မိုးညိုက လယ်သမားတွေ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရ

RFA Burmese
2024.07.26
မိုးညိုက လယ်သမားတွေ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရ ပဲခူးတိုင်းအနောက်ခြမ်း မိုးညိုမြို့နယ်တွင် ရေကြီးနစ်မြုပ်နေသည့် လယ်ယာစိုက်ခင်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ကတည်းက ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာတာကြောင့် မြစ်ကမ်းဘေးက နှမ်းစိုက်ခင်းတွေနဲ့ ကျေးရွာတွေ ရေလွှမ်းသွားပါတယ်။ မိုးညိုမြို့နယ်က ကျေးရွာအုပ်စု ၄၂ စုရဲ့ သုံးပုံနှစ်ပုံခန့် ရေမြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ တစ်မြို့နယ်လုံးမှာ နှမ်းဧက နှစ်သောင်းခန့်ရှိပြီး အဲဒီထဲက ဧကတစ်သောင်းခန့် ရေဝင်ပျက်စီးသွားတာဖြစ်ပါတယ်။

အဲဒီထဲမှာ နှမ်းစိုက်ခင်း ငါးဧကပျက်စီးသွားတဲ့ မိုးညိုမြို့နယ် လက်ပံခုံကျေးရွာအုပ်စုက လယ်သမားတစ်ဦးက သူတို့ကျေးရွာအုပ်စုတစ်ခုလုံး ရေဖုံးနေတယ်လို့ ပြောပါတယ်။

“ဒီစိုက်ပျိုးမြေတွေရော ရွာမြေတွေရောပေါ့။ အကုန်လုံး ရေလွှမ်းနေတာလေ။ စိုက်ပျိုးမြေတွေက မိုးကြိုသီးနှံရှိတယ်။ မိုးကျမှ စိုက်ပျိုးတဲ့ မိုးကျသီးနှံတွေ ရှိတယ်ပေါ့။ အဓိကကတော့ မြေပဲ၊ နှမ်းပေါ့။ များတာကတော့ နှမ်းစိုက်ပျိုးတာ ပိုများတယ်လေ။ အဲဒါတွေကတော့ အကုန်လုံးဆုံးရှုံးတာပေါ့”

ငါးဧကပျက်စီးသွားတဲ့ သူ့အနေနဲ့ ငွေကျပ် သိန်းငါးဆယ်ခန့် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ပြောပါတယ်။

လက်ပံခုံကျေးရွာအုပ်စုမှာဆိုရင် ကျေးရွာ ခြောက်ရွာက နှမ်းစိုက်ဧက တစ်ထောင်နီးပါး ရေလွှမ်းပျက်စီးသွားတာလို့လည်း ဆိုပါတယ်။

“စိုက်ခင်းတွေလည်း ပျက်စီးသွားတာကြောင့် စားဝတ်နေရေး အကျပ်အတည်းပါ ကြုံနေရတယ်”

အဲဒီဒေသတွေမှာ ဩဂုတ်လဆိုရင် မြစ်ရေက ပုံမှန်အများဆုံး သုံးပေခန့်အထိသာ မြင့်တက်လေ့ရှိပြီး ဒီနှစ်မှာတော့ ဇူလိုင်လကတည်းက စံချိန်တင် ခြောက်ပေခန့်အထိ မြင့်တက်ခဲ့တာပါ။

ဒါကြောင့် နှမ်းစိုက်ခင်းတွေရိတ်သိမ်းဖို့ အချိန်မရလိုက်ဘဲ တော်တော်များများ ပျက်စီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီရေဘေးကြောင့် နောက်ဆက်တွဲကြုံရမဲ့အခက်အခဲကတော့ လာမဲ့နှစ် စိုက်ပျိုးရာသီမှာ ငွေကြေးအကျပ်အတည်းနဲ့ ကြုံရတော့မယ်လို့ ညောင်လေးပင်ရွာအုပ်စုက ဒေသခံ လယ်သမားတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ ငွေရေးကြေးရေးပြဿနာပေါ့ဗျာ။ တောင်သူလယ်သမား ငွေမရှိရင် အတိုးနဲ့ဆွဲရတာပေါ့။ ငါးကျပ်တိုး၊ ခြောက်ကျပ်တိုး၊ တစ်ဆယ်တိုးနဲ့ယူပြီးတော့ လုပ်ရတာပေါ့။ ကျွန်တော်တို့ တောင်သူတွေက မရှိတော့ ရှိတာ ထုတ်ပေါင်ပေါ့ဗျာ။ တော်တော်လေး အခက်အခဲတွေနဲ့ ကြုံနေရတယ်။ တော်တော်ဆုံးရှုံးကြပါတယ်”

သူကတော့ စိုက်ထားတဲ့ နှမ်းခြောက်ဧကမှာ လေးဧကခန့်ပျက်စီးသွားပြီး နှစ်ဧကပဲ ရိတ်သိမ်းလိုက်နိုင်ပါတယ်။

“လတ်တလော သောက်သုံးရေအတွက် မိုးရေကိုသုံးစွဲနေရသလို မိုးမရွာရင် အဲဒီမြစ်ရေကိုပဲ အကြည်ခံပြီး သုံးနေရပါတယ်”

ဒေသခံတွေဟာ ရေဘေးဒဏ်ကြုံရတဲ့အပြင် စိုက်ခင်းတွေလည်း ပျက်စီးသွားတာကြောင့် စားဝတ်နေရေး အကျပ်အတည်းပါ ကြုံနေရတယ်လို့ မိုးညိုမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အရင်းအနှီး မရှိတော့ အဆင်ပြေအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ရတာပေါ့။ စားရေးသောက်ရေးအတွက် ပိုစိတ်ညစ်ရတာပေါ့။ ဈေးနှုန်းတွေက အကုန်တက်။ ဘာအကူအညီမှ အခုရက်ထဲ မလာသေးဘူး။ အောင်မလေး ဒုက္ခတွေကတော့ အကြီးအကျယ်ကို ဒုက္ခရောက်တာပဲ”

မိုးညိုမြို့နယ်မှာ စိုက်ခင်းတွေအပြင် နေအိမ်တွေလည်း ရေလွှမ်းသွားတာ ဖြစ်ပါတယ်။ နေအိမ် ရေဝင်နေတဲ့ဒေသခံတွေက ဝါး၊ မိုးကာဖျင်တွေနဲ့ ယာယီတဲတွေထိုးပြီး ဘေးလွတ်ရာပြောင်းရွှေ့နေရတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း မိုးညိုမြို့နယ်တွင် ရေကြီးနစ်မြုပ်နေသည်ကို  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
ပဲခူးတိုင်းအနောက်ခြမ်း မိုးညိုမြို့နယ်တွင် ရေကြီးနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

ဒါ့အပြင် လတ်တလော သောက်သုံးရေအတွက် မိုးရေကိုသုံးစွဲနေရသလို မိုးမရွာရင် အဲဒီမြစ်ရေကိုပဲ အကြည်ခံပြီး သုံးနေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဆင့်ဆင့်ကတော့ တချို့ရွာတွေမှာ ပျက်စီးဆုံးရှုံးသွားတဲ့အခြေအနေတွေ စာရင်းကောက်ယူနေပေမဲ့ အခုချိန်တော့ နှမ်းစိုက်ခင်းဆုံးရှုံးသွားတဲ့ လယ်သမားတွေကို ကူညီထောက်ပံ့မှုတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်းတစ်ရာကျော် ပိတ်ထားရ

ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းနဲ့ မကွေးက သီးနှံစိုက်ခင်း ဧကနှစ်သောင်းကျော် ပျက်စီး

ဧရာဝတီတိုင်းက မြို့နယ်သုံးခုမှာ ရွာနှစ်ရာနီးပါး ရေနစ်မြုပ်နေ

ရေကြီးမှုကြောင့် စစ်ကိုင်းနဲ့ ကချင် မြို့နယ်ခြောက်ခုမှာ ကုန်ပစ္စည်းပြတ်လပ်နေ


စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းကတော့ ကောက်ပဲသီးနှံပျက်စီးသွားတဲ့ လယ်သမားတွေကို ကူညီထောက်ပံ့ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“သူတို့ပျက်စီးတဲ့အပေါ် မူတည်ပြီးတော့ တန်ဖိုးပြန်လျော်တာ ရှိပါတယ်။ ဒါကတော့ တိုင်းဒေသကြီးအစိုးရတွေ လုပ်မှာပါဗျ။ နိုင်ငံတော်က အရေးပေါ် ထောက်ပံ့ငွေ ပေးပါလိမ့်မယ်”

မိုးညိုမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့် နှစ်စဥ်လိုလို ရေကြီးနစ်မြုပ်တာ၊ ကမ်းပါးပြိုတာတွေကို ကြုံရပါတယ်။ ဒီနှစ် ရေကြီးတာကတော့ နှမ်းစိုက်ခင်းတွေအပါအဝင် ကောက်ပဲသီးနှံတွေ ဆုံးရှုံးခဲ့တာကြောင့် ဒေသခံတွေ အကူအညီ လိုအပ်နေကြပါတယ်။

ဇူလိုင်လအတွင်း ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေ ကြီးတာကြောင့်လည်း စစ်ကိုင်းတိုင်း ကနီ၊ မြောင်၊ ဆားလင်းကြီးနဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တွေမှာ သီးနှံစိုက်ခင်း နှစ်သောင်းကျော်နဲ့ ကွမ်းခြံ ငါးရာကျော် ရေဝင်နစ်မြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။