မြန်မာ့ပြည်တွင်းစစ်နဲ့ ဖက်ဒရယ်အနာဂတ်
2024.10.09
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ တိုင်းပြည်အတွက် အနာဂတ်မျှော်လင့်ချက်များအကြောင်း အပိုင်းငါးပိုင်းပါ RFA အထူးအစီအစဉ် နောက်ဆုံးပိုင်း ဖြစ်ပါသည်။(အင်္ဂလိပ်ဘာသာဆောင်းပါးဖတ်ရန်)
မြန်မာနိုင်ငံက လူနည်းစုတိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ မျှော်လင့်ချက်ဟာ နှစ်ပေါင်းရှစ်ဆယ်နီးပါး ရှိလာပါပြီ။ ဖက်ဒရယ်စနစ်ဆိုတာ အရေးပါတဲ့ စီမံအုပ်ချုပ်မှုအာဏာကို ပြည်နယ်အသီးသီးက ရယူထားပြီး၊ ဗဟိုက တိုက်ရိုက်စီမံအုပ်ချုပ်တဲ့ အစိုးရစနစ်မျိုးမှာ မရနိုင်တဲ့ လူနည်းစုတိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစေမယ့် အစိုးရစနစ်ပါ။
ပြီးခဲ့တဲ့ အနှစ်ရှစ်ဆယ်နီးပါး ကာလအတွင်း "ပြည်ထောင်စုမပြိုကွဲရေး" ဆိုတာကိုအကြောင်းပြပြီး စစ်တပ်ရဲ့ အကြိမ်ကြိမ် အာဏာသိမ်းမှုတွေက ဖက်ဒရယ်စနစ် ပေါ်ထွန်းရေးအတွက် အဟန့်အတား ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ လူနည်းစုတိုင်းရင်းသားတွေဟာ ဘယ်တုန်းကနဲ့မှ မတူအောင် စစ်အာဏာရှင်ကို တညီတညွတ်တည်း ဆန့်ကျင်တော်လှန်နေကြတဲ့အတွက် ဖက်ဒရယ်စနစ်ပေါ်ထွန်းဖို့ နီးစပ်လာပြီလို့ အတော်များများက ယူဆနေကြပါတယ်။ ပြည်သူတွေအတွက်၊ ပြည်သူတွေကိုယ်တိုင်ရွေးချယ်မယ့် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်ဖို့ အလားအလာနဲ့ပတ်သက်ပြီး သိနိုင်ဖို့ မူဝါဒချမှတ်သူတွေ၊ လေ့လာသုံးသပ်သူတွေ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံရေးသုတေသီတွေနဲ့ RFA က တွေ့ဆုံစကားပြောခဲ့ပါတယ်။
ဖက်ဒရယ်အတွက် စစ်တိုက်တာ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက လူငယ်အမြောက်အမြားဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ လက်နက်ကိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ အာဏာကို အကြမ်းဖက် အင်အားသုံးလုယူလိုက်တဲ့ စစ်အုပ်စုကို နှိမ်နင်းပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ တိုက်ပွဲဝင်နေတာလို့ တော်လှန်ရေးသမား လူငယ်အများစုက RFA ကို ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ဘာလီဟာ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေး ယုံကြည်ချက်အပြည့် ရှိနေသူပါ။
“ဖက်ဒရယ်စနစ် တကယ်ဖြစ်မလားဆိုတဲ့ ထင်မြင်ချက်နဲ့ ကျွန်တော်တို့က လုပ်နေတာမဟုတ်ဘူး။ ဖက်ဒရယ် ကိုပဲ ကျွန်တော်တို့က ဦးတည်ပြီးလုပ်နေတာ။ ဖက်ဒရယ်က လုံးဝဖြစ်လာမှာ။ ဖက်ဒရယ်အတွက်ကိုပဲ ကျွန်တော်တို့က စစ်တိုက်နေတာ” လို့ ရဲဘော်ဘာလီက ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ် KNU/ KNLA အရာရှိတစ်ဦးဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးစောကော် ကလည်း ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ကိုဖြစ်လာရမယ်လို့ ယုံကြည်ထားပါတယ်။
“ဒီစစ်ကောင်စီပြိုလဲသွားရင် ဒီတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံးက ဒီနိုင်ငံထဲမှာပဲ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေရမယ်ဆိုတော့ ဒီဖက်ဒရယ်ပြည်ထောင်စုကြီးက ဖြစ်ကိုဖြစ်ရမယ်လို့ ကျွန်တော်ယုံကြည်တယ်”
ကော်ဘရာ၊ ကျားသစ်နက်နဲ့ VENOM စစ်ကြောင်းသုံးကြောင်းကို ဦးစီးနေတဲ့ အသက် ၃၂ အရွယ် ဗိုလ်မှူး ဒါဘောကလည်း ပြည်သူလူထုအကျိုးအတွက် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဆက် လက်ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။
“ဒီပြည်သူတွေရဲ့အကျိုးအတွက် ကျွန်တော်တို့က ဆက်ပြီးတာဝန်ထမ်းဆောင်ရမယ်။ ဆက်ပြီးတော့မှ ဒီနိုင်ငံ ဖွံ့ ဖြိုးတိုးတက်ဖို့၊ ဒီပြည်သူလူထုတွေ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ကျွန်တော်တို့ မျှော်မှန်းတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဟာ စစ်တပ်အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစာတမ်းမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးတည်ချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ အသွင်ကူးပြောင်းရေးကာလ အစီအမံတွေကို အပြည့်အစုံဖော်ပြထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးလို့ သိပ်မကြာခင်အချိန်မှာပဲ ဒီပဋိညာဉ်စာတမ်း ထုတ်ပြန်လိုက်တာဟာ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ NUG က သူ့ရဲ့ ကတိကဝတ်ကို ထုတ်ဖော်ပြလိုက်တာပါပဲ။
NUG ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ စစ်အာဏာရှင်ကိုတော်လှန်မယ့် “ပြည်သူ့ခုခံကာကွယ်စစ်” ကို ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ PDF တပ်ဖွဲ့ဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ လူများစု ဗမာတွေအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အဓိက တိုင်းရင်းသား ခုနစ်မျိုး စုပေါင်းနေထိုင်တဲ့ နိုင်ငံပါ။ စစ်တပ်အာဏာမသိမ်းခင်ကတည်းက မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ရှိနေပါတယ်။ တချို့က စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပြီး တချို့ကတော့ ဆန့်ကျင်တိုက်ခိုက်နေတာပါ။ အဲဒီလက်နက်ကိုင်အဖွဲ့တွေမှာ တစ်ဖွဲ့ကို အင်အားရာဂဏန်းကနေ တချို့အဖွဲ့တွေမှာ ငါးသောင်းကျော်အထိ ရှိကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတစ်ဝန်းမှာ PDF တပ်ဖွဲ့ပေါင်း သုံးရာကျော် ထပ်တိုးလာပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက စစ်မြေပြင်မှာ အောင်မြင်မှုရခဲ့တာဟာ သိသာထင်ရှားတဲ့အချက် ဖြစ်ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ သုတေသနပြုချက်တွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ တော်လှန်ရေးတပ်ဖွဲ့တွေက နိုင်ငံတစ်ဝန်းမှာ မြို့နယ်ပေါင်း ၇၄ မြို့နယ်ကို သိမ်းယူထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒေသတွင်း မြို့နယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီအောင်မြင်မှုတွေဟာ စစ်ပွဲအပြီးမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အမှန်တကယ် စီမံဖန်တီးနိုင်တယ်ဆိုတဲ့ အယူအဆကို ပိုပြီးခိုင်မာစေတယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသားစစ်ကောလိပ်ရဲ့ အရှေ့တောင်အာရှ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဇက်ခါရီအဘူဇာက ပြောပါတယ်။
“ဒါက အောင်မြင်ဖို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ကတိပေးမှုတွေရှိတာ ကြောင့် စစ်အစိုးရကို တစ်နှစ်ကျော်ကြာတဲ့အထိ စစ်တိုက်နေကြတာပါ။ မြေပြင်တိုက်ပွဲ အောင်မြင်မှု အမြောက်အမြားကိုလည်း ကျွန်တော်တို့ မြင်နေရပါတယ်။ ဒါကြောင့် ဖက်ဒရယ်က လက်လှမ်းမီတဲ့ အနေအထားပါ”
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး
လူငယ်တွေ အသက်ကိုရင်းပြီး စွန့်စားတိုက်ပွဲဝင်နေချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း စစ်ပွဲပြီးသွားတဲ့အခါ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ဆွေးနွေးညှိနှိုင်းနေပါတယ်။
လက်ရှိ NUG နဲ့ ဆွေးနွေးနေကြသူတွေကတော့ K3C လို့ခေါ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့အတူ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် တခြားတိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ပါဝင်ပါတယ်။
NUG ရဲ့ ဒုတိယဘဏ္ဍာရေးဝန်ကြီး ဦးမင်းဇေယျာဦးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပဏာမ သဘောတူညီချက်တွေ ရရှိထားပြီလို့ RFA ကို ပြောပါတယ်။
“တစ်ဖက်မှာ နိုင်ငံရေးအရ သဘောတူညီချက်တွေရဖို့လည်း ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိတယ်။ အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီချာတာ (FDC) မှာဆိုရင် ပြည်နယ်အားကောင်းတဲ့ ဖက်ဒရယ်စနစ်ပေါ့။ ဒါတွေ တည်ဆောက်ဖို့အတွက်တော့ ကျွန်တော်တို့ သဘောတူညီချက်တွေ ရှိထားပါတယ်”
တစ်ခါတရံ လူချင်းလျှို့ဝှက်တွေ့ဆုံ၊ တစ်ခါတရံ အွန်လိုင်းကတစ်ဆင့် ဆွေးနွေးနေကြတာပါ။ လက်ရှိဆွေးနွေးမှုတွေမှာ အဓိက သဘောထားကွဲနေကြတဲ့ အချက်တွေကတော့ ဘယ်လို ဖက်ဒရယ်ပုံစံမျိုး တည်ဆောက်မလဲ ဆိုတာနဲ့ အာဏာခွဲဝေရေးအပိုင်း ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ကာလကြာရှည် အသားကျလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေက (Top to Bottom) “အထက်မှ အောက်သို့” အာဏာဖြန့်ဝေစီးဆင်းတဲ့၊ ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ ဖက်ဒရယ်စနစ်မျိုးကို အလိုရှိနေပြီး၊ တိုင်းရင်းသားခေါင်းဆောင်တွေကတော့ ပြည်နယ်တွေမှာ အပြည့်အဝအာဏာရှိပြီး ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ပြန်ထိန်းချုပ်ကန့်သတ်နိုင်တဲ့ (Bottom Up) “အောက်ခြေမှ အထက်သို့” စနစ်မျိုးကို လိုချင်တာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်တို့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ အကြီးတန်းအကြံပေး Priscilla Clapp က တော့ စေ့စပ်ညှိနှိုင်းမှုတွေဟာ သိသိသာသာ တိုးတက်နေပါတယ်လို့ ဆိုပါတယ်။
“ကျွန်မပြောချင်တာကတော့ ဖက်ဒရယ်စနစ်ဟာ ဟိုးအောက်ခြေကနေ၊ အခြေခံလူတန်းစားတွေကနေ တိုင်းပြည်မှာ ကြီးထွားလာနေပါတယ်။ ဒါဟာ အင်အားကောင်းတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ အထက်က ချမှတ်တာ မဟုတ်ပါဘူး။ အောက်ခြေကနေ ကြီးထွားလာတာ ဖြစ်ပါတယ်”
မတူကွဲပြားသည့်အမြင်များ
ဗမာအပါအဝင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးနေထိုင်တဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်ကတည်းက မက်ခဲ့တဲ့ ဖက်ဒရယ်အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေမှာ စေ့စပ်ညှိနှိုင်းမှုတွေ ပြေလည်မှုရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တိုးတက်မှု အနည်းငယ်သာ ရှိတော့တယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Thomas Kean က ပြောပါတယ်။
“ဆွေးနွေးညှိနှိုင်းမှုတွေမှာတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုက ဘယ်လိုပုံစံမျိုးလဲဆိုတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒါက အရမ်းခက်ပါတယ်” လို့ သူက ဆိုပါတယ်။
“အချင်းချင်း မယုံကြည်မှုတွေကြောင့် အသေးစိတ်ဆွေးနွေးမှုတွေက တိုးတက်မှုမရှိပါဘူး။ တချို့ကိစ္စတွေမှာဆို နောက်တောင် ပြန်ဆုတ်သွားတယ်လို့ ယူဆရပါတယ်”
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း ကနဦး အစမှာကတည်းက သဘောထားကွဲမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“အဲဒီအာဏာခွဲဝေရေးအပိုင်းက ကျွန်တော်တို့ ပြဿနာရှိတယ်။ ဘာကြောင့်လဲဆိုတော့ Top to down နဲ့ Centralization တောက်လျှောက်လုပ်လာတော့ အာဏာခွဲဝေရေး ပြောတဲ့အခါကျတော့ လူတွေက တွန့်ကုန်ရော။ ဆိုတော့ အဲဒါမျိုးကျတော့ တွန့်လို့ကို မရဘူး။ ဖက်ဒရယ် တကယ်တည်ဆောက်မယ်ဆိုရင် အာဏာခွဲဝေရေးအကြောင်းက ပြောကိုပြောရတော့မယ်” လို့ ပဒိုစောတောနီးက ရှင်းပြပါတယ်။
ရှမ်းပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မျှော်မှန်းထားတာကလည်း ဗဟိုချုပ်ကိုင်မှုအားနည်းတဲ့ ဖက်ဒရယ်စနစ်ပဲလို့ အဖွဲ့ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။
အထူးအစီအစဉ် ဆောင်းပါးများ
အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်လူငယ်များ
အချစ်နဲ့စစ် - တိုက်ပွဲကြားက ဘဝခရီးသစ်
သတင်းထောက်တစ်ဦးရဲ့ ဘဝခရီးကြမ်း
ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ
“ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့နေရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံတဲ့ ဖက်ဒရယ်ဖြစ်ရမယ်။ ဗဟိုချုပ်ကိုင်မှု အားနည်းတဲ့ ဖက်ဒရယ်စနစ်။ နောက်တစ်ခု ဗဟိုရဲ့အာဏာကို ဖက်ဒရယ် ပြည်နယ်တွေကပဲ ကန့်သတ်ပေးတဲ့ အာဏာဖြစ်ရမယ်” လို့ သူက ဆိုပါတယ်။
စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူ ဒေါက်တာအောင်မျိုးက NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆွေးနွေးနေတဲ့ ဖက်ဒရယ်ဆိုတာ အခုချိန်ထိ သဘောတူညီချက် ဘာတစ်ခုမှ ထွက်မလာတဲ့၊ အခြေအမြစ်မရှိတဲ့ ကိစ္စသာ ဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်က ရွေးကောက်ပွဲရအောင်လုပ်ပြီး အာဏာကို ဆက်ထိန်းထားလိမ့်မယ်လို့ သူက ဆိုပါတယ်။
“တိုင်းရင်းသားခေါင်းဆောင်တွေက ကွန်ဖက်ဒရိတ် လိုချင်နေတာ။ တကယ် ဖက်ဒရယ် ပေးရင်တောင် ယူမှာမဟုတ်ဘူး။ ဒါ အငြင်းပွားရမယ်” လို့ ၂၀၀၈ ဖွဲ့စည်းပုံကို ရည်ညွှန်းပြီး ဒေါက်တာအောင်မျိုးက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ပြည်နယ်အားလုံးကို အပြည့်အဝ စီမံခန့်ခွဲခွင့်ပေးထားတယ်လို့လည်း သူက ဆိုပါတယ်။
ညှိနှိုင်းရတဲ့ အဖွဲ့အစည်းတွေ များလွန်းပြီး၊ ရှုတ်ထွေးတဲ့ အခြေအနေတွေကြောင့် ဆွေးနွေးမှုတွေ နှေးကွေးနေတာပါလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းတစ်ဦး ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ Scot Marciel က ပြောပါတယ်။
“ရည်မှန်းတဲ့ဆီကို ရောက်ဖို့က ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူညီတဲ့ အကျိုးစီးပွားတွေနဲ့ မတူညီတဲ့ အုပ်စုတွေ များလွန်းတာကြောင့်ပါပဲ။ နောက်တစ်ခုက စစ်တပ်နဲ့တင်မက မတူညီတဲ့ တိုင်းရင်းသားအုပ်စုတွေကြားမှာ ဆယ်စုနှစ်များစွာ မယုံကြည်မှုနဲ့ ပဋိပက္ခတွေ ရှိနေပါတယ်။ ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး။ သံသယနဲ့ မယုံကြည်မှုတွေက နေ့ချင်းညချင်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး”
နောက်ဆုံးမှာ ပေါင်းစည်းနိုင်မလား
စစ်မှန်တဲ့ ဖက်ဒရယ်အစိုးရတစ်ရပ် တည်ထောင်ဖို့ ကြိုးပမ်းနေသူတွေဟာ ပြည်နယ်နဲ့ ခရိုင်အဆင့်တွေမှာ မျှတတဲ့ အာဏာခွဲဝေမှုသာမက၊ လူနည်းစုဒေသတွေမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုလေးတွေရဲ့ အခွင့်အရေးကိုပါ ကာကွယ်ပေးနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။
ဒါပေမဲ့ တချို့ဒေသတွေမှာ အဓိကအင်အားစုတွေကို ညှိုနှိုင်းရေးစားပွဲဝိုင်းဆီ ရောက်အောင်ခေါ်ဆောင်ဖို့ ဖြစ်နိုင်ခြေ နည်းနေပါသေးတယ်။
နဂိုကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရပြီးသား 'ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ လက်ရှိမြေပြင်တိုက်ပွဲတွေမှာ အောင်မြင်မှုရနေတဲ့ အာရက္ခတပ်တော် (AA) လို အဖွဲ့အစည်းတွေကို ဖက်ဒရယ်ထဲ ပါဝင်လာအောင်စည်းရုံးဖို့ အတော်ခက်ခဲလိမ့်မယ်လို့ International Crisis Group ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Thomas Kean က ပြောပါတယ်။
“အကြီးဆုံးစိန်ခေါ်မှုတွေထဲက တစ်ခုကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖက်ဒရယ်ပြည်ထောင်စုအုပ် ချုပ်ရေးမှာ ပါဝင်လာအောင် ဘယ်လိုမြှင့်တင်မလဲဆိုတာပါပဲ။ သူတို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ရနေပြီးသား။ သူတို့အတွက် ဖက်ဒရယ်ထဲပါဝင်တာက လက်ရှိအာဏာကို စွန့်လွှတ်ရမလိုဖြစ်နေတယ်။ မြေပြင်တိုက်ပွဲတွေမှာ သူတို့အနိုင်ရထားတဲ့ အုပ်ချုပ်ရေးကို လက်လွှတ်ရမလို ဖြစ်နေတယ်”
NUG ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းမှာ ထည့်သွင်းဖော်ပြထားတဲ့ စစ်ပွဲအပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါ လက်နက်ကိုင်တပ်များအားလုံး ရွေးကောက်တင်မြှောက်ခံ ဖက်ဒရယ်ဗဟိုအစိုးရရဲ့ အောက်မှာ တစ်စုတစ်စည်းတည်း ရှိရမယ်ဆိုတဲ့ အချက်ကလည်း အနာဂတ်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
“ဖက်ဒရယ်အာမီကတော့ ဖြစ်နိုင်ခြေ တအားနည်းတယ်” လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့ စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးတင်လင်းအောင်က ဆိုပါတယ်။
“ကျွန်တော်က စစ်တပ်က လာတာဆိုတော့ စစ်ပိုင်းဆိုင်ရာလေးပဲ သုံးသပ်ပြချင်တယ်။ ဖက်ဒရယ်တပ်မတော်ကတော့ ဖြစ်နိုင်ခြေ အင်မတန်နည်းတယ်”
ဖက်ဒရယ်အနာဂတ်
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း KNU ထိန်းချုပ်နယ်မြေခုနစ်ခုမှာ တိုက်ပွဲပေါင်း အကြိမ် တစ်သောင်းငါးထောင်နီးပါး ဖြစ်ခဲ့ပြီး KNU/ KNLA တပ်ဖွဲ့ဝင် ၄၅၄ ဦး သေဆုံး၊ ၁၅၀၀ ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုပြန်ကြားရေးဌာနရဲ့ ဒုတိယတာဝန်ခံ စောသော်မိုးအယ်က ပြောပါတယ်။
တိုးတက်သောကရင်နီပြည်သူ့အင် အားစု (PKPF) ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း ကယား (ကရင်နီ) ပြည်နယ်မှာလည်း တိုက်ပွဲပေါင်း ၁၁၆၅ ကြိမ်ဖြစ်ခဲ့ပြီး KNDF၊ PDF နဲ့ KA တပ်ဖွဲ့ဝင် စုစုပေါင်း ၅၇၈ ဦး သေဆုံးခဲ့ပါတယ်။
NUG ဘက်မှာလည်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ များတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပေမယ့် တိုက်ပွဲဝင်လူငယ်တွေ စိတ်ဓာတ်ကျမှာကို စိုးရိမ်တဲ့အတွက် အရေအတွက် အတိအကျကို ထုတ်မပြောပါဘူး။
ပေးဆပ်ရမှုတွေအတွက် ဝမ်းနည်းပေမဲ့ နောင်တမရဘူးလို့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်ကို မိုင်းထောင် ဖောက်ခွဲဖို့ကြိုးစားရင်း ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာတွေရခဲ့တဲ့ ကိုဇင်မျိုးဦးရဲ့မိခင် ဒေါ်နှင်းက ပြောပါတယ်။
"ကိုယ်မွေးထားတာ အကောင်းလေး။ ဒီလိုဖြစ်နေတော့ တကယ်စိတ်မကောင်းဘူး။ တစ်ခါတလေကျရင်လည်း တွေးတွေးပြီး ငိုတယ်။ ဒါပေမဲ့ သူတို့မသိအောင်ပဲ ငိုတယ်။ နောင်တ မရပါဘူး"
ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်နေသူတွေအဖို့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာမလားဆိုတဲ့အပေါ် သံသယ အနည်းငယ်တော့ ရှိနေကြပါတယ်။
ဒီတစ်ကြိမ်မှာလည်း ဖက်ဒရယ်စနစ် လက်တွေ့ဖြစ်မလာရင် ဘာဆက်လုပ်မလဲ ဆိုတဲ့အမေးကို ကော်ဘရာစစ်ကြောင်းရဲ့ တပ်ခွဲမှူး ရဲဘော်ညကို့က ဆက်တိုက်ရမှာပဲလို့ အပြုံးနဲ့ ပြန်ဖြေပါတယ်။
"မဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ထင်တယ်။ တကယ်လို့ မဖြစ်လာခဲ့ဘူးဆိုရင်လည်း ဆက်တိုက်နေရမှာပဲ"