ချောင်းဦးမြို့နယ်မှာ သတ်ဖြတ်ခံထားရတဲ့ လူငါးဦး အလောင်းတွေ့
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ညောင်ပင်တဲရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်း အဖွဲ့က ဇွန်လ ၁၈ ရက်နေ့ကနေစပြီး အချိန်သုံးရက်ကြာ ဝင်ရောက်စီးနင်းခဲ့တဲ့နောက်မှာ အရပ်သားလေးဦးနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံရွာ သားတွေက RFA ကို ဇွန်လ ၂၁ ရက် ဒီနေ့မှာ ပြောပါတယ်။
ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ချောင်းဦးမြို့ကနေလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ညောင်ပင်တဲရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းတဲ့ အချိန်မှာ ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့က အသက် ၂၀ ကျော်အရွယ် ကိုတိုးနိုင်ဝင်း လက်နက် ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အလောင်း လေးလောင်းကို ကျနော်တို့ ဝိုင်းစုပြီးတော့ သင်္ဂြိုဟ်ပေးလိုက်ပါတယ်”
စစ်ကောင်စီတပ်ဖွဲ့ ဇွန်လ ၂၀ ရက်နေ့ ရွာကပြန်ထွက်ချိန် ရွာထဲမှာ နေအိမ်တစ်လုံးနဲ့အတူ မီးရှို့ခံထားရတဲ့ အသက် ၅၂ နှစ်အရွယ် ဦးပေါကြည်၊ အဲဒီအိမ်ဘေးနားက ပြောင်းခင်းထဲမှာ ကောက်ရိုးတွေနဲ့ဖုံးပြီး မီးရှို့ခံထားရတဲ့ အသက် ၃၇ နှစ်အရွယ် ဦးနေဝိုင်းနဲ့ အသက် ၄၉ နှစ်အရွယ် ဦးပြေအေးတို့ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက ထပ်ပြီးတွေ့ခဲ့ကြပါတယ်။ နောက်တစ်ဦးဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးအောင်မင်းရဲ့ ရုပ်အလောင်းကိုတော့ ရွာ အပြင်ဘက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။
အခုသေဆုံးတဲ့သူတွေဟာ စစ်တပ်က ဝင်ရောက်စီးနင်းတဲ့အခါမှာ ထွက်ပြေးလို့မလွတ်ဘဲ ကျန်နေတဲ့အချိန် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာလို့လည်း ဆိုပါတယ်။ သူတို့ရဲ့ ရုပ် အလောင်းတွေကိုတော့ ဇွန်လ ၂၀ ရက် မနေ့ကပဲ သင်္ဂြိုဟ်လိုက်ကြတယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ချောင်းဦးမြို့ပေါ်မှာ ရောက်နေတဲ့ စစ်ကြောင်းက ညောင်ပင်တဲကို ရောက်လာတယ် ၁၈ ရက်နေ့မှာ။ ၁၈ ရက်နေ့ ရောက်လာပြီးတော့ ရွာထဲကိုဝင်တယ်။ ဝင်တော့ ရွာသူ ရွာသားတွေ အကုန်ထွက်သွားတယ်။ ရွာက လေးငါးယောက်လောက်ပဲ ကျန်နေခဲ့တယ် ပေါ့။ ဝင်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ပစ်တော့ ဒေသကာကွယ်ရေး တပ်ဖွဲ့ထဲက တစ်ယောက်ကျတယ်။ အဲဒါ ၁၈ ရက်နေ့။ ဒါပေမဲ့ အလောင်းလည်း မကောက်နိုင်ဘူး။ ဒီတိုင်းပဲထားခဲ့တယ်။ ၂၀ ရက်နေ့က ထွက်သွားတယ်။ ထွက်သွားပြီးတော့ ကျန်နေတဲ့ ဟာတွေရော၊ မနေ့က အလောင်း လေးလောင်းကို ကျနော်တို့ ဝိုင်းစုပြီးတော့ သင်္ဂြိုဟ် ပေးလိုက်ပါတယ်”
ညောင်ပင်တဲ့ရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့မှာ အင်အား ၈၀ လောက် ပါဝင်ပြီး အရပ်ဝတ်တွေနဲ့ ရောက်လာခဲ့ကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူတို့ကတော့ အင်အား အယောက် ၈၀ လောက်ရှိတယ်။ အရပ်ဝတ်တွေနဲ့။ ဒီမှာ ထိ တွေ့မှု ဘာညာတော့ မရှိဘူး။ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူးဗျ။ သူတို့ကပဲ လက်နက် ကြီးတွေနဲ့ ရွာထဲကို စဝင်ပြီဆိုတာနဲ့ ရွာနဲ့ခပ်လှမ်းလှမ်းပေါ့ လက်နက်ကြီးတွေနဲ့ လက် တစ်ကမ်းအမီကနေ လက်နက်ကြီးတွေနဲ့ ပစ်ထည့်ပြီး ဝင်လာတာ။ လက်နက်ကြီးတွေနဲ့ ပစ်ဝင်လာတော့ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့ထဲက ရဲဘော် တစ်ယောက်ကတော့ ကျသွားတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရတယ်။ တစ်ယောက် လက်ထိတယ်။ ကျန် တာတော့ ဗိုက်တို့၊ ခေါင်းတို့ထိတယ်။ လေးယောက်ကတော့ ရွာထဲတင် သတ်ထားခဲ့ တယ်။ အိမ်တစ်လုံး မီးရှို့တယ်။ သုံးလောင်းက မီးရှို့ခံရတာ၊ တစ်လောင်းကတော့ စစ်ကြောင်းပြန်တဲ့အချိန်မှာ ပါသွားတဲ့ ပြည်သူကို သူက အထုပ်အပိုးတွေ၊ ဘာတွေ မသယ်နိုင်လို့ဆိုပြီး လမ်းတင်ပစ်သတ်ထားခဲ့တာ”
စစ်ကြောင်းထဲမှာပါတဲ့ တပ်ရင်းတပ်ဖွဲ့ကတော့ ခမရ အမှတ် (၃၆၇)၊ အမှတ် (၃၆၈)၊ အမှတ် (၃၆၉) တပ်ရင်းတွေကဖြစ်နိုင်ပြီး လက်နက်ကိုင်ထားတဲ့ ပျူစောထီးတွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။ ဒီဖြစ်ရပ်ကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက် သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ အရင်ကတော့ သူတို့ စစ် ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲကို ဝင်ရောက်တာမရှိသလို အရပ်သားတွေအပေါ် ထိ ခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်မှာ မဟုတ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆို ထားပါတယ်။
အိမ်ခြေ ၂၇၅ အိမ်ရှိတဲ့ ညောင်ပင်တဲရွာ ဝင်ရောက်စီးနင်းခံရပြီး နေအိမ်တွေထဲက ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း စစ်သားတွေက မွှေနှောက်ပြီး ယူ သွားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရွာတွေကို ဝင်ရောက်စီးနင်းတာအပြင် ဒေသခံတွေပါ သတ်ဖြတ်ခံနေရ တာကြောင့် စစ်တပ်ဆိုရင် ကြောက်နေပြီလို့ အသက် ၇၀ အရွယ် ညောင်ပင်တဲရွာသား တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့နယ် အပါအဝင် နယ် မြေချင်း တစ်ဆက်တည်းဖြစ်တဲ့ မြောင်မြို့နယ်ထဲက ရွာတွေကို နေ့စဉ်နဲ့အမျှ စစ်ကြောင်း ထိုးတာ၊ ဝင်ရောက်စီးနင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“လက်နက်ကြီးတွေနဲ့ကတော့ တအုန်းအုန်းပါဗျာ။ ကျုပ်တို့တွေ အသက် ၇၀ ရှိပါပြီ။ ဒီလိုလည်း တစ်ခါမှ မကြုံဖူးဘူး။ ပြေးကြ၊ လွှားကြရတာပါဗျာ။ အမယ်ကြီးအိုတွေ မပြေးနိုင်တာ ဆိုင်ကယ်တွေနဲ့တင်၊ လေဖြတ်နေတဲ့ မိန်းမကြီးဆို ပစ်ထားခဲ့ရတာ၊ နောက်မှပြေးကြ၊ လွှားကြရတာ။ အခုသေတဲ့ ကလေးတွေလည်း နွားလေးတွေကို သံယောဇဉ်ဖြစ်ပြီးတော့ မပြေးနိုင်တာ။ ကျန်ရစ်ပြီး ဖမ်းဆီးပြီး သတ်သွားတာပါဗျာ။ ကျနော်တို့ ဒီစစ်တပ်ကိုလည်း မကြားလည်း မကြားချင်ပါဘူး။ မမြင်လည်း မမြင်ချင်ပါ ဘူးဗျာ။ ဒီစစ်တပ်တော့ ကျုပ်တို့ ကြားရတာနဲ့ကို ကြောက်နေတာပါ”
အခုနှစ် မေလ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုန်တိုင်ပင်နဲ့ အင်ပင်ရွာ တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မေလ ၁၂ ရက်နေ့ သူတို့ ပြန်ထွက်ချိန် မှာ နေအိမ်တွေနဲ့အတူ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၈ လောင်းကို ဒေသခံတွေက တွေ့ခဲ့ရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်တပ်ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ် မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက မေလ ၂၅ ရက်က သတင်းထုတ် ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၀ ရက် မနေ့ က ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၁၉၉၃ ဦး အသတ်ခံရပြီး ၁၄,၁၈၅ ဖမ်းဆီးခံခဲ့ ရတယ်လို့ ဆိုပါတယ်။