မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်ခံနိုင်ရည် နည်းနေကြောင်း ပညာရှင်ပြော

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.09.19
မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်ခံနိုင်ရည် နည်းနေကြောင်း ပညာရှင်ပြော ပဲခူးတိုင်း တောင်ငူမြို့တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ကရင်၊ ကယား၊ မွန်နဲ့ ရှမ်း စတဲ့တိုင်းနဲ့ပြည်နယ်တွေက မြို့နယ် ၅၉ ခုမှာ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းရာဂီဟာ တစ်နာရီ လေတိုက်နှုန်း ၁၃၀ ကနေ ၁၅၀ အထိရှိခဲ့တာကြောင့် ပြင်းထန်တဲ့မုန်တိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ မုန်တိုင်းတိုက်ရိုက်ဝင်ခဲ့တဲ့ ဗီယက်နမ်မှာ လူပေါင်း ၂၉၂ ယောက် သေဆုံးခဲ့ပြီး ၃၈ ယောက် ပျောက်ဆုံးခဲ့ပါတယ်။

ရာဂီရဲ့အကြွင်းအကျန်ဒဏ်ကိုခံခဲ့ရတဲ့ မြန်မာမှာတော့ စက်တင်ဘာ ၉ ရက်ကနေ ၁၉ ရက်အထိ RFA က ပြုစုထားတဲ့ စာရင်းအရ ရေဘေးကြောင့် သေဆုံးသူ ၃၀၃ ယောက်ရှိပြီး လူနှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲနဲ့ မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။

ရေကြီး‌ရေလျှံတာလို သဘာဝဘေးတွေကို ရင်ဆိုင်ရတဲ့အခါ သစ်ပင် သစ်တောတွေက အတိုင်းအတာ တစ်ခုအထိ ဘေးဒဏ်ကို လျှော့နည်းအောင် လုပ်ပေးနိုင်ပါတယ်။ မြန်မာဟာ သစ်ပင်တွေ စည်းကမ်းမရှိ ခုတ်ပြီး တောတွေပြုန်းနေတာကြောင့် ဖြစ်သင့်တာထက် ပိုခံရတာလို့ ပြောဆိုသံတွေဟာလည်း ဒီတစ်ခေါက် ရေဘေးမှာ ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မြန်မာဟာ သဘာဝဘေးဒဏ်ခံနိုင်အား တော်တော်နည်းနေတာ တွေ့ရတယ်လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက သုံးသပ်ပါတယ်။

“အခုဟာက တော်တော်များများမှာ ဖြစ်သွားတယ်ဆိုတာက resilience လို့ခေါ်တဲ့ သဘာဝဘေးဒဏ်ခံနိုင်အား တအားကို အားနည်းတဲ့အခါကျတော့ ပျက်စီးဆုံးရှုံးမှုက မထင်မှတ်ဘဲနဲ့ တအားကိုများနေတာကို အံ့အားသင့်ဖွယ် တွေ့ရတယ်ပေါ့၊ အမှန်က ရာဂီရဲ့ တကယ့် ကိုင်းဖျား ကိုင်းနားလေးပဲ မိတာနော်၊ တကယ်တိုက်ခံရတဲ့ ဗီယက်နမ်လိုဟာမျိုးဆို ဘယ်လိုများဖြစ်မလဲ တွေးတောင်မတွေးရဲဘူး"

လွိုင်လင်မြို့နယ် အိမ့်ချစ်ကျေးရွာတွင် ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Photo : Citizen)
လွိုင်လင်မြို့နယ် အိမ့်ချစ်ကျေးရွာတွင် ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Photo : Citizen)

မြန်မာမှာ ၂၀၂၄ ဇူလိုင်လက ဖြစ်ခဲ့တဲ့ ပထမအကြိမ် ကချင်ပြည်နယ်တစ်ကြော ရေကြီးမှုမှာရော ဒီဒုတိယအကြိမ် နိုင်ငံတစ်ဝန်းရေကြီးမှုမှာပါ သစ်ပင်ခုတ်ထားတဲ့ သစ်တိုသစ်စတွေ အများကြီး တောင်ကျရေတွေနဲ့အတူ မျောပါလာတာကြောင့် နေအိမ်တွေ လမ်းတံတားတွေ ပိုပျက်စီးရတာလည်း မျက်မြင်ပဲ ဖြစ်ပါတယ်။

ရာဂီမုန်တိုင်းကြောင့် မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ စခဲ့တဲ့ ရှမ်းပြည်နယ်မှာ သစ်တောပြုန်းတီးမှုတွေ များနေတဲ့ အကြောင်း သစ်တောပြုန်းတီးမှုနဲ့ပတ်သက်ပြီး စာတမ်းပြုစုနေတဲ့ အရပ်ဖက်မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ဆိုပါတယ်။

“ဒီနိုင်ငံအနေနဲ့ဆိုရင် သစ်တောပြုန်းတီးမှုက တော်တော်များတယ်၊ ရှမ်းပြည်နယ်မှာက ပိုများတယ်၊ ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း သစ်တောပြုန်းတီးမှုက အဲသလောက်အထိ ရှိနေတယ်”

ဒီတစ်ခေါက် ရေဘေးမှာ ထိခိုက်ပျက်စီးမှုများရတဲ့အကြောင်း နေပြည်တော် တပ်ဌာနချုပ်တွေကို သွားရောက်စဥ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ကြောင်း မြန်မာ့အသံရဲ့ စက်တင်ဘာ ၁၈ ရက် ည ၈ နာရီ သတင်းမှာ ကြေညာခဲ့ပါတယ်။

“သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် တောင်ပြို၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့သကဲ့သို့ တရားဝင်ခွင့်ပြု ပေးထားတဲ့ သစ်ကွင်းများမှာ သယ်ယူနိုင်ခြင်းမရှိသေးတဲ့ သစ်လုံးကြီးများ၊ သစ်လုံးကြီးများထုတ်ယူရာမှာ ဖြတ်တောက်ထားတဲ့ ဖြတ်စများဟာလည်း တောင်ကျရေစီးကြောင်းများနဲ့အတူ မျောပါတိုက်စားခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုများ ပိုမိုများပြားခဲ့ရခြင်းဖြစ်ကြောင်း"

ကုလသမဂ္ဂ (IPCC) ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းအဖွဲ့က ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကမ္ဘာကြီး တစ်နှစ်ထက်တစ်နှစ် ပိုပူနွေးလာတာ ပြင်းထန်တဲ့ ရာသီဥတုတွေ မကြာမကြာ ကြုံရမယ်လို့ သတိပေးထားပါတယ်။ ဒီလိုကြုံရရင် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ ဒါမှမဟုတ် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေက သဘာဝဘေးတွေကို ပိုခံရမယ်လို့လည်း ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း သေဆုံးသူ ၁၄၀ ကျော်ရှိ

ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ သုံးရာကျော် အထိ ရှိလာ

သဘာဝဘေးထက် စစ်ရေးကို ဦးစားပေးတယ်လို့ စစ်ကောင်စီ ဝေဖန်ခံနေရ


ဒီနိုင်ငံအမျိုးအစားထဲမှာပါတဲ့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ မှာစတင်ခဲ့တဲ့ ဧရာ၀တီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း (AIRBM) ကို အရပ်သားအစိုးရလက်ထက်မှာ ဆက်လက်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရေကြီးမှုဖြစ်နိုင်တဲ့ နေရာတွေကိုပြတဲ့ မြေပုံတွေနဲ့ ကြိုတင်ခန့်မှန်းမှုထုတ်တာတွေ လုပ်ဖို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီလိုရေကြီးမှုခန့်မှန်းတဲ့ မြေပုံတွေထုတ်ပေးမယ့် ရှေ့ပြေးစီမံချက်တွေကို အရပ်သား အစိုးရလက်ထက် ၂၀၂၀ မှာ စ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာတော့ ဒီစီမံကိန်းကို ဖျက်သိမ်းခဲ့ရပါတယ်။

ဒီစီမံကိန်းဖျက်သိမ်းလိုက်ရတာဟာ ပြည်သူတွေအတွက် နစ်နာမှုကြီးဖြစ်တယ်လို့ အဲဒီစီမံကိန်းမှာပါခဲ့တဲ့ ဒေါက်တာလွင်လွင်ဝေက ပြောပါတယ်။

“နည်းပညာပိုင်းဆိုင်ရာ အခန်းကဏ္ဍပံ့ပိုးမှုဆုံးရှုံးသွားတဲ့အတွက် ကြိုတင်မသိနိုင်ဘူးပေါ့နော်၊ ဒီမိုးလေဝသက ပြောတာလောက်ပဲသိနိုင်မယ်ပေါ့နော်၊ မှန်းပြီးတော့နေရတာမျိုး ဖြစ်နေတာပေါ့နော်၊ ဒီကြိုတင်ခန့်မှန်းမှုဆိုတာက နှစ်ပေါင်းများစွာရှိနေတဲ့ Data တွေပေါ်မှာအခြေခံပြီးတော့ ခန့်မှန်းပြီးတော့မှ ထုတ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့တိကျပြီးတော့ ပိုပြီးတော့ သတင်းအချက်အလက်က ပြည်စုံနိုင်တယ်ပေါ့နော်၊ အခုကကျတော့ မထင်မှတ်ဘဲနဲ့ Heavy Rain ရွာလိုက်လို့ရှိရင် ရေကြီးသွားတာမျိုးတွေ၊ ဘာတွေဖြစ်တဲ့အခါကျတော့၊ မမျှော်လင့်တဲ့ Accident တွေကို ပြည်သူလူထုကကြုံရတာမျိုးတွေဖြစ်တာပေါ့နော်”

ဒီတစ်ခေါက်ရေဘေးမှာ မိုးလေဝသခန့်မှန်းချက်တွေနဲ့ မလုံလောက်ခဲ့ဘူးဆိုတာကို စစ်ခေါင်းဆောင်က နေပြည်တော် တပ်ဌာနချုပ်တွေကို သွားရောက်စဥ်မှာပဲ ဝန်ခံပြောသွားခဲ့ပါတယ်။

"မိုးရွာသွန်းမှုများ ဖြစ်ပေါ်မယ်လို့ ကြိုတင်သတိပေးချက်များရှိခဲ့သော်လည်း ယခုအတိုင်းအတာထိ မိုးသည်းထန်စွာရွာသွန်းမယ်လို့ မှန်းဆမှုမရှိခဲ့ကြကြောင်း"

သဘာဝဘေးတွေရင်ဆိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အပိုင်းနဲ့ ဖြစ်လာတဲ့အခါ ကယ်ဆယ်ရေး၊ နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းရှိပြီး မြန်မာနိုင်ငံမှာက ဒီနှစ်ပိုင်းလုံးမှာ အားနည်းနေတယ်လို့ ထောက်ပြကြ သူတွေလည်း ရှိပါတယ်။

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ဦးလှမိုး တာချီလိတ်လူမှုကူညီအသင်း )
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ဦးလှမိုး တာချီလိတ်လူမှုကူညီအသင်း )

ဒီရေဘေးမှာ ပြည်သူတွေကို ကြိုတင်သတိပေးတာ မရှိခဲ့ဘူးလို့ ရှမ်းပြည်နယ်မှာ ‌ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အမည်မဖော်လိုသူတစ်ယောက်က သူ့အတွေ့အကြုံကို ပြောပါတယ်။

“ကြိုတင်သတိပေးတဲ့အနေနဲ့ကတော့ မရှိခဲ့ဘူးလို့ ကျွန်တော်ယူဆတာပေါ့နော်၊ ဒါမဖြစ်ခင်ထဲက ကျွန်တော်က ဒီတောင်ကြီး ရောက်နေတာကိုး၊ သာမန်ကာလျှံကာလေးပဲ တွက်လိုက်တာပေါ့လေ၊ ကျွန်တော်တို့လည်း အရမ်းအံ့သြပါတယ်၊ ဧရာဝတီတိုင်းဘက်မှာ ရေကြီးတာတွေက မဆန်းဘူးလေနော်၊ ခုကျ ဒီ ကလောဆိုတဲ့ဟာကြီးက တကယ့် တောင်ထိပ်ကြီးမှာနော်၊ ရေအဲလောက်ကြီး ကြီးတာပေါ့နော်၊ ဒီအာဏာပိုင်တွေ သူတို့အနေနဲ့ကလည်း သူတို့စိတ်ထဲမှာ မဖြစ်နိုင်ပါဘူးဆိုတဲ့ အတွေးပေါ့၊ အဲတာကြောင့်မို့လည်း သူတို့ကြိုတင်ပြီးတော့ ကာကွယ်ဖို့ အတွက် ပြင်ဆင်ဖို့အတွက် သူတို့ လုံးဝလုပ်မထားဘူးလို့ ကျွန်တော်ထင်တယ်၊ နောက်တစ်ခုကကျတော့ ပရဟိတတွေ မီးသတ်တွေပေါ့နော်၊ ကြက်ခြေနီတွေ ကူပါတယ် ကယ်ပါတယ်၊ ဒါပေမဲ့ မမျှတဘူးပေါ့နော်၊ ဖြစ်နေတဲ့ဟာနဲ့ သူတို့လုပ်နေတဲ့ဟာနဲ့က မမျှဘူးဗျ"

ရာဂီမုန်တိုင်းကြောင့် မြန်မာအပြင် ဗီယက်နမ်၊ တရုတ်၊ ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ရေဘေးသင့်ခဲ့ပေမဲ့ နိုင်ငံအလိုက်အစိုးရတွေရဲ့ သဘာဝဘေးကို စီမံခန့်ခွဲပုံတွေက မြန်မာနဲ့ ကွာခြားနေတာလည်း ဝေဖန်မှုတွေရှိနေပါတယ်။

ပြည်သူအချင်းချင်း ကယ်တဲ့အဖွဲ့တွေတောင် တားဆီးကန့်သတ်ခံရတာမျိုးတွေရှိနေတယ်လို့ ထိုင်း-မြန်မာ နယ်စပ်က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ ကိုမင်းသွေးသစ် က ဆိုပါတယ်။

“ထိုင်းလေတပ်က ရဟတ်ယာဥ်တွေနဲ့ တာချီလိတ်ဘက်ကိုပါ ရိက္ခာလာချသွားတယ်၊ ဗမာပြည်သူတွေကိုပါ သူတို့ လက်လှမ်းမီသလောက် ကူညီပေးနေတယ်၊ သူတို့ဆီက စစ်တပ်ရဟတ်ယာဥ်တွေသည် ပြည်သူကို ဒုက္ခ‌ရောက်တဲ့အချိန် ကယ်ဆယ်ဖို့လုပ်နေတယ်၊ ကျွန်တော်တို့ဆီမှာတော့ အခု ကျွန်တော်တို့ ရေဘေးလုပ်နေတဲ့ တစ်ချို့ ပရဟိတအဖွဲ့တွေ ရန်ကုန်ကနေ ထွက်ပြီးတော့ သွားတဲ့လမ်းတစ်လျှောက်လုံးမှာ စစ်လိုက်တဲ့ ဂိတ်တွေဆိုတာ အများကြီးပဲ၊ မလိုအပ်ဘဲနဲ့ အချိန်ကြန့်ကြာတယ်၊ တစ်ချို့အဖွဲ့တွေပြန်လှည့် လာရတာတွေ လည်း အများကြီးပဲဖြစ်တယ်၊ ကိုယ့်ဆီက ရဟတ်ယာဥ်နဲ့ ကယ်ဖို့နေနေသာသာ ပြည်သူအချင်းချင်း ကယ်တဲ့ကိစ္စကိုတောင်မှ သူတို့ပလ္လင်ထိမှာစိုးလို့ လိုက်ပြီး တားဆီးကန့်သတ်နေတဲ့ဟာမျိုးတွေ ဖြစ်နေတာ"

ရေနစ်မြုပ်သွားသည့် နေပြည်တော်မှ လယ်ယာမြေများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo : Myanmar Military )

သဘာဝဘေးတွေကိုရင်ဆိုင်ဖို့က အစီစဥ်တွေရေးဆွဲပြီး ကြိုတင်ပြင်ဆင်ထားမှသာ ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်မှာလို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ဆိုပါတယ်။

“ကျွန်တော်တို့က တောက်လျှောက်လုံး ဖြစ်တော့မှ ကြုံတော့မှ ထလုပ်ကြတာ၊ ဒီပြင့်နိုင်ငံတွေမှာတော့ ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို အစီစဥ်တွေ‌ရေးဆွဲပြီးတော့ကို လုပ်တာပေါ့နော်၊ သဘာဝဘေးဖြစ်လာရင် ဘယ်နေရာတွေမှာ ပိုပြီးတော့ အန္တရာယ်ကျရောက်နိုင်မှုရှိလဲဆိုတာ လေ့လာသုံးသပ်မှုပြုရတာပေါ့၊ ဘာလို့လဲဆိုတော့ သဘာဝဘေးက သိပ်ကြီးတဲ့အခါကျတော့ ဖြစ်လာရင် ငွေတို့ လူအင်အားတို့က အကန့်အသတ်ရှိတဲ့အခါကျတော့ ဆိုးဝါးမယ့်နေရာတွေကို ကြိုသိမှသာလျှင် ကြိုပြင်ထားမှသာလျှင် ပျက်စီးမှုအနည်းဆုံးနဲ့ ဖြစ်လာရင် အကောင်းဆုံးလုပ်နိုင်မှာကိုး၊ အဲတာကို ကျန်တဲ့နိုင်ငံအများစုက အားထည့်ပြီး လုပ်ကြတယ်ပေါ့နော်၊ မြန်မာပြည်မှာလုပ်ဖို့ ကြိုးစားခဲ့တာလေးတွေရှိခဲ့တယ်၊ သို့သော် ဆက်မလုပ်နိုင်ခဲ့ဘူးပေါ့နော်"

တစ်ဖက်မှာလည်း လာမဲ့အောက်တိုဘာ ၁ ရက်နေ့မှာ သန်းခေါင်စာရင်း ကောက်တော့မှာဖြစ်လို့ ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်နိုင်ရေးလုပ်ဖို့ လိုအပ်နေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ခြောက်လအတွင်း ပြီးစီးအောင်လုပ်ဖို့ စစ်ခေါင်းဆောင်က စက်တင်ဘာ ၁၇ ရက်က နေပြည်တော်မှာလုပ်တဲ့ သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြသူ တစ်သိန်းခြောက်သောင်းကျော်နဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်နေရသူက နှစ်သိန်းသုံးသောင်းကျော်၊ စုစုပေါင်း လေးသိန်းနီးပါး (၃၉၈,၁၀၈ ဦး) အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။