စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူမှာ လူတစ်သောင်းကျော် ရေဘေးသင့်

RFA Burmese
2024.08.31
စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူမှာ လူတစ်သောင်းကျော် ရေဘေးသင့် ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်နေသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
Facebook/ Badan Sai

စစ်တောင်းမြစ်ရေ ဒုတိယအကြိမ် ပြန်လည်မြင့်တက်လာတာကြောင့် ပဲခူးတိုင်း တောင်ငူမြို့ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ စစ်တောင်းမြစ်ကမ်းဘေးတစ်လျှောက်က ရွာပေါင်း သုံးဆယ်ခန့် ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၃၁ ရက်နေ့မှာ RFA ကိုပြောပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့ကစလို့ မြစ်ရေ ပြန်လည်မြင့်တက်လာတာဖြစ်ပြီး ရေဘေးသင့်နေသူတွေအတွက် စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အရင်တစ်ခေါက်ကထက် ပိုတက်တယ်။ အခုဒီတစ်ခေါက်က တော်တော်လေးကို ဒုက္ခရောက်တဲ့သူများတယ်။ ပြောမယ်ဆိုရင် ရေတွေလည်း ဒုက္ခရောက်တယ်၊ စားနပ်ရိက္ခာလည်း ဒုက္ခရောက်တယ်၊ အကုန်လုံး ဒုက္ခရောက်တယ်။ မြေနိမ့်ပိုင်းဆိုရင် အကုန်မြုပ်သွားတာကိုး။ နေစရာပါ ဒုက္ခရောက်တယ်။ ရေကတော့ ပိုဒုက္ခရောက်တယ်"

လက်ရှိမှာ တောင်ငူမြို့ရဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်လျှာစွန်း၊ မြစ်ကြီးပေါက်၊ အုတ်ကျွန်းတန်း၊ မြို့ကြီး၊ ပေါက်တောနဲ့ သံဖြူချောင်း စတဲ့ရပ်ကွက်တွေမှာ ရေက ခြောက်ပေနီးပါးအထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် မြစ်ကမ်းဘေးမှာရှိတဲ့ ပြသောင်၊ သဖန်းပင်၊ ဇီးဖြူပင်၊ ချောင်းကမ်း၊ ပိတောက်ကုန်းရွာတွေမှာ ရေးကြီးရေလျှံဖြစ်နေပြီး ရေဘေးသင့်သူက တစ်သောင်းကျော်အထိ ရှိနေတာပါ။

တောင်ငူမြို့ပေါ်မှာတော့ ပေါ်တော်မူဘုရား၊ ရွှေဂူကြီး၊ တောရကျောင်း၊ အုတ်ကျွတ်တန်း စာသင်းကျောင်း၊ အ.ထ.က (၆) စာသင်ကျောင်းနေရာတွေအပါအဝင် ကယ်ဆယ်ရေးစခန်း ခုနစ်ခုအထိ ဖွင့်လှစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေကြီးမှုကြောင့် ရပ်ကွက်နဲ့ ရွာတွေမှာရှိတဲ့ သောက်သုံးရေကန်တွေ ရေမြုပ်သွားပြီး သုံးမရတော့တဲ့အတွက် သောက်သုံးရေ အခက်အခဲကြုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

"အဓိကတော့ သောက်သုံးရေ ပြတ်လပ်တယ်။ ရေက တက်လာတဲ့အချိန်မှာ ရေတွင်းတွေ ပျက်စီးတာ။ အဓိကက သောက်သုံးရေနဲ့ စားသောက်ကုန်ပဲ။ တောင်ငူမြို့ဆိုရင် ရေဆိုတာအလွယ်တကူ ၀ယ်လို့ရတယ်။ သဖန်းပင်တို့၊ ဇီးဖြူပင်တို့ကျတော့ ရေ၀ယ်ဖို့က ရေလမ်းကို ဖြတ်ပြီး လာ၀ယ်ရတာရှိတယ်။ အဆိုးဆုံးနေရာတွေက ဇီးဖြူပင်၊ ပြသောင်တို့ဘက်ကတော့ တော်တော်ဆိုးတယ်။ သူတို့ကျ ရေဘေးစခန်းမရှိဘူး။ တာပေါ်လေးတွေမှာ နေနေရတယ်"

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကလည်း စစ်တောင်းမြစ်ရေ ပထမအကြိမ် မြင့်တက်ခဲ့တာကြောင့် ဒေသခံတွေ ရေးဘေးသင့်ခဲ့ပြီး လက်ရှိမှာ နောက်တစ်ကြိမ် ထပ်ကြုံရတာပါ။

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေဝင်နစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Photo)
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေဝင်နစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Photo)

တောင်ငူမြို့ရဲ့ စစ်တောင်းမြစ်အောက်ပိုင်းမှာရှိတဲ့ ညောင်လေးပင်ခရိုင်မှာလည်း ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တစ်ပတ်အကြာ ရေကြီးရေလျှံဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာတော့ တိုက်ပွဲတွေကြောင့် အရင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးဒဏ်အပြင် ရေဘေးပါ ထပ်ကြုံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရေတော့ ပြန်လျော့သွားတယ်။ ဒါပေမဲ့ လမ်းကြောင်းတွေ အကုန်ပိတ်ထားတယ်၊ ဘယ်မှ သွားလို့မရဘူး။ ကုန်တွေလည်း မ၀င်ဘူး၊ လူတွေလည်း ထွက်လို့မရပါဘူး။ ပိတ်ထားတာ ဆယ်ရက်လောက်ရှိပါပြီ။ စစ်ဘေးကလည်း ရှောင်ရတယ်။ ရေဘေးကလည်း သင့်တယ်။ စားသောက်ကုန်ကလည်း စျေးကြီးတယ်။ ကျန်းမာရေးအရ အပြင်ကိုလည်း ထွက်လို့မရဘူး။ ပြည်သူတွေကတော့ အတော်ဒုက္ခရောက်တယ်။ စား၀တ်နေရေး အတော်ခက်ခဲကြတယ်"

ကျောက်ကြီးမြို့နဲ့ အနီးတစ်၀ိုက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ ဒေသခံ လေးရာခန့်ဟာ ဒုတိယအကြိမ် ရေဘေးကြုံရတာလို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်တောင်းမြစ်ရေ တက်လာပြီး တောင်ငူမြို့နယ်က ရွာတချို့ ရေဝင်နစ်မြုပ်

နိုင်ငံတစ်ဝန်း လူလေးသိန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်း UNOCHA ပြော

မြို့သုံးခုမှာ ရေကြီးမှုတွေ ဆက်ဖြစ်နိုင်ကြောင်း မိုးဇလပြော


ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူထံ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်အထိ မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်းသိန်းချီ ရေဘေးဒုက္ခကြုံခဲ့ရပြီး သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်တာ၊ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာနဲ့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့ထုတ်ပြန်ချက်မှာတော့ နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေးဘေးသင့်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်အခြေအနေတွေကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။