ဩစတြေးလျရဲ့ တရုတ်စစ်လက်နက်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာစစ်တပ်

2021.11.30
ဩစတြေးလျရဲ့  တရုတ်စစ်လက်နက်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာစစ်တပ် စစ်တပ် တိုက်လေယာဥ်နှစ်စီးကို တွေ့ရစဥ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဩစတြေးလျရဲ့ နိုင်ငံပိုင် ငွေကြေးအဖွဲ့အစည်းဖြစ်တဲ့ Future Fund က တရုတ်အစိုးရ ထိန်းချုပ်တဲ့ စစ်လက် နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီလုပ်ငန်းကနေ မြန်မာစစ်တပ်ကို တိုက် လေယာဉ်တွေ ရောင်းချခဲ့တာပါ။

Future Fund ရဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၁၅၇ သန်း ရှိပြီး၊ ကုမ္ပဏီ ၁၄ ခုမှာ ထည့်ဝင်ထားပါတယ်။ ဒါ့အပြင် တရုတ်စစ်တပ်၊ လေကြောင်း ကော်ပိုရေးရှင်း AVIC ရဲ့ လက်ခွဲလုပ်ငန်း ငါးခုမှာလည်း ဒေါ်လာ ၄.၉ သန်း မြှုပ်နှံထားတာပါ။

အလားတူ အိန္ဒိယအစိုးရ ထိန်းချုပ်တဲ့ Bharat Electronics လက်နက်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ကြား၊ အဆက် အစပ်ရှိနေတဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း၊ သတင်းအချက်အလက် လွတ်လပ်မှု ဥပဒေအရ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ရပ်ကလည်း ဖော်ပြပါတယ်။ အဲဒီ Bharat အိန္ဒိယ လက်နက် ကုမ္ပဏီမှာ ဩစတြေးလျရဲ့ Future Fund က ဒေါ်လာ ၁၇.၈ သန်း မြှုပ်နှံထားတာပါ။ Bharat ကုမ္ပဏီကို အိန္ဒိယ အစိုးရက ထိန်းချုပ်ထားပြီး၊ မြန်မာစစ်တပ်ကို လက်နက်တွေ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

အဲဒီထဲမှာ ရေဒါ၊ ဆိုနာ၊ ကမ်းခြေစောင့်ကြပ်ရေးစနစ်နဲ့ အဝေးထိန်းစနစ်သုံး လက်နက်သိုလှောင်ရေးတွေ ပါဝင်ပါတယ်။ အဲဒီကုမ္ပဏီကို နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ ပါဝင်ပတ်သက်မှုနဲ့ ၁၉၉၈ နဲ့ ၂၀၀၁ ခုနှစ်အတွင်း အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူခဲ့ပြီး ၂၀၀၁ ခုနှစ် အမေရိကန်နိုင်ငံအတွင်း အကြမ်းဖက်မှု ဆန့်ကျင်ရေးမှာ အိန္ဒိယရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိတ်ဆို့မှုတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ Future Fund ဟာ ဩစတြေးလျအစိုးရရဲ့ ကိုယ်စား၊ ဒေါ်လာဘီလျံ နှစ်ရာဝန်းကျင်ကို ရင်းနှီးမြှုပ်နှံထားပြီး အစိုးရ ဘဏ္ဍာရေးဝန်‌ကြီး ဦးဆောင်တဲ့အဖွဲ့က ကြီးကြပ်နေတာပါ။

မြန်မာစစ်တပ်ကတော့ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးမှာ ကလေးသူငယ်တွေ အပါအဝင် လူမျိုးတုံးသတ် ဖြတ်မှုအဆင့်ထိ သတ်မှတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှု၊ မီးရှို့မှု၊ ညှဥ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီဖြစ်စဉ်မှာ ရိုဟင်ဂျာ နှစ်သောင်းခွဲကျော် သတ်ဖြတ်ခံခဲ့ရပြီး ခုနစ်သိန်းဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးခဲ့ကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၉ခုနှစ်မှာ တရုတ်လေကြောင်းကော်ပိုရေးရှင်း AVIC ဟာ နိုင်ငံတကာ လူသားချင်းစာနာကူညီရေး ဥပေဒကို ချိုးဖေါက်ပြီး စစ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေကို မြန်မာစစ်တပ်ထံ ပေးပို့ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကလည်း မြန်မာစစ်တပ်က AVIC ထံက JF-17M တိုက်လေယာဉ် ၁၆ စီးကို အမေရိကန်ဒေါ်လာ သန်း ၅၆၀ နဲ့ မှာကြားခဲ့ပါတယ်။ တရုတ် လေကြောင်းကော်ပိုရေးရှင်း AVIC ဟာ JF-17M တိုက်လေယာဉ်နဲ့ ပစ်ခတ်နိုင်တဲ့ တာတိုပစ်ဒုံးကျည် ၄၀ နဲ့ တာဝေးပစ် ဒုံးကျည် ၂၄ စင်းကိုလည်း ၂၀၁၈ -၂၀၁၉ ခုနှစ်တွေ အတွင်း ပေးပို့ခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနက ဖေါ်ပြပါတယ်။

ဖေဖေါ်ဝါရီလ အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်ကောင်စီဟာ ကလေးသူငယ်တွေ အပါအဝင် အရပ်ဘက်ပြည်သူ ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ ကျေးရွာတွေကို မီးရှို့မှု၊ လေကြောင်း တိုက်ခိုက်မှုတွေ ကျုးလွန်ခဲ့ကြောင်း Justice For Myanmar အဖွဲ့ က ပြောပါတယ်။

ဩစတြေးလျရဲ့ နိုင်ငံပိုင် ငွေကြေးအဖွဲ့အစည်းဖြစ်တဲ့ Future Fund ဟာ မြန်မာစစ်ကောင်စီကို လက်နက် ပံ့ပိုးနေပြီး ဩစတြေးလျပြည်သူတွေရဲ့ အခွန်ငွေတွေဟာလည်း မြန်မာစစ်ရာဇဝတ်မှု ကျုးလွန်သူတွေအတွက် ဂျက်တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ရေဒါတွေ သုံးစွဲနိုင်ရေး ဖြစ်နေကြောင်း၊ မြန်မာပြည်သူတွေရဲ့ ဘ၀နဲ့ မြန်မာ့ရှေ့ရေး အနာဂတ်ကို အမြတ်မထုတ်ကြစေလိုကြောင်းလည်း ပြောပါတယ်။

စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေ အပါအဝင် မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဖက်စပ် လုပ်ကိုင်နေတဲ့ ဩစတြေးလျကုမ္ပဏီတွေကို NUG အမျိုးသားညီညွတ်ရေးအစိုးရက ပြစ်တင်‌ဝေဖန် လိုက်ပါတယ်။

Future Fund ရင်းနှီးမြှုပ်နှံထားတဲ့ တခြားကုမ္ပဏီတွေတွေထဲမှာ မြန်မာစစ်တပ်အတွက် ထရပ်ကားတွေ ထုတ်လုပ်ပေးနေတဲ့ Sinotruk လည်းပါဝင်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ကို ထရပ်ကားတွေ မရောင်း ချကြောင်း Sinotruk က ငြင်းဆိုပါတယ်။ မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ Future Fund ရဲ့ အ‌ကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဟာ ကိုရီးယားသံမဏိလုပ်ငန်း Posco ဖြစ်ပြီး ရွှေသဘာ၀ဓါတ်ငွေ့စီမံကိန်း မှာလည်း ပါဝင်နေတာကြောင့် အကျိုးအမြတ် ကြီးမားလှပါတယ်။

Future Fund ဟာ မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ အဖျော်ယမကာလုပ်ငန်းထဲက ကီရင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်ဖို့လည်း ဒေါ်လာ ၃၃ သန်း မြှုပ်နှံထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်တပ်ပိုင် ဦးပိုင်လီမိတက် နဲ့ ဖက်စပ်လုပ်ကိုင်နေတာကို ကီရင်က ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပေမဲ့ နောက် ဆက်တွဲ ပြဿနာတွေရှိနေဆဲဖြစ်ပြီး ဒီလအစောပိုင်းမှာ ဦးပိုင်လီမိတက်က နှစ်ဦးနှစ်ဖက် ဖက်စပ်ဆောင်ရွက် မှုကို ဖျက်သိမ်းဖို့ တရားရုံးတွေမှာ လျှောက်ထားခဲ့ပါတယ်။

ကီရင် ကုမ္ပဏီ ပြောခွင့်ရသူကတော့ ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်ရဲ့ လတ်တလောလုပ်ရပ်တွေအပေါ် အလေးအနက်စိုးရိမ်မိသလို၊ မိမိတို့ရဲ့ အဆင့်အတန်း ကျဆင်းသွားမှာ၊ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒတွေ ထိခိုက်သွားမှာ စိုးရိမ်ကြောင်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။