ရေဘေး ပြန်လည်ထူထောင်ရေး ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေရ

RFA Burmese
2024.10.03
ရေဘေး ပြန်လည်ထူထောင်ရေး ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေရ ရှမ်းပြည်နယ် ကလောမြို့တွင် တောင်ကျမိုးရေကြောင့် ရေလျှံနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
ကလောရေဘေးကူညီသူတစ်ဦး

ရာဂီမုန်တိုင်းကြောင့် မိုးများပြီး ရေကြီးမြေပြိုမှုဒဏ် ဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေအတွင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဒေသခံတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပြီး စစ်ကောင်စီဘက်က ဒီနေ့အထိ ထိရောက်တဲ့ အကူအညီပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း သဲတော၊ ဝမ်းတွင်း၊ ကူမဲ၊ ကျောက်ဆည်၊ တံတားဦး၊ မြစ်သား၊ စဥ့်ကိုင် စတဲ့မြို့နယ်တွေမှာ မုန်တိုင်းမိုးကြောင့် စာသင်ကျောင်းတွေနဲ့ နေအိမ်သောင်းနဲ့ချီ ရေနစ်မြုပ်ခဲ့ပါတယ်။ မြစ်နဲ့ဝေးတဲ့ ကျေးရွာတွေမှာ ရေပြန်ကျပြီဖြစ်ပေမဲ့ မြစ်နဲ့နီးတဲ့နေရာတွေမှာတော့ အောက်တိုဘာ ၂ ရက်နေ့အထိ ရေပြန်မကျသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်သန့်ရှင်းရေး အပါအဝင် ပြန်လည်ထူထောင်ရေးအတွက် ဒေသခံတွေ ကိုယ်ထူကိုယ်ထ လုပ်နေရပါတယ်”

ရေကျတဲ့နေရာတွေမှာတော့ အိမ်သန့်ရှင်းရေး အပါအဝင် ပြန်လည်ထူထောင်ရေးအတွက် ဒေသခံတွေ ကိုယ်ထူကိုယ်ထ လုပ်နေရတယ်လို့ မြစ်သားမြို့မှာ နေထိုင်းတဲ့ မကြည်ကြည်သန်းက RFA ကို ပြောပါတယ်။

“ကျွန်မတို့ ကိုယ်ထူကိုယ်ထ လုပ်ရတာလေ။ လာပြီးတော့ ဘယ်သူမှ မကူကြဘူးလေ၊ ကိုယ့်အိမ်ကိုယ်ပေါ့။ အကုန်လုံး ၁၇ အိမ် ၁၈ အိမ်လောက် မြုပ်သွားတယ်။ အနောက်ဘက်လည်း မြုပ်တော့ မြုပ်တာပေါ့။ အခုလည်း လုပ်စားခွင့်မရှိတော့ ဒီအတိုင်းပေါ့၊ မပြေလည်ဘူးပေါ့။ မပြေလည်လည်း အဲဒီတုန်းက ဝေခြမ်းထားတာလေးတွေ စားရတာပေါ့။ အခုလည်း အဆင်မပြေပါဘူး။ မပြေလည်း ဒီအတိုင်း စားရတာပေါ့။ သာမတန်းရွာတို့ ဘာတို့ဆို အခုထိကို ရေရှိသေးတယ်။ ထပ်ကို တိုးတာ”

မြစ်သားမြို့နယ်အတွင်းက ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် ရေဘေးသင့်သူတစ်ဦးကို ငွေကျပ်နှစ်ထောင်စီ ထောက်ပံ့တာရှိပေမဲ့ အိမ်ထောင်စုစာရင်း မရှိသူတွေကတော့ မရဘူးလို့ ဆိုပါတယ်။

နေအိမ်သန့်ရှင်းရေးနဲ့ အပျက်အစီး ရှင်းလင်းရေးအတွက်ကိုတော့ နေ့စားအလုပ်သမားတွေနဲ့ ဖြေရှင်းနေရပြီး စစ်ကောင်စီဘက်က ကူညီပေးတာမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

“ကလောနဲ့ အင်းလေးဒေသမှာတော့ ဒေသခံတွေရဲ့ အခက်အခဲတွေကို စေတနာရှင်တွေက ဝိုင်းဝန်းကူညီနေကြပါတယ်”

မုန်တိုင်းမိုးကြောင့် မြို့တစ်ခုလုံးနီးပါး ရေလွှမ်းခံခဲ့ရတဲ့ ရှမ်းပြည်တောင်ပိုင်း ကလောနဲ့ အင်းလေးဒေသမှာတော့ ဒေသခံတွေရဲ့ အခက်အခဲတွေကို စေတနာရှင်တွေက ဝိုင်းဝန်းကူညီနေကြပါတယ်။

နေအိမ်သန့်ရှင်းရေး၊ လမ်းပြုပြင်ရေးတွေကို စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းနေကြရတာလို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အကူအညီတွေပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ အခုလောလောဆယ်တော့ ညောင်ရွှေမှာ အခြေချပြီးတော့ အင်းလေးက ရေနစ်မြုပ်တဲ့ရွာတွေကို စားနပ်ရိက္ခာ၊ လောင်စာတောင့်၊ မီးဖို အဲဒီလို ထောက်ပံ့မှုတွေ ပေးနေပါတယ်ဗျ။ ရေဝင်သွားတဲ့နေရာတွေမှာ နုန်းတွေ ကျန်သွားတော့ ရှင်းလင်းရေးတွေ လုပ်ကူပေးနေရတယ်ပေါ့လေ။ အခက်အခဲကတော့ လူအင်အား လိုတယ်၊ စက်ပစ္စည်း အင်အားတွေ လိုတယ်။ အိမ်တွေကလည်း များတာကိုး။ ရှင်းရတာ လင်းရတာဆိုတော့ တစ်အိမ်ပြီးဖို့ ကြာတယ်လေ”

ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေနဲ့ စည်ကားလေ့ရှိတဲ့ ကလောမြို့မှာတော့ မြို့ရဲ့အဓိကကျတဲ့ ရပ်ကွက်လေးခုက ဈေး၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ နေအိမ် သုံးထောင်နီးပါး ရေနစ်မြုပ်ခဲ့တာပါ။

ကလောမြို့နယ်မှာ ရေဘေးကြောင့် လူပေါင်း တစ်ရာခန့် သေဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူတွေကလည်း တစ်ရာကျော်အထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

“စစ်ကောင်စီဘက်က ဒီနေ့အထိ ထိထိရောက်ရောက် အကူအညီပေးတာ မရှိသေးပါဘူး”

ကလောမြို့နဲ့ ရှစ်မိုင်ကျော်ဝေးတဲ့ အင်းခေါင်း၊ ရေအေးချောင်း၊ စလယ်အင်း၊ တောင်ပွား စတဲ့ကျေးရွာတွေမှာတော့ မြို့ကို ဆက်သွယ်ထားတဲ့လမ်းမှာ စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက တောင်တွေပြိုကျပြီး လမ်းသုံးမိုင်ခန့်အထိ ပျက်စီးသွားတာကြောင့် ဒေသခံတွေ ပိတ်မိနေပါတယ်။

စစ်ကောင်စီဘက်က အကူအညီတွေရဖို့ မျှော်လင့်ပေမဲ့ ဒီနေ့အထိ ဘာမှထူးခြားမှု မရှိတာကြောင့် ကိုယ်ထူကိုယ်ထ ဖြေရှင်းနေကြရတယ်လို့ အင်းခေါင်း ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“အစိုးရဘက်က ဘာမှ မရောက်သေးပါဘူးခင်ဗျ။ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးကို ပြောထားပါတယ်။ အုပ်ချုပ်ရေးမှူးက လာတောင် မကြည့်သေးပါဘူးခင်ဗျ။ အကူအညီတွေ လိုအပ်တာက စက်ယန္တရားကို မောင်းဖို့အတွက် ဆီဖိုးတွေ အခက်အခဲရှိနေပါတယ်။ စားဝတ်နေရေးက အသင့်အတင့် ဖြေရှင်းလို့ရပါတယ်။ လောလောဆယ် လိုအပ်နေတာက စက်ယန္တရားနဲ့ ကျောက်ဆောင်တွေ ပေါက်ဖို့အတွက် အင်အားလိုအပ်နေပါတယ်။ ကျွန်တော်တို့လည်း တောသား၊ တောသူတွေဆိုတော့ ဗဟုသုတလည်း အားနည်တယ်။ ပညာလည်း အားနည်းတယ်ဆိုတော့ ကျွန်တော်တို့ အခက်အခဲကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စဥ်းစားလို့မရဘူခင်ဗျ”

ကလောနဲ့ တစ်ဆက်တည်းမှာရှိတဲ့ အင်းလေးဒေသမှာလည်း ရေဘေးကြောင့် ဒီနေ့အထိ အိမ်ခြေ နှစ်ထောင်နီးပါး ရေနစ်မြုပ်နေပြီး လူဦးရေ နှစ်သောင်းဝန်းကျင် ရေဘေးဒဏ်ခံနေရပါတယ်။

ကလောမြို့တွင် နွံရှင်းပေးနေသည့် လူမှုကူညီရေးအသင်း အဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဥ်။ (နမ့်လတ် လူမှုကူညီရေးအသင်း ဓာတ်ပုံ)
ကလောမြို့တွင် နွံရှင်းပေးနေသည့် လူမှုကူညီရေးအသင်း အဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဥ်။ (နမ့်လတ် လူမှုကူညီရေးအသင်း ဓာတ်ပုံ)

အင်းလေးဒေသကနေ စီးဝင်တဲ့ရေတွေကို အဓိကထိန်းထားတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲဆည်အတွင်းမှာလည်း ဆည်ရေတွေကို ပုံမှန်ထက် ပိုလွှတ်ချနေရတာကြောင့် မိုးဗြဲမြို့နယ်အပြင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာပါ ဒီနေ့အထိ ရေကြီးမှုတွေနဲ့ ဆက်လက်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က ရပ်ကွက် ဆယ်ခုမှာ ရေဘေးဒဏ် အဆိုးရွားဆုံးကြုံခဲ့ရပြီး စေတနာရှင်တွေက လာရောက်ကူညီတာရှိပေမဲ့ မြို့အစွန်ပိုင်း ရပ်ကွက်တွေမှာတော့ အကူအညီတွေမရဘူးလို့ လွိုင်ကော် မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စားနပ်ရိက္ခာကတော့ လှူတာ တန်းတာတွေတော့ ရှိတယ်ဗျ။ ဒါပေမဲ့ ချောင်ကျတဲ့ နေရာဘက်တွေတော့ သိပ်မရောက်ဘူးဗျ။ အဓိကရောက်တာက သာသနာ့ဗိမာန်ကိုတော့ ဟိုတစ်နေ့ကလည်း ကြားမိမှာပါ။ ခိုင်နှင်းဝေ လာသွားတယ်ဆိုတာ အဲဒါတော့ ထူးထူးခြားခြားပဲဗျ။ ကျန်တဲ့သူတွေထဲမှာ တချို့ကျတော့လည်း ပေပြီးနေတဲ့သူတွေ ရှိတယ်ဗျ။ တချို့ကျတော့ ဘုန်းကြီးကျောင်းပေါ့။ မင်းစုဆိုရင် မင်းစုရပ်ကွက်က ဓမ္မာရုံတွေမှာ နေကြတာတွေရှိတယ်”

ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ဖယ်ခုံမြို့တွေမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် လူ ၂၈ ဦး သေဆုံးခဲ့ပြီး လူပေါင်း နှစ်သောင်းကျော် ရေဘေးဒဏ်ခံနေရတယ်လို့ ဖော်ပြပါတယ်။

အဲဒီထဲမှာ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေလည်းပါဝင်ပြီး ဒီမော့ဆိုမြို့နယ် ပွန်းချောင်းအနီးက ဒုက္ခသည်စခန်းတွေမှာဆိုရင် နေအိမ် သုံးရာကျော်အထိ ပျက်စီးသွားတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

ကရင်နီ လူ့အခွင့်ရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ လက်ရှိဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ရေဘေးကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ စစ်ကောင်စီဘက်ကရော တော်လှန်ရေးအဖွဲ့တွေဘက်ကပါ ထိထိရောက်ရောက် ကူညီနိုင်ဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“လက်ရှိက စားဝတ်နေရေးက စိန်ခေါ်မှု အကြီးဆုံးဖြစ်တယ်ပေါ့နော်။ စားဖို့ သောက်ဖို့ ကိစ္စတွေ၊ သောက်ရေသန့်ကိစ္စတွေ၊ မြို့ပေါ်မှာလည်း ခက်ခဲမှုရှိတယ်။ ကျွန်တော်တို့ ကျေးရွာတွေဘက်မှာလည်း နေရာထိုင်ခင်း အခက်အခဲတွေ ရှိနေတယ်ပေါ့နော်။ နောက်ပြီး ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုမှာ တုပ်ကွေးက ပိုဖြစ်လာတာပေါ့နော်။ အဲဒီတော့ ရေဘေးနဲ့အတူ ယားနာကိစ္စတွေ၊ ငှက်ဖျားတွေ၊ နောက်ပြီး ဝမ်းပျက်တာတွေ၊ အဲဒီလိုရောဂါတွေအတွက်လည်း ကျွန်တော်တို့ စိုးရိမ်မှုတွေ ရှိနေပါတယ်”

ရေဘေးသင့် ဒေသအတွင်းမှာ စစ်ကောင်စီဘက်က အကူအညီမရဘူးဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်နဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှု ထပ်ကြုံရနိုင်ကြောင်း မိုးဇလသတိပေး

မန္တလေး၊ ရှမ်းနဲ့ ကယားက ဒေသတချို့မှာ ရေပြန်မကျသေး

ရေဘေးသင့်ပြည်သူ တစ်သိန်းနီးပါး အကူအညီ ကန့်သတ်ခံနေရ


စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာတော့ ရေဘေးဒဏ် ခံနေရတဲ့နေရာတွေကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်တွေက သွားရောက်ကြည့်ရှုပြီး လိုအပ်တာတွေ ကူညီပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒေသခံတွေနဲ့ အရပ်ဘက် ကူညီကယ်ဆယ်ရေးသမားတွေကတော့ စစ်ကောင်စီဘက်က ဒီနေ့အထိ ထိထိရောက်ရောက် အကူအညီပေးတာ မရှိသေးဘူးလို့ တုံ့ပြန်ကြပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ အောက်တိုဘာ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဖော်ပြချက်တွေအရ နိုင်ငံတစ်ဝန်း ရေကြီးမြေပြိမှုတွေကြောင့် သေဆုံးသူ ၄၃၆ ဦးအထိ ရှိခဲ့ပြီး ရေစီးနဲ့မျောပါ ပျောက်ဆုံးသူ ၆၆ ဦး ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

ရေကြီးမှုကြောင့် စပါးစိုက်ဧက ရှစ်သိန်းနီးပါး (၇၉,၃၀၀) နဲ့ အခြား စိုက်ပျိုးသီးနှံ ဧကပေါင်း ခုနစ်သောင်း နီးပါးပျက်စီးခဲ့ပြီး တိရစ္ဆာန်ကောင်ရေ နှစ်သိန်းနီးပါး (၁၈၁,၄၉၁) သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့နဲ့ ၂၈ ရက်နေ့အတွင်း နေပြည်တော်မှာပြုလုပ်တဲ့ ရေဘေးကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ စစ်ကောင်စီဘက်က အလှူငွေ ၄၂ ဘီလီယံအထိ ရရှိခဲ့ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်အလိုက် လုပ်ငန်းရှင်တွေဘက်က လှူဒါန်းတာတွေလည်းရှိပြီး ရှမ်းပြည်နယ်အတွင်းမှာဆိုရင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် လက်ခံရရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီငွေတွေကို ဘယ်လိုအသုံးပြုနေတယ် ဆိုတာကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ မြေပြိုတာ၊ ရေကြီးရေလျှံတာတွေ အဆိုးဆုံးဖြစ်ခဲ့ပြီး မြို့ပေါင်း ခုနစ်ဆယ်က လူဦးရေ တစ်သန်းကျော် ရေဘေးနဲ့ ကြုံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ရေဘေးသင့် ပြည်သူတွေအတွက် စိုက်ပျိုးရေး ပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှု အကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည် အခက်အခဲတွေကို ဆက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။