တိုက်ပွဲကြောင့် ဖလမ်းမြို့ခံကိုးထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရ

RFA Burmese
2024.10.31
တိုက်ပွဲကြောင့် ဖလမ်းမြို့ခံကိုးထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရ နေရပ်စွန့်ခွာထွက်ပြေးကြသည့် ချင်းစစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်ကစပြီး ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစဖြစ်ခဲ့တာကြောင့် မြို့ပေါ်မှာနေထိုင်သူတွေထဲက ကိုးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်လေးခုမှာရှိတဲ့ လူဦးရေတစ်သောင်းကျော်ထဲက ကိုးထောင်ကျော်ဟာ ဘေးလွတ်ရာရွာတွေနဲ့ ဟားခါးနဲ့ ကလေးမြို့အပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကိုပါ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ခံအမျိုးသားနှစ်ဦး၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာ တောင်ယာလုပ်နေတဲ့ အမျိုးသမီးနှစ်ဦးတို့ လက်နက်ကြီးထိမှန်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"၂၀၂၄ မကုန်ခင်မှာ မြို့တွင်းစစ်ဆင်ရေး မြို့သိမ်းနိုင်ဖို့ရန်အတွက်လည်း ကျွန်တော်တို့ ကြိုးစားနေတဲ့ အခြေအနေဖြစ်ပါတယ်"

အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီလိုထိခိုက်မှုတွေကြောင့် ဒေသခံအများစု ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာလို့ ဖလမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အရပ်သားထိခိုက်မှုက ဒဏ်ရာရတဲ့သူရှိတယ်၊ သေဆုံးတဲ့သူက တစ်ယောက် စသဖြင့်ရှိလာတော့ ကြီးကြီးကျယ်ကျယ် မြို့သိမ်းတိုက်ပွဲကြီး ဆင်နွှဲတာမဟုတ်ပေမဲ့ အဲသလို ကျည်လေကျည်လွင့်တို့၊ လက်နက်ကြီး အပိုင်းအစထိမှန်တာတို့ အရပ်သားထိခိုက်သေဆုံးမှု များနေတဲ့အတွက်ကြောင့် ပြည်သူတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းပြေးနေရတဲ့ အနေအထားရှိပါတယ်"


ဆက်နွှယ်သောသတင်းများ

ဖလမ်းမြို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ဖလမ်းမှာ လက်နက်ကြီးကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံး

အာဏာသိမ်းကာလ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော် သေဆုံး


ဝန်ထမ်းတွေနဲ့ ဈေးဆိုင်ဖွင့်ထားသူတွေပါ ထွက်ပြေးသွားကြပြီး ပြေးလွှားဖို့မလွယ်ကူတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အိမ်စောင့်ကျန်ခဲ့သူ တစ်ထောင်၀န်းကျင်သာ မြို့ထဲမှာရှိတော့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"Public Service ပိုင်းဆိုင်ရာပေါ့ ရေဖြန့်ဝေမှုပိုင်းတွေ နောက်ပြီးတော့ Health ကျန်းမာရေးကိစ္စတွေ ဆေးဆိုင်တွေလည်း အကုန်လုံးပြေးကုန်ပြီ။ နောက်ပြီးတော့ စည်ပင်တွေလည်းပြေးကုန်ပြီ၊ လျှပ်စစ်လည်း ပြေးတယ်လို့ကြားတယ်။ ဆိုင်တွေကလည်းတော်တော်ကြီး သိမ်းသွားကြပြီ၊ ပြေးကြပြီဆိုတော့ ဒီတိုင်းနေတဲ့သူ၊ ကျန်ခဲ့တဲ့သူတွေအတွက်ကတော့ အဆင်မပြေတော့ဘူးဗျာ"

နေရပ်စွန့်ခွာထွက်ပြေးကြသည့် ချင်းစစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
နေရပ်စွန့်ခွာထွက်ပြေးကြသည့် ချင်းစစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကတော့ နှစ်မကုန်ခင်မှာ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေတာလို့ RFA ကို ပြောပါတယ်။

"မူဝါဒချထားတဲ့အတိုင်းပဲပေါ့ ၂၀၂၄ အတွင်းမှာ ဒီဖလမ်းမြို့မက တခြားမြို့တွေကို ကျွန်တော်တို့ သိမ်းဖို့ရန်အတွက် ကြိုးစားနေတယ်၊ ၂၀၂၄ မကုန်ခင်မှာ မြို့တွင်းစစ်ဆင်ရေး မြို့သိမ်းနိုင်ဖို့ရန်အတွက်လည်း ကျွန်တော်တို့ ကြိုးစားနေတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်သူတွေ သတိဝီရိယနဲ့နေဖို့ နောက်ပြီးတော့ အဓိကတော့ သတိထားဖို့ပေါ့၊ အဲလိုမျိုး စာနဲ့တော့ထုတ်ပြန်တာမရှိဘူး။ ဒါပေမဲ့ ဗီဒီယိုနဲ့ ကျွန်တော်တို့ ထုတ်ပြန်ထားတာရှိပါတယ်"

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ မြို့ထဲကနေရာတွေမှာ ဖြန့်ကြက်နေရာယူထားတယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေဆိုခြင်းမရှိပါဘူး။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေ ဟာ မတူပီမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလနဲ့ ဆူခွာမြို့တွေကို ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေငါးသိန်းကျော်ရှိခဲ့ပေမဲ့ လက်ရှိ တိုက်ပွဲတွေကြောင့် ပြည်နယ်လူဦးရေတစ်၀က်ခန့် စစ်ဘေးရှောင်နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။