အထည်ချုပ်လောကမှာ အလုပ်ရှင်တွေ အသာစီးရပြီး အလုပ်သမားတွေ ဖိနှိပ်ခံရမှုများနေ
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်နေတဲ့ အထွေထွေ အကျပ်အတည်းကြောင့် ပြည်သူတွေ အလုပ်အကိုင်ရှားနေချိန်မှာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာတော့ အလုပ်ရှင်တွေ အသာစီးရနေပြီး အလုပ်သမားတွေက အခွင့်အရေး ချိုးဖောက်ခံနေရသလို သူတို့အတွက် အကာအကွယ်မယ့်နေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။
ကုန်သွယ်မှု ကျင့်ဝတ်စောင့်ကြည့်ရေးအဖွဲ့ (Ethical Trading Initiative -ETI) ကလည်း မြန်မာပြည်ကအထည်ချုပ် လုပ်ငန်းတွေနဲ့ပတ်သက်လို့ "အထည်ချုပ်ကဏ္ဍက စီးပွားရေး လုပ်ငန်းတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်သော အကြုံပြုချက်" ဆိုတဲ့အမည်နဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အဲဒီ အခြေအနေ တွေကို ဖော်ပြထားပါတယ်။
(ETI) အဖွဲ့ဟာ ဒိန်းမတ်၊ ဆွီဒင်နဲ့ နော်ဝေနိုင်ငံတွေမှာ အခြေစိုက်ထားပြီး ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို လေ့လာစောင့်ကြည့် မှတ်တမ်းယူနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမားတွေကို အလုပ်အဓမ္မခိုင်းစေတာ၊ လုပ်ခလစာ ခေါင်းပုံဖြတ်တာ၊ အချိန်ပို လုပ်ခမပေးဘဲခိုင်းစေနေတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားတာတွေကို လုပ်ငန်းရှင်တွေဘက်က ကျူးလွန်နေတဲ့ အထောက် အထားတွေကို စစ်တမ်းကောက်ယူထားတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
စက်ရုံပိုင်ရှင်အပါအဝင် ထိပ်ပိုင်းဦးဆောင်သူ အတော်များများရဲ့ ဖိနှိပ်တာကိုခံနေရတယ်လို့ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီး အလုပ်သမားတစ်ဦး က RFA ကိုပြောပါတယ်။
“ညီမတို့စက်ရုံက ဖူလုံရေး ကြေးဖြတ်တယ်။ ၆၀၀၀ ဖြတ်တယ်။ ဒါပေမဲ့ ဒီလ ၉ လပိုင်း ကစပြီး မဖြတ်တော့ဘူး လို့တော့ပြောတယ်။ ဖြတ် မဖြတ်မသိရသေးဘူး။ ဒါပေမဲ့ မဖြတ်တော့ဘူး လို့တော့ ကြားတယ်။ ပြီးတော့ ကိုယ့်မိဘတွေကတောင်မှ သောက်နဲ့ မနှိုင်းဘူးတဲ့ အလုပ်သမားတွေကို သူတို့က ရာထူးကြီးငယ်အလိုက် ဆဲတာ ဆိုတာက အစ.. အလုပ်သမားတွေကို hourly တောင်းတယ်။ အလုပ်စံချိန် တိုးတောင်းတယ်။ တိုးတောင်းတာ မပြည့်လို့ရှိရင် ဆဲတယ်၊ ဆိုတယ်၊ ဒူးထောက်ပြီး လမ်းလျှောက် ခိုင်းတယ်။ ဆဲတာ ဆိုတာအပြင် အထုတ်နဲ့ ပစ်ပေါက်ခံရတာ၊ ဒူးထောက် လမ်းလျှောက် ခိုင်းတာတွေ ခံရတာ အလုပ်သမားတွေ ဘက်က အရမ်းကိုရင်နာရတယ်။”
အလုပ်သမားတွေရဲ့ ခံစားခွင့်နဲ့ လျှော်ကြေးတွေ မပေးရအောင် အလုပ်သမားတွေကို နေ့စားအနေနဲ့ပဲ ခန့်တာမျိုး နည်းလမ်းတွေလည်း သုံးလာကြတယ်လို့ သွေးစည်း ညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
“သူတို့က အလုပ်သမားတွေကို Permanent (အမြဲတမ်း) ဝန်ထမ်း လစာအနေနဲ့ အတိအကျကြီး မခန့်တော့ဘဲ နေ့စားအနေနဲ့ပဲ ခန့်ပြီးတော့ ဖြုတ်ချလိုက်တာ။ ဘာလျှော်ကြေးမှ မပေးတော့ဘဲနဲ့။ ပြီးရင်လည်း over time တွေကို ညလုံးပေါက် ခိုင်းတယ်။ မဆင်းဘူးဆိုရင် နောက်နေ့ကျရင် သူတို့က လိုင်းရွှေ့တာတို့၊ လိုင်းသားတွေ လောက်ပဲဖြုတ်တာ မဟုတ်ဘူး၊ စူပါတွေကအစ ဖြုတ်တာ ဆက်တိုက်။ ဟိုရက်ကဆို တစ်နေ့ကို ၇၀၊ ၇၀။ လူရာကျော် ကျမတို့ဆီ အကူအညီတောင်းဖို့ ရောက်လာတာ။”
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေ မရှိတော့တာကို အလုပ်ရှင်တွေက အခွင့်ကောင်းယူပြီး အလုပ်သမား အခွင့်အရေးတွေကို နည်းလမ်းမျိုးစုံနဲ့ ချိုးဖောက် လာတယ်လို့ အလုပ်သမားတွေနဲ့ သူတို့ကို ကူညီနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
အခုအခြေအနေဟာ အလုပ်သမားသမဂ္ဂတွေ ရှိစဉ်ကနဲ့ အရမ်းကွာခြား သွားတယ်လို့ လှိုင်သာယာ စက်မှုဇုံက အမျိုးသမီးအလုပ်သမားက ပြောပါတယ်။
“အရမ်းကို ကွာခြားသွားတယ်။ အလုပ်သမား သမဂ္ဂရှိတုန်းကဆိုရင် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေက ဖြည့်ဆည်းပေးရတယ်။ အခုသမဂ္ဂမရှိတော့တဲ့ အခါ သူတို့က နှစ်ဆ သုံးဆ အလုပ်သမားတွေ အပေါ်ဖိနှိပ်မှုတွေရှိလာတယ်။ ကိုယ်တွေဘက်မှာ မားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးမယ့်သူမရှိဘူး။ ရှိတဲ့ ကာကွယ် ပေးနေသူတွေကိုလည်း အလုပ်ရှင်တွေဘက်က အသိအမှတ်မပြုဘူး။”
အလုပ်သမားတွေဘက်က ကာကွယ်ပေးမယ့်သူ ရှားပါးနေတဲ့အချိန်မှာပဲ နိုင်ငံခြားသား အလုပ်ရှင်တွေက အုပ်စုဖွဲ့ဖိနှိပ်လာတာလို့ ဒေါ်မျိုးမျိုးအောင်က ပြောပါတယ်။
“တရုတ်စက်ရုံတွေက Group ဖွဲ့ထားတာ။ သူတို့စက်ရုံကနေ အဆင်မပြေလို့ ထွက်လာတဲ့အဖွဲ့ ရှိတယ်။ အခု ရက်ပိုင်းမှာ ဖြစ်သွားတာ။ အဲဒီ ၁၀၀ ကျော်ဆိုတာ အဲဒါပဲ။ တစ်လိုင်းမှာ လူ ၇၀ ပါ တယ်။ စူပါ နှစ်ယောက်နဲ့ နှစ်လိုင်း ထွက်လာတယ်။ ထွက်လာပြီးတော့ နောက်စက်ရုံမှာ အလုပ်လုပ် နေပြီ။ အဲဒါကို အဲဒီက မန်နေဂျာက လိုက်လာပြီးတော့ ဒီအလုပ်သမားတွေ မခန့်နဲ့ ငါတို့စက်ရုံက ထွက်သွားတာပေါ့။ အဲဒီလိုမျိုးပြောပြီးတော့ အလုပ်ဆင်းနေရင်းကို မခန့်တော့ဘူး ပြောပြီးတော့ သူတို့ကို ဖယ်လိုက်တာပေါ့နော်။ သူတို့က ဘာပြောလဲ ဆိုတော့ ဒီစက်မှုဇုန်ထဲမှာ ငါတို့က Group ကြီးဖွဲ့ထားတာပေါ့နော်။ ငါတို့စက်ရုံမှာမှ နင်တို့က မလုပ်ဘူးဆိုပြီး ထွက်သွားရင် နောက် စက်ရုံမှာလည်း ရမယ်မထင်နဲ့ပေါ့။ နောက်စက်ရုံကိုလည်း ငါတို့က ဒီလူတွေကို မခန့်နဲ့လို့ ပြောလိုက်ရင် ဘယ်မှာမှ အလုပ်မရတော့ဘူးပေါ့။ အဲဒီလိုမျိုးနဲ့ ခြိမ်းခြောက်နည်း အသစ်တစ်မျိုးပေါ့နော်။ ထပ်တွေ့ လာတာ။”
အထည်ချုပ်စက်ရုံများတွေရဲ့ တူညီချက်ကတော့ အလုပ်သမားတွေအပေါ် လုပ်အား ညှစ်ထုတ် ခိုင်းစေတာ၊အလုပ် သမားတွေဘက်ကစပြီး အလုပ်ထွက်သွားစေဖို့ စည်းကမ်း တွေကို ဥပဒေမဲ့ တင်းကျပ်ထားတာ၊ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ ဥပဒေပါ အခွင့် အရေးတွေကို မျက်ကွယ်ပြုထားတာနဲ့ မြန်မာလူမျိုး မန်နေဂျာတွေနဲ့ ကြီးကြပ်သူ အဆင့်ဆင့်က မြန်မာအလုပ်သမားတွေ အပေါ်ထားတဲ့ စိတ်ဓါတ်နဲ့ ဆဲဆိုကြိမ်း မောင်းမှုတွေ ဖြစ်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သက်ဆိုင်ရာ အလုပ်သမား ဦးစီးဌာနတွေက စစ်ဆေးရေးဝင်မယ့် အချိန်တွေမှာ အလုပ်သမားကြီးကြပ်သူ Supervisor တွေ သင်ပေးတဲ့အတိုင်းပြောဖို့ အလုပ်သမားတွေကို ညွှန်ကြားတာတွေလည်း ရှိပြီး "တိုင်ချင်တဲ့ နေရာတိုင် ဒီအချိန်မှာ မြန်မာနိုင်ငံမှာ ဖြေရှင်းပေးမယ့်ရုံး မရှိဘူး"လို့ မြန်မာလူမျိုး Supervisor တွေက အလုပ်သမားတွေကို မကြာခဏ ပြောတယ်လို့လည်း ဆိုပါတယ်။
"ငါတို့စက်ရုံမှာမှ နင်တို့က မလုပ်ဘူးဆိုပြီး ထွက်သွားရင် နောက် စက်ရုံမှာလည်း ရမယ်မထင်နဲ့ပေါ့။"
အခုလို ဖိနှိပ်နေတဲ့ စက်ရုံတွေက ရန်ကုန်တိုင်း ရွှေပြည်သာနဲ့ အင်းစိန်အထည်ချုပ် လောကမှာရှိတဲ့ တရုတ် လုပ်ငန်းရှင်တွေပိုင်တဲ့ စက်ရုံတွေမှာ အဖြစ်များနေတယ်လို့လည်း ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ ဒီလို ပြောဆိုတာနဲ့ ပတ်သက်လို့ စက်ရုံပိုင်ရှင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် စစ်ကောင်စီအောက်မှာ သတင်းသမားတွေ သတင်းယူရတာခက်ခဲပြီး အန္တရာယ်များနေတဲ့အတွက် စက်ရုံပိုင်ရှင်တွေနဲ့ အဆက်အသွယ်ရဖို့ ခက်နေပါတယ်။
ETI ရဲ့အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်း တင်ပို့ရောင်းချမှုမှာ ပါဝင်တဲ့ ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေ ထိခိုက်မှုလျော့ပါးအောင် ဆောင်ရွက် ပေးကြဖို့ တောင်းဆိုထားပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံမှာ နောက်ထပ် ရင်းနှီး မြှုပ်နှံမှုတွေ မလုပ်ဖို့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု တွေကို ထည့်သွင်းစဉ်းစားဖို့နဲ့ နိုင်ငံအတွင်း ဆက်လက်နေထိုင်ဖို့ ရွေးချယ်တဲ့ လုပ်ငန်းတွေ အနေနဲ့ စံချိန်စံညွှန်း ပြည့်မီကြောင်း ပြသကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီနှစ်တွေအတွင်း စစ်တပ်ရဲ့ဆောင်ရွက်ချက်တွေကလည်း ပြည်သူတွေရဲ့လွတ်လပ်မှုအပေါ် ကြီးမားတဲ့ကန့်သတ် ချက်တွေကိုဖြစ်စေသလို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ ပုံမှန်လည် ပတ်နိုင်ရေးကို အတားအဆီး ဖြစ်စေတယ်လို့ ETI ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။