လောင်ကျွမ်းနေတာ ကတော့ ကျနော်တို့ရဲ့ အစဉ်အဆက်ကို တည်ဆောက်လိုတဲ့ ယုံကြည်မူ အပြန်အလှန်လေးစားမူ အပြန်အလှန် အသိအမှတ်ပြုမူဘာမှ မရဘူး၊ မရမခြင်းကတော့ ငြိမ်းချမ်းရေးအတွက် လုပ်မဲ့ ဆွေးနွေးပွဲတွေ ဘယ်လိုပြောမလဲ ဟန်ပြဒါဘဲဖြစ်နေတယ်၊ ယုံကြည်မူတည်ဆောက်လို့မရမခြင်းကတော့ ငြိမ်းချမ်းရေးက ဘယ်လိုမှဆက်ပြီးတည်ဆောက်လို့ရမှာမဟုတ်ဘူး "

ဒေါက်တာအောင်နိုင်ဦးပြောသွားတာပါ။ အလားတူ ပြဿနာမျိုး ကချင်ပြည်နယ်မှာဖြစ်ပေါ်နေပြီး မြစ်ကြီးနားလို့မြို့က တံတားကို ဗညားဒလ လို့ နာမည်ပေးခဲ့တာကို ကချင်တိုင်းရင်းသား တွေ မကျေမနပ်ဖြစ်ခဲ့ပါတယ်။ အလားတူ ဗန်းမော်မြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ကန့်ကွက်မူတွေလည်း ရှိနေပါတယ်။ ကချင်တိုင်းရင်းသား တရားလွှတ်တော် ရှေ့နေ ဦးခွန်နောင်ကတော့ ……

"ခုဟာ ဗျာ ကျနော်တို့ တိုင်းရင်းသားတွေကတော့ ဒီဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတို့ အဲ့ဒါတွေကို မလိုချင်ဘူး ဒါတွေဟာ ရုပ်ပြသဘောဘဲရှိတယ်၊ ဟန်ပြသဘောဘဲရှိတယ်၊ အဓိက တိုင်းရင်းသားတွေလိုချင်နေတာက ဗိုလ်ချုပ်ထားခဲ့တဲ့ ဂတိကဝတ်ကို အကောင်အထည် ဖေါ်တာကိုဘဲ လိုချင်ကြတာပေါ့လေ ဟန်ပြနဲ့ လာလုပ်တဲ့ ကိစ္စကို တိုင်းရင်းသားတွေကလည်း နှစ်ပေါင်းမြောက်များစွာခံလာခဲ့ရတော့ အဲ့ဒီ ဟန်ပြလုပ်တဲ့ ကိစ္စတွေကို ဘယ်လိုမှ လက်မခံနိုင်တော့တဲ့ အနေအထားတွေဖြစ်နေတာပေါ့ "

လက်ရှိမှာတော့ အာဏာပိုင်တွေဘက်က တိုင်းရင်းသား အရေးကိုဘယ်လို ဆောင်ရွက် နေပါတယ်လို့ ပြောပြော တိုင်းရင်းသားတွေဟာ အပစ်ပယ်ခံအနေအထားမျိုးသာဖြစ်ကြပါတယ်။

"မိုးလေဝသ သတင်းတွေကြေငြာရင်တောင်မှ ရန်ကုန်မြို့ အနီးတဝိုက်မှာ သာယာပါမယ် မိုးရွာပါမယ်လို့ပြောတယ်၊ ဒါပေမဲ့ ကျနော်တို့ တိုင်းရင်းသား ဒေသတွေကိုတော့ ဘယ်တော့မှ မိုးလေဝသအကြောင်းတောင်မှ မပြောတဲ့အဆင့်ဖြစ်နေတာပေါ့၊ ဟိုတနေ့ကလည်း ပညာရေးဝန်ကြီးက ပြောတယ် ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် အသုံးမကျတဲ့ဆရာ ဆရာမတွေကို ဝေလံခေါင်ဖျား တဲ့ တိုင်းရင်းသား ဒေသတွေကို ပို့မယ်လို့ပြောတယ်၊ တိုင်းရင်းသားဒေသတွေမှာ ဖယ်ကျဉ်ခံနေရတဲ့ အခြေအနေတွေက ကျနော်တို့မှာ မခံစားနိုင်လောက်အောင်ကို ဖြစ်နေတာပေါ့ "

တရားလွှတ်တော်ရှေ့နေ ဦးခွန်နောင်ပြောပြတာပါ။ ခုချိန်မှာ တိုင်းရင်းသားတွေ စိတ်ထဲမှာ ပိုပြီၤးနာကျင်စေတာက စစ်ပွဲတွေမရပ်တန့်နိုင်တာပါ။ လက်ရှိမှာပြည်သူတင်မြောက်တဲ့အစိုးရဟာ ပြည်သူ့ဆန္ဒကို မမြင်တဲ့ အခြေအနေလို့ ဝေဖန်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူနဲ့ တွေ့ဆုံပွဲတွေမှာ မေးခွန်းတွေအမေးခံ ခဲ့တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ် ဖါးကန့်က အမျိုးသား လွှတ်တော်ကိုယ်စလှယ်ဦးတင်စိုးပြောပြတာက

"အထူးသဖြင့် ကချင်တိုင်းရင်းသားတွေကဘာပြောကြလည်းဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ ပေါင်းသွားပြီပေါ့၊ ကျနော်တို့ ဒီမိုကရေစီအစိုးရလက်ထက်ရောက်တဲ့ အခါမှာ ကျနော်တို့ခေါင်းဆောင်ကမပြောဘူးဆိုပြီးပြောတာတွေ ကျနော်တို့နဲ့ တွေ့ဆုံပွဲတွေမှာ မေးမြန်းတာတွေ ကျနော်တို့ ကြုံရပါတယ်။ အဲ့တော့ ကျနော်တို့လည်းရှင်းပြပါတယ်။ တပ်မတော်နဲ့အစိုးရကို ကွဲကွဲပြားပြားမြင်ပေးဘို့ တိုင်းရင်းသားတွေဘက်ကလည်း ပွင့်လင်းလာတဲ့ အနေအထားတွေပေါ်မှာ သူတို့ရဲ့ သဘောထား ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ အနေအထားလေးတွေ လည်းရှိပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီနိုင်ငံရဲ့ အနေအထားနဲ့ လက်ရှိ NLD အစိုးရရဲ့ အနေအထားကလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တော့ ကျနော်တို့ ဘယ်လိုမှ လွန်ဆန်လို့ မရတဲ့ အနေအထားလေးတွေ ရှိနေတာလေးတွေကိုတော့ ပြည်သူတွေကို ကျနော်တို့ က သိစေချင်ပါတယ်။ "

အမျိုးသားလွှတ်တော်ကိုယ်စလှယ် ဦးတင်စိုးပြောပြတာပါ။

တကယ်က တိုင်းရင်းသားတွေ ခံစားနေရတာတွေ အပြင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး တကယ်ရရှိ ဘို့ဆိုတာဟာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်မှရရှိလာမှာဖြစ်ပြီး ဒီအတွက်ကတော့ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်တယ်လို့ ယုံကြည်သူ များပါတယ်။ ဒီနေရာမှာ ပြင်လို့မရအောင်စီမံထားတယ်ဆိုတဲ့ ဖွဲ့စည်းပုံကို ပြင်ဘို့အတွက်က ဒေါ်အောင်ဆန်းစုကြည် တခါကပြောခဲ့တဲ့ တပ်မတော်သား တစ်ဦး လိုအပ်နေတာအမှန်ဖြစ်ပါတယ်။ အဲဒီ တပ်မတော်သား ဆိုသူကတော့ မြန်မာနိုင်ငံမှာ လူနည်းစု တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးကို တကယ့် ကိုလိုလားသိမြင်တဲ့ တပ်မတော်သား ဖြစ်နေရမှာပါခင်ဗျား-