ရေဘေးသင့်ပြည်သူ နှစ်သိန်းကျော် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ

RFA Burmese
2024.08.07
ရေဘေးသင့်ပြည်သူ နှစ်သိန်းကျော် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ ပဲခူးမြို့တွင် မိုးများပြီး မြစ်ရေကြီးမှုကြောင့် ရေဝင်နစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်မှာ ဇူလိုင်လဆန်းပိုင်းကတည်းက ရေကြီးခဲ့တာကြောင့် လူသေဆုံးမှုတွေရှိခဲ့တဲ့အပြင် နေအိမ်တွေနဲ့ စိုက်ပျိုးသီးနှံတွေ နစ်မြုပ်ပြီး လူပေါင်း နှစ်သိန်းကျော် ရေဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံးမှာ ရေဘေးသင့်သူ နှစ်သိန်းကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေကို ဖြေဆိုထားပါတယ်။

ဇူလိုင်လ ၂၉ ရက်အထိ အိမ်ထောင်စု ငါးသောင်းကျော်က လူဦးရေနှစ်သိန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပြီး ရေဘေးရှောင်စခန်း ခြောက်ရာကျော် ဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

RFA က ဆက်သွယ်မေးမြန်းချက်တွေအရ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ကချင်ပြည်နယ်တို့မှာ ရေပြန်ကျသွားပေမဲ့ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့မှာတော့ ရေလွှမ်းနေဆဲဖြစ်ပါတယ်။

"အခုအလုပ်တွေက အကုန်လုံးက သွားလို့လည်း မရဘူးလေ။ အကုန်လုံးက ရပ်ထားရတယ်။ ရပ်ထားရတော့ စားရေးသောက်ရေးကတော့ ပရဟိတတွေကပဲပေါ့"

ရေကြီးခဲ့တဲ့ ပဲခူးတိုင်း ဇိုင်းဂနိုင်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးကတော့ အလုပ်အကိုင်အားလုံး ရပ်ဆိုင်းသွားတာကြောင့် စားဝတ်နေရေး ကျပ်တည်းသွားတယ်လို့ RFA ကိုပြောပါတယ်။

"အခုအလုပ်တွေက အကုန်လုံးက သွားလို့လည်း မရဘူးလေ။ အကုန်လုံးက ရပ်ထားရတယ်။ ရပ်ထားရတော့ စားရေးသောက်ရေးကတော့ ပရဟိတတွေကပဲပေါ့။ ဒီနေ့ဆိုလည်း ဓနုဖြူဒေါ်စောရီက ကမ်းသွားလို့ အဆင်ပြေသွားတယ်။ အိမ်မှာခုနစ်ယောက်ရှိရင် တစ်ယောက်တစ်ထုပ်စီ ပေးသွားတော့ တော်တော် အဆင်ပြေသွားတယ်။ အလုပ်မလုပ်ရတော့ ပိုက်ဆံလည်း မဝင်ကြဘူးလေ"

ဇိုင်းဂနိုင်းရပ်ကွက်၊ ကျောက်ကြီးစုနဲ့ ကြေးနီကန်ရွာတွေဟာ ရေ ကိုးပေနီးပါးအထိ ဝင်ရောက်ခဲ့တာကြောင့် နေအိမ်တချို့ ရေနစ်မြုပ်သွားခဲ့ပါတယ်။ ပဲခူးဒေသခံတွေ ပြောဆိုချက်အရ ပဲခူးမြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာဆယ်ရွာကျော် ရေနစ်မြုပ်ခဲ့ပြီး လယ်ဧက တစ်ထောင်နီးပါး ပျက်စီးခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

ရေဘေးကယ်ဆယ်ရေးထက် စစ်ရေးကို စစ်ကောင်စီ အာရုံစိုက်နေကြောင်း ဝေဖန်

ရေဘေးကြောင့် နိုင်ငံတစ်ဝန်း စာသင်ကျောင်း နှစ်ရာကျော် ပိတ်ထားရ

ရေဘေးကြုံနေတဲ့ တနင်္သာရီမှာ စစ်ကြောင်းကြောင့် လူတစ်ထောင်ကျော် ထွက်ပြေးနေရ


စိုးရိမ်ရေမှတ်အထက်ရှိခဲ့တဲ့ ဧရာဝတီတိုင်းက ငသိုင်းချောင်း၊ ဇလွန်၊ သာပေါင်းနဲ့ ပုသိမ်မြို့မှာလည်း စပါးခင်းဧက တစ်ထောင်ကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ငသိုင်းချောင်း ဒေသခံတစ်ဦးကတော့ စပါးခင်းတွေ ပျက်စီးခဲ့ရတာကြောင့် စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

"အခုတစ်လအတွင်းမှာ ရေကျသွားပြီဆိုရင်တော့ ပြန်စိုက်လို့ရတယ်။ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာလိုတယ်။ အဓိကကတော့ အဲဒါပါပဲ။ ပျိုးပင်ဘာညာဆိုတာကတော့ ပြန်ပျိုးလို့ ရပါတယ်"

စပါးစိုက်ပြီး ရက်ပိုင်းမှာပဲ ရေလွှမ်းခဲ့တာကြောင့် ဓာတ်မြေဩဇာတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် စိုက်ပျိုးရေးသုံးပစ္စည်းတွေလည်း အရေးပေါ်လိုအပ်နေတာလို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရေကြီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ကချင်ပြည်နယ်က ဒေသခံတွေကတော့ မေလ ၂၉ ရက်နေ့ကစပြီး ရေဘေးဒဏ်ခံခဲ့ရတာပါ။ တောင်ကျရေနဲ့အတူ နေအိမ်မျောပါသွားတဲ့ ချီဖွေဒေသခံတစ်ဦးက နေအိမ်ပြန်ဆောက်နိုင်ဖို့ ခက်ခဲနေပါတယ်။

"အိမ်လည်းပါသွားတာ။ တောင်ကျရေနဲ့ တစ်အိမ်လုံးကျွတ်ပြီး မျောသွားတာ။ ဘယ်လိုပြန်ဆောက်ရမလဲ မသိတော့ဘူး။ အိမ်တစ်လုံးက တန်ဖိုးကြီးတော့ ပြန်မဆောက်နိုင်တော့ဘူး"

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်တစ်လျှောက်က ကနီ၊ မြောင်နဲ့ ဆားလင်းကြီးမြို့နယ်က ဒေသခံတွေလည်း ရေဘေးသင့်ခဲ့ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပါတယ်။

ရေပြန်ကျသွားပေမဲ့ ဝမ်းရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါအတွက် ဆေးဝါးတွေလိုအပ်နေတယ်လို့ ကနီဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

"မြစ်ချောင်း အင်းအိုင်တွေထဲမှာ ရေတွေကျန်နေခဲ့တာလေ။ မြေပြင်ညီညာမှုမရှိတော့ ရေကွက်လေးတွေရှိမယ်။ အဲဒီထဲကနေပြီးတော့ ခြင်ပေါက်ဖွားမှုတွေ ဖြစ်တယ်။ စစ်ရှောင်ပြည်သူတွေရော၊ ဒေသခံပြည်သူတွေအနေနဲ့လည်း ခြင်ဆေးဘာညာ ဖျန်းပေးမယ်ဆိုရင် သွေလွန်တုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်လို့တော့ ရတာပေါ့"

မကွေးတိုင်း၊ ကံမမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာတစ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Aung Kyaw Thu)
မကွေးတိုင်း၊ ကံမမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာတစ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Aung Kyaw Thu)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း ဧရာ၀တီနဲ့ ချင်းတွင်းမြစ်ရေကြောင့် အိမ်ထောင်စု လေးရာကျော်ရဲ့ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပြီး လက်ရှိ အမိုးအကာနဲ့ အစားအသောက်တွေ လိုအပ်နေပါတယ်။ ရန်ကုန်တိုင်းက တိုက်ကြီး၊ အဖျောက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) နဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မှာလည်း ရေ ငါးပေကျော်အထိ ဝင်ရောက်ခဲ့တာပါ။

တိုက်ကြီးဒေသခံတစ်ဦးကလည်း ရေတိုက်စားပြီး နေအိမ်ပျက်စီးသွားတာကြောင့် ပြန်ပြင်ဖို့ အခက်အခဲ ကြုံနေရတယ်လို့ RFA ကိုပြောပါတယ်။

"လက်လုပ်လက်စားသမားတွေကတော့ ဒီအတိုင်းပဲ ပြန်ပြီး ပြုပြင်ပြီးနေရတာပေါ့။ ရေမကြီးတာလည်း ကြာပြီ၊ ရုတ်တရက်လည်း ဖြစ်သွားတာဆိုတော့ ခက်တော့ခက်ခဲတယ်။ ဘာမှမဟုတ်ရင်တောင် ဘယ်သူမှမကူညီတော့ အတိုးနဲ့ရှာပြီး လုပ်ရတာတွေရှိတယ်။ မိုးတွင်းဘက်က ကျွန်တော်တို့ဘက် အလုပ်ပါးတာကို"

ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေတဲ့အပေါ် စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိဏ်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် ဒုက္ခရောက်နေတဲ့ လူပေါင်း ၃၈၀,၀၀၀ ကျော် အတွက် သိန်းလေးထောင်နီးပါး ကူညီထောက်ပံ့ပေးထားတယ်လို့ RFA ကို ဖြေဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။