အာဏာသိမ်းပြီးနောက် လွတ်လပ်စွာရေးသားထုတ်ဝေခွင့် ချိုးဖောက်ခံနေရ

2022.09.02
အာဏာသိမ်းပြီးနောက် လွတ်လပ်စွာရေးသားထုတ်ဝေခွင့် ချိုးဖောက်ခံနေရ ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တစ်ချို့အား ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

လိင်တူချစ်မြတ်နိုးမှုအကြောင်း ရေးသားထားတဲ့ “Hold my hand and be my man” စာ အုပ်ကို ထုတ်ဝေဖို့ ကြိုးစားခဲ့တဲ့ ဒေါ်ရတနာဝတ်ရည်ထွန်း (ကံကောင်းခြင်းအိမ်ငယ်လေး) စာပေတိုက်ပိုင်ရှင်ကို ဩဂုတ်လ ၂၂ ရက်ကစလို့ ထုတ်ဝေခွင့်ရုပ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီပိတ်ပင်မှုကြောင့် အဲဒီစာအုပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုကြား ရောက်မလာ တော့ဘဲ ပုံနှိပ်အဆင့်မှာတင် ရုပ်သိမ်းလိုက်ရပါတယ်။ ဒေါ်ရတနာဝတ်ရည်ထွန်းဟာ ထုတ် ဝေခွင့် ပိတ်သိမ်းခံရရုံမက ရဲနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခံထားရကြောင်း စာပေအသိုက်အဝန်းက သူ့ရဲ့မိတ်ဆွေတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

“ဒီမိုကရေစီဆိုရင် လွတ်လွတ်လပ်လပ် ရေးရမယ်။ လုပ်ရမယ်။ ဝေဖန်နိုင်ရမယ်။ ထောက်ပြနိုင်ရမယ်"

ဒါပေမဲ့ ဘယ်နေ့၊ ဘယ်ရက်က သူအဖမ်းခံလိုက်ရသလဲ၊ အခု ဘယ်မှာရောက်နေသလဲဆိုတဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

“Hold my hand and be my man” စာအုပ်ကြောင့် ထုတ်ဝေသူသာမက စာရေးသူပါ တိမ်းရှောင်နေရတယ်လို့ စာပေအသိုက်အဝန်း သတင်းရင်းမြစ်တွေက RFA ကို ပြောပါ တယ်။ ဩဂုတ်လ ၂၄ ရက်ကစလို့ ထုတ်ဝေသူရဲ့ ကံကောင်ခြင်းအိမ်ငယ်လေး စာပေတိုက် ရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာလည်း ဖြုတ်ချခံထားရပြီး လုံခြံရေးအခြေအနေ ကြောင့် စာရေးသူ ဘယ်သူလဲဆိုတာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ထုတ်ဖော်ပြော ဆိုခြင်း မရှိပါဘူး။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၂၄ ရက် ထုတ်ပြန်ချက်မှာတော့ ထုတ်ဝေသူဟာ ပုံနှိပ် ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေပုဒ်မ-၈၊ ပုဒ်မခွဲ (က) နဲ့ (ဂ) ပါ စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး ညစ်ညမ်းစာပေ ထုတ်ဝေတာကြောင့် ပိတ်ပင်လိုက်တာလို့ ဖော်ပြထားပါ တယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ထုတ်ဝေခွင့်ကို ချိုးဖောက်တာဖြစ် ပြီး စာပေအမှောင်ခတ် တစ်ခေတ်ဆီကို ပြန်သွားမယ့်သဘောလို့ ရန်ကုန်မြို့က အမည် မဖော်လိုတဲ့ ထုတ်ဝေသူတစ်ဦးက ဝေဖန်ပြောဆိုပါတယ်။

“စာပေထုတ်ဝေရေး သမားတွေကို ဒီလိုမျိုး ဖမ်းဆီးလာတယ်ဆိုတာမျိုးကတော့ ကျနော် တို့ လက်မခံဘူးပေါ့နော်။ မဖြစ်သင့်ဘူးပေါ့။ စာအုပ်ထုတ်ဝေရေးသမားတွေအနေနဲ့ အရင်တုန်းကလိုမျိုးပဲ ကိုယ်ပိုင်လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ထုတ်ဝေခွင့်တွေ ရှိရမှာပေါ့ နော်။ ဒီပေါ်မှာထပ်ပြီးတော့ ဖိနှိပ်လာတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ အဲဒီဆိုလို့ ရှိရင် စာပေအမှောင် တစ်ခတ်ကို ပြန်ပြီးသွားတော့မှာလို့ပဲ ပြောရမှာပဲ”

လိင်တူချင်း ချစ်ခင်စုံမက်မှုအကြောင်း ရေးသားတဲ့ စာအုပ်နဲ့ ထုတ်ဝေတဲ့ စာပေတိုက် အပိတ်ခံရတာဟာ ဒါ ဒုတိယအကြိမ် ဖြစ်ပြီး၊ အခုနှစ် ဧပြီလထဲမှာလည်း အမျိုးသားချင်း လိင်တူချစ်မြတ်နိုးမှုအကြောင်း “My Possessive Step-Bro” စာအုပ် ထုတ်ဝေသူ ရွှေလာဘ်စာပေတိုက်ပိုင်ရှင် ဒေါ်လှိုင်လှိုင်သင်းကို အာဏာပိုင်တွေက ဧပြီလထဲမှာ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ့နောက် ဒေါ်လှိုင်လှိုင်သင်းကို တည်ဆဲဥပဒေတွေအရ အရေးယူမှာဖြစ်ကြောင်း ဧပြီလ ထဲမှာပဲ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဖြေကြားခဲ့ဖူးပါတယ်။

ဒါတွေဟာ LGBT လို့ခေါ်တဲ့ လိင်တူချစ်သူတွေနဲ့ အဲဒီအကြောင်းရေးသားတဲ့ စာအုပ်စာပေ တွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တဲ့လုပ်ရပ်လို့ LGBT တစ်ဦးဖြစ်တဲ့ Gus က RFA ကို ပြောပါတယ်။

“ဒီလိုလုပ်တယ်ဆိုတာက ပြောရမယ်ဆိုလို့ရှိရင် ဒါက BL တွေဆိုတာကလည်း နိုင်ငံတ ကာမှာ တရားဝင် ခွင့်ပြုထားပြီးသား စာပေတွေ ဖြစ်တယ်ပေါ့နော်။ ဘယ်လိုလဲဆိုတော့ မိန်းမနဲ့ ယောက်ကျားနဲ့ ကြိုက်တဲ့စာကို ရေးတာရှိရင် ယောက်ကျားချင်းကြိုက်တာကို လည်း ရေးတဲ့စာ ရှိတယ်။ စာကိုစာလိုပဲ ဖတ်တယ်။ ရသလိုပဲ ဖတ်တယ်၊ ခံစားတယ်ပေါ့ နော်။ စစ်ကောင်စီကကျတော့ သူတို့မှာက ဒီဟာကို တမင်သက်သက်ကိုပဲ LGBT တွေ အပေါ်မှာ တမင်သက်သက် နှိပ်ကွပ်တယ်ပေါ့နော်။ တမင်သက်သက် ဖိနှိပ်ချုပ်ချယ် တယ်လို့ပဲ ပြောချင်ပါတယ်”

စစ်ကောင်စီက ဒီလိုစာပေအမျိုးအစားကို စာအုပ်အဖြစ် လူထုအကြား ရောက်မလာအောင် ထုတ်ဝေသူတွေကို ပိတ်ပင်ထားပေမယ့်လည်း နည်းပညာတိုးတက်တဲ့ အခုလိုခေတ်ကြီးမှာ လူငယ်တွေက အပလီကေးရှင်းမျိုးစုံကနေ ဖတ်ထားပြီးပြီလို့လည်း သူက ဆိုပါတယ်။

LGBT တစ်ဦးလည်းဖြစ် ကိုယ်တိုင်စာရေးသူတစ်ဦးလည်းဖြစ်တဲ့ စောဟန်နွေဦးကတော့ လိင်တူချစ်သူတွေကို အပြစ်တစ်ခုလို့မြင်ပြီး အရေးယူမယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို လူ အသိုက်အဝန်းတစ်ခုလုံးကနေ ပျောက်သွားအောင် ဝိုင်းဝန်းတိုက်ဖျက်သင့်တယ်လို့ ပြော ပါတယ်။

“ပွင့်လင်းမြင်သာလာတဲ့ခေတ်မှာ ကျမပြောချင်တာက 18 + စတိုရီတွေ၊ လိင်အသားပေး စတိုရီတွေတောင် အများကြီး ထွက်နေတဲ့ခေတ်မှာ ကျမတို့ LGBT တွေနဲ့ ပတ်သက်တဲ့ ရေးထားတဲ့စာပေတွေကို လိင်အသားပေးပါဆိုပြီး အဓိက ပြစ်ချက်သည် အဲဒါပဲ၊ လိင်တူ ဆက်ဆံလို့ဆိုတဲ့ အတွေးတွေနဲ့ ဒီဟာကြီးကို ပိတ်ပစ်လိုက်တာ။ သူတို့ရဲ့အတွေးတွေမှာ က လိင်တူလို့ ပြောလိုက်တာနဲ့ ဒီအိပ်ရာပေါ်ကကိစ္စ လိင်တူဆက်ဆံတာသည် သဘာဝ မကျဘူးဆိုပြီးတော့ စလိုက်တာပဲ။ အဲဒီဟာကြီးက အတွေးအမြင်ကြီးက ကျမတို့တွေ တိုက်ထုတ်ခဲ့တာ ဖျောက်ဖျက်ခဲ့တာ အတိုင်းအတာတစ်ခုအထိ ရှိနေပြီလေ”

စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက အခုနှစ် ဧပြီလထဲမှာပဲ ရွှေလာဘ်စာပေနဲ့ စာအုပ် ထုတ်ဝေရေးလုပ်ငန်း၊ ရန်အောင်စာပေနဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းနဲ့ ဝင်းတိုးအောင် ပုံနှိပ်တိုက်တို့ကို ဘာသာရေး၊ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ မကိုက်ညီလို့ဆိုပြီး လုပ်ငန်းလိုင်စင် တွေ ရုပ်သိမ်းခဲ့ပါတယ်။

lwinoo.jpg
ရန်ကုန်မြို့ ကမာရွက်မြို့နယ် လှည်းတန်းမှာရှိသည့် လွင်ဦးစာပေအား တွေ့ရစဉ် (Photo: Lwin Oo)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအကြောင်း ရေးသားတဲ့စာအုပ်ကို ဖြန့်ဝေလို့ဆို ပြီး လွင်ဦးစာပေတိုက်ကိုလည်း ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ဝေ ခွင့် ပိတ်ခဲ့ပါတယ်။

ဆန်းကြယ်ပုံနှိပ်တိုက်ကိုလည်း နိုင်ငံရေး လက်ကမ်းစာစောင်တွေကို ပုံနှိပ်ပေးလို့ဆိုပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ ပိတ်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒီမိုကရေစီကို ထိန်းတဲ့အစိုးရလို့ ကိုယ်တိုင်ပြောဆိုထားတဲ့အတွက် လွတ် လပ်စွာ ရေးသားခွင့်ပေးရမှာဖြစ်ပြီး စာရေးသူတွေ၊ ထုတ်ဝေသူတွေကို အကြောင်းအမျိုးမျိုး ပြ ပိတ်ပင်ထိန်းချုပ်နေရင်တော့ စာပေလောက ဆက်လက်ရပ်တည်ရှင်သန်ဖို့ အတော်ခက် ခဲလိမ့်မယ်လို့ စာရေးဆရာမ တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမိုကရေစီဆိုရင် လွတ်လွတ်လပ်လပ် ရေးရမယ်။ လုပ်ရမယ်။ ဝေဖန်နိုင်ရမယ်။ ထောက်ပြနိုင်ရမယ်။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ သူတို့ ကြိုက်တာဆိုရင် အခု ခတ်စကားနဲ့ ပြောရရင် လော်တာဆိုရင် မသိချင်ယောင် ဆောင်နေတယ်။ ပုံနှိပ်တိုက် ကိုတော့ ဖမ်းတာမျိုး မဟုတ်ဘူး၊ အရေးယူတာမျိုးပေါ့။ စာအုပ်တိုက်၊ စာရေးဆရာ အဆင့်အထိ ရောက်လာတဲ့အခါကျတော့ စာပေလွတ်လပ်ခွင့်က တစ်ကယ့်ကို အောက် ဆုံးကို ရောက်နေပြီလို့ ပြောလို့ရတယ်။ အဲဒီလိုမျိုးနဲ့အတူ ဘာတွေဖြစ်လာလဲဆိုတော့ ဒီပေါ်မှာ ရပ်တည်နေရတဲ့ စာရေးဆရာ၊ စာအုပ်တိုက်တွေရဲ့ ရှင်သန်ရေးကလည်း တော်တော်လေး ခက်ခဲလာတဲ့ အနေအထားမှာတော့ တွေ့ရတယ်ပေါ့နော်”

ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ စာပေအသိုက်အဝန်းက သတင်းရင်းမြစ်ပေါ် အခြေ ခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၁၉ လအတွင်း ပိတ်သိမ်းခံရတဲ့ စာပေတိုက် လေးခုနဲ့ ပုံနှိပ်တိုက် နှစ်ခု စုစုပေါင်း ခြောက်ခု ရှိသွားပါပြီ။

လက်ရှိအချိန်မှာ စာရေးဆရာ၊ ထုတ်ဝေသူ၊ ဖလင်ခွဲသူနဲ့ ပုံနှိပ်တိုက်ကအစ အားလုံး အကြောက်တရားနဲ့ အလုပ်လုပ်နေရတာကြောင့် ရန်ကုန်မြို့မှာ စာပေထုတ်ဝေရေးနဲ့ ပုံနှိပ်တိုက်လုပ်ငန်းလုပ်ကိုင်သူ အတော်နည်းသွားတယ်လို့လည်း စာပေအသိုက်အဝန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။