NUG အောင်မြေသာစံဖက်ဒရယ်ကျောင်းက ဆရာ၊ ဆရာမ ၁၅ ဦးအဖမ်းခံရ

Federal School Of Aung Myay Thar Zan အမည်ဖြင့် Online မှပညာသင်ကြားသည့် ဆရာ၊ ဆရာမများအား ဖမ်းဆီးရမိကြောင်း ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။
Federal School Of Aung Myay Thar Zan အမည်ဖြင့် Online မှပညာသင်ကြားသည့် ဆရာ၊ ဆရာမများအား ဖမ်းဆီးရမိကြောင်း ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။ (Myanmar Military)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ပညာသင်ကြားရေး ကျောင်း တစ်ကျောင်းဖြစ်တဲ့ အောင်မြေသာစံ ဖက်ဒရယ်ကျောင်း (Federal School Of Aung Myay Thar Zan) က ဆရာ၊ ဆရာမ ၁၅ ဦး ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်က ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၂၀ အရွယ်ကနေ ၄၀ အရွယ်ရှိတဲ့ မအိရွှေစင်မြင့်၊ ဒေါ်တင်တင်လတ်၊ ဒေါ်စန်းစန်းဝင်း၊ ဒေါ်ခိုင်မာသန်း၊ မနေကြည်ဝင်း၊ မခင်ကြည်မာဝေ၊ ဒေါ်အေးမြတ်မွန်၊ ကိုကျော်စန်းထွေး၊ ကိုဇော်မျိုးထွန်း၊ မခင်နွယ်ဦး၊ မခိုင်မာဖြိုး၊ မယဉ်ယဉ်မင်း၊ မခင်မြတ်နိုး၊ မအိအိအောင်နဲ့ မချောစုသန်းတို့ ဖြစ်ပါတယ်။

"သူတို့မှာ ဘာအပြစ်ရှိသလဲ။ ပညာသင်ကြားပေးတာဟာ အပြစ်ရှိပါသလား"

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ကျောင်းတာဝန်ခံ မအိရွှေစင်မြင့် အပါအဝင် ဆရာမ လေးဦးကို နေအိမ်တွေကနေ ကနဦးဖမ်းဆီးခံရပြီး နောက်ထပ် ဆရာ၊ ဆရာမတွေပါ ဆက်တိုက်ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

အဲဒီကျောင်းမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေဟာ နာမည်ဝှက်တွေနဲ့ သင်ကြားနေကြတာဖြစ်ပေမယ့် ကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ ပေါက်ကြားမှုကြောင့် ဖမ်းဆီးခံရတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မန္တလေးမြို့က CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

"အောင်မြေသာစံကျောင်းက ဆရာ၊ ဆရာမတွေ ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ တချို့ဆရာမတွေ အဖမ်းခံရတယ်လို့ သတင်းရရချင်း ရှောင်လိုက်တော့ စကစလက်က လွတ်သွားပါတယ်။ အမှန်အတိုင်းပြောရရင် ဒီကျောင်းတည်ထောင်ထားတယ်ဆိုတာ စစ်ကောင်စီက သတင်းရကတည်းက သူတို့သေချာ စုံစမ်းနေတာ။ ကျောင်းသားမိဘ အသွင်ယူပြီး ကျောင်းမှာ လာအပ်တယ်။ ပြီးတော့ ဆက်တိုက်ဖမ်းဆီးတော့တာပဲ၊ ကျောင်းမှာ နာမည်ဝှက်တွေနဲ့ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေကို နေအိမ်တွေထိ ဝင်ဖမ်းတယ်ဆိုတာ ကျောင်းက သတင်းအချက်အလက် ပေါက်ကြားတာကနေ တခြားမရှိနိုင်ပါဘူး"

ဖမ်းဆီးခံလိုက်ရတဲ့ ဆရာ၊ ဆရာမတွေနဲ့အတူ စာသင်ကြားရာမှာ အသုံးပြုတဲ့ ကွန်ပျူတာနဲ့ တခြားဆက်စပ်ပစ္စည်းတချို့ပါ သိမ်းဆည်းခံလိုက်ရတာလို့ သူက ဆိုပါတယ်။

အဲဒီ ကြားကာလ ပညာသင်ကြားရေးကျောင်းကို ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက အွန်လိုင်းစနစ်နဲ့ ဖွင့်လှစ်သင်ကြားပေးနေတာပါ။ ဒီကျောင်းမှာ စစ်ကောင်စီ ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အတန်းစုံ ပညာသင်ကြားပေးနေ တာလို့လည်း မန္တလေးမြို့က ဒေသခံတွေက ပြောပါတယ်။

ဆရာ၊ ဆရာမတချို့ ဖမ်းဆီးခံရပြီးနောက်ပိုင်း အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေလည်း ဘေးလွတ်ရာတွေကို တိမ်းရှောင်နေရတယ်လို့ အောင်မြေသာစံ ဖက်ဒရယ်ကျောင်း (Federal School of Aung Myay Thar Zan) မှာ ကျောင်းအပ်ထားတဲ့ မန္တလေးမြို့က ကျောင်းသားမိဘ တစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးက အဲဒီမှာကျောင်းတက်နေတာ သိပ်မကြာသေးပါဘူး။ အခုအနေအထား ကတော့ ကျောင်းသား မိဘတွေရော၊ ကလေးတွေပါ ရှောင်နေတိမ်းနေရတာပေါ့။ ဆရာမတွေ အဖမ်းခံရတယ်လို့ ကြားကတည်းက ကျမတို့ အကောင့်တွေလည်း ဖျက်ထားတယ်။ အဆက်အသွယ်တွေလည်း အကုန်ဖျက်လိုက်တယ်။ အဲဒါလည်း စိတ်မချလို့ နေရာတွေကနေရွှေ့ပြီး ရှောင်တိမ်းနေကြတာပေါ့"

ဆရာ၊ ဆရာမ ၁၅ ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဧပြီလ ၅ ရက် ဒီနေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာမှာ NUG ရဲ့ စေခိုင်းချက်အရ တရားမဝင် စာသင်ကြားမှုမှာ ပါဝင်နေတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။ ငွေကြေးထောက်ပံ့သူတွေ၊ ပူးပေါင်းပါဝင်ဆောင်ရွက်သူတွေအပြင် ကျောင်းအပ်တဲ့ ကျောင်းသား မိဘတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုပါ ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ပါရှိပါတယ်။

စစ်ကောင်စီက ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးအရေးယူနေ တာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ အတွင်းရေးမှူး ဦးအောင်မြတ်မိုးက ပြောပါတယ်။

"ပညာသင်ကြားတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတယ်ဆိုတဲ့ ကိစ္စကတော့ လူတိုင်း လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင် တင်းတင်းကို ချိုးဖောက်နေတာလည်းဖြစ်တယ်။ ဒီဆရာ၊ ဆရာမတွေဟာ ငြိမ်းချမ်းစွာ ပညာသင်ကြားနေတာကိုပဲ သီးသန့်ဆောင်ရွက်နေတာဖြစ်တယ်။ အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ထောက်ပံ့တယ်ဆိုတာက စစ်ကောင်စီရဲ့ စွပ်စွဲချက်တစ်ခုပဲဖြစ်တယ်။ ဒီလိုမျိုး ဆက်လုပ်နေတာတွေကို နိုင်ငံတကာ အဖွဲ့အစည်းနဲ့ UN က ဝင်ရောက် စွက်ဖက်သင့်ပြီလို့ ထင်တယ်။ အခုအချိန်ထိ ဘာမှမလုပ်နိုင်သေးတဲ့ အခါမှာ စစ်ကောင်စီဘက်က ပိုပိုပြီး ဆိုးလာတယ်ပေါ့"

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်က ပညာရေးစနစ်ကို သပိတ်မှောက်ထားတဲ့ နိုင်ငံတစ်ဝန်းက ကျောင်းသူ၊ ကျောင်းသားတွေ အတွက် NUG အစိုးရ ပညာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှာ ကြားကာလ ပညာ သင်ကြားရေး ကျောင်းတွေကို CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွင့်လှစ်သင်ကြားနေတာပါ။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန လက်အောက်မှ ဆောင်းရာသီ အားကစားပွဲတော် ဆုချီးမြှင့်သည့် အခမ်းအနားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန လက်အောက်မှ ဆောင်းရာသီ အားကစားပွဲတော် ဆုချီးမြှင့်သည့် အခမ်းအနားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ် သန်းနဲ့ချီရှိနေပြီး ဒီကလေးတွေအတွက် ပညာသင်ကြားနေတာဖြစ်လို့ အခုဖမ်းဆီးခံရတဲ့ ဆရာ၊ ဆရာမတွေမှာ ဘာအပြစ်မှ မရှိဘူးလို့ NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန်က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ကျောင်းမတက်ရတဲ့ ကလေးသန်းချီရှိနေပါတယ်။ ကျမတို့ပညာရေးဟာ ခရိုက်စစ်ဖြစ်နေတာပါ။ ဒီလိုမျိုး ကြားကာလမှာ ပညာသင်ကြားရေးကို ဖြစ်တဲ့နည်းနဲ့ သင်ကြားပေးနေမယ်ဆိုပြီး ပညာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေဖြစ်ပါတယ်။ သူတို့မှာ ဘာအပြစ်ရှိသလဲ။ ပညာသင်ကြားပေးတာဟာ အပြစ်ရှိပါသလား။ အဲဒီမေးခွန်း ကျမမေးချင်ပါတယ်။ ပညာရေးဟာ လူ့အခွင့်အရေးဖြစ်တယ်။ ကလေးတွေအားလုံးဟာ ပညာသင်ကြားခွင့် ရှိရမှာဖြစ်ပါတယ်၊ ကျမတို့ဟာ ပညာရေးနဲ့ပတ်သက်ပြီး ပိတ်ပင်တားဆီးတာမျိုး မလုပ်ခဲ့ပါဘူး။ ပညာရေးဟာ အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့မူကို လက်ကိုင်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကဟာ အင်မတန်မှ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်လို့ ရှုတ်ချပါတယ်"

စစ်ကောင်စီ အာဏာသိမ်းပြီး လက်နက်ကိုင် ခုခံမှုပြင်းထန်တဲ့ ဒေသတွေနဲ့ ပညာရေး ဝန်ထမ်း မလုံလောက်တဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေ အများအပြား ပိတ်ထား ခဲ့ရပါတယ်။

စစ်ကောင်စီကတော့ NUG ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ လည်ပတ်နေတဲ့ ကြားကာလ ပညာသင် ကျောင်းတွေမှာ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို လိုက်လံဖမ်းဆီးနေတာ ဖြစ်ပြီး အခုဆိုရင် NUG ကျောင်းတွေမှာ ပညာသင်ကြားမှုနဲ့ အဖမ်းခံရတဲ့ ဆရာ၊ ဆရာမ ၂၅ ဦးထက်မနည်းရှိနေတယ်လို့ CDM ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။