မန္တလေးနဲ့ နေပြည်တော်က ဗိုလ်ချုပ်နှစ်တစ်ရာပြည့် လူထုဟောပြောပွဲ


2015.01.18

ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မွေးနေ့အကြို လူထုဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ်က ရွှေစည်းခုံ ဘုရားဝင်းနဲ့ နေပြည်တော် ပျဉ်းမနားမြို့နယ်က ကင်ပွန်းတန်းကွင်းမှာ ဒီနေ့ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောခဲ့ပါတယ်။

RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားပါတယ်။

ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြိုအဖြစ် ရမည်းသင်းမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်တွေမှာ ကျင်းပတဲ့ လူထုဟောပြောပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူပြီး လူငယ်တွေအနေနဲ့ ကြိုးစားကြဖို့ အဓိကထား တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ထားပေ မယ့် နိုင်ငံတော်အစိုးရအနေနဲ့ အသိအမှတ်ပြုမထားဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။ ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ထားတာဟာ ကလေးတွေမှာ အောင်ဆန်းစိတ်ဓါတ် ရှိစေချင်တဲ့အတွက် ဖြစ်တယ် လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။                  ။ဗိုလ်ချုပ်မွေးနေ့ကို ဘာဖြစ်လို့ကလေးမွေးနေ့လို့ ဘာဖြစ်လို့လဲဆိုတော့ သက်မှတ်တယ်ဆိုတာကတော့ သိပ်ပြီးတော်တော့မခက်ပါဘူး၊ ကလေးတွေဟာ ဖေဖေနဲ့ပတ်သက်လို့ ကောင်းတဲ့ အရည်အချင်းနဲ့ကို အားကျအောင်လို့ ဒီလိုအရည်အချင်းတွေ မွေးမြူအောင်ဖို့ရာကြိုးစားဖို့ဆိုပြီးတော့ မြန်မာနိုင်ငံ ကလေးများနေ့ဆိုပြီး သက်မှတ်ခဲ့တာဖြစ်ပါတယ်၊ ကျမတို့ဟာ ကလေးတွေကို မှန်မှန်ကန်ကန်ပြုစုပျိုးထောင်မှာ တစ်ချိန်တစ်ခါမှာ ကျမတို့ရဲ့နိုင်ငံအတွက် ထိထိရောက်ရောက်တာဝန်ယူနိုင်ငံမယ့် နိုင်ငံသူ နိုင်ငံသားတွေ ပေါက်ပွား လာမှာပါ။

ဒါ့အပြင် အချိန်ကိုတန်ဖိုးထားလေးစားဖို့ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ အချိန်ကိုသာ အကျိုးရှိစွာ အသုံးမချခဲ့ဘူးဆိုရင် သူ့ကျဆုံးခဲ့တဲ့ အသက် ၃၃ နှစ်အရွယ်မှာ ဘာမှဖြစ်မလာနိုင်ဘူးလို့ ဥပမာပေး ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။                  ။ကျမတို့အလုပ်လုပ်တဲ့အခါမှာ အချိန်ကိုလေးစားဖို့လိုပါတယ်၊ စကားပုံတစ်ခု ရှိပါတယ် အချိန်နဲ့ဒီရေဟာ ဘယ်သူ့ကိုမှမစောင့်ဘူးတဲ့၊ ဖေဖေဟာ ဒီနှစ်ဆိုလို့ရှိရင် အနှစ် ၁ဝဝ ပြည့်တော့မယ်၊ ဒါပေမယ့် နေသွားရတာ ၃၃ နှစ်တောင်မပြည့်ပါဘူး၊ အချိန်ကိုသာဆွဲနေဆိုလို့ရှိရင်တော့ ဖေဖေ ၃၃ နှစ်အတွင်းမှာ ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး၊ ရှိတဲ့အချိန်ကို တန်ဖိုးထားပြီးတော့ အများဆုံးအလုပ်ဖြစ်အောင်သုံးသွားပါ၊ ကျမတို့ အားလုံအတွက် အချိန်ဟာအရေးကြီးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ ဒီမိုကရေစီဟာ အများရဲ့ဆန္ဒအရ လုပ်ဆောင်ပြီး လူနည်းစုရဲ့ အခွင့်အရေးကိုလည်း ကာကွယ်တဲ့စနစ်ဖြစ်ကြောင်း ဒီမိုကရေစီစနစ်အောက်မှာ နေထိုင်သူတိုင်းမှာ အခြေခံလူ့အခွင့်အရေး အပြည့်အဝရရှိဖို့ လိုအပ်တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာ စာတမ်းပါ အချက် ၃ဝ ကို သဘောတူလတ်မှတ်ရေးထိုးခဲ့ပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ လူ့အခွင့်အရေးကို ချိုးဖောက်နေဆဲဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။                  ။၁၉၄၈ ခုနှစ်မှာပဲ ကျမတို့ရဲ့မြန်မာနိုင်ငံကနေပြီးတော့ ကုလသမဂ္ဂ လူ့အခွင့် အရေးကြေညာ စာတမ်းကိုလတ်မှတ်ရေးထိုးပြီးတော့ လက်ခံခဲ့ပါတယ်၊ ဘာကြောင့်ဒီနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက် မှု ရှိတယ်ဆိုတာဟာ ချိုးဖာက်မှု ၂ မျိုးလို့ ကျမမြင်ပါတယ်၊ တစ်ခုကတော့ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ ထားသင့်တဲ့တာဝန်ယူမှုစိတ်ကို ချိုးဖောက်တာဖြစ်တယ်၊ နောက်တစ်ခုကတော့ ကမ္ဘာ့အလယ်မှာ လက်မှတ်ထိုးပြီးတော့ ရှိခဲ့တဲ့ခံယူချက်ကိုလည်း ချိုးဖောက်ရာရောက်ပါတယ်၊ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာဟာ အင်မတန်မှ ကြီးမားတဲ့ပြစ်ချက်ပဲလို့ ကျမတို့မြင်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ငွေကြေးတောင့်တင်းမှု မရှိတဲ့ ပါတီဖြစ် တာကြောင့် ငွေပေးပြီးစည်းရုံးရေးကို မလုပ်နိုင်ကြောင်း စည်းရုံးရေးဟာလည်း ငွေပေးပြီးမလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်းပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ နောင်လာနောက်သားတွေအတွက် လွတ်လပ်ရေးအမွေအနှစ် ထားရှိခဲ့ပြီး  မြန်မာနိုင်ငံက ပြည် သူပြည်သားတွေအနေနဲ့ တိုင်းပြည်အတွက် မဟုတ်တောင် မိမိတို့ရဲ့သားမြေးတွေ မျက်နှာပူရမယ့်အဖြစ်မျိုး အမွေမထား ခဲ့မိအောင် ရှောင်ကျဉ်ဖို့လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။                  ။သားသမီးတွေ မြေးတွေအတွက် အကောင်းဆုံးထားပစ်ခဲ့နိုင်တဲ့ အမွေအနှစ် ကဘာလဲဆိုရင် အမျိုးမျိုးပြောလို့တော့ရတာပေါ့နော်၊ ဒါပေမယ့် တနည်းပြောရမယ်ဆိုရင် အကောင်းဆုံးအမွေအနှစ်က ကိုယ့်အတွက်၊ ကိုယ့်နောင်လာနောင်သားတွေ မျက်နှာမပူစေရမယ့် ဘဝမျိုးကိုလျှောက်သွားပါလို့ ကျမကပြောချင် ပါတယ်။

ဒီနေ့ကျင်းပတဲ့ ရမည်းသင်းမြို့နယ်က လူထုဟောပြောပွဲမှာ မိုးရွာသွန်းမှုကြောင့် ပရိတ်သတ်အနည်းငယ်သာ တက်ရောက်ခဲ့ပေမယ့် ပျဉ်းမနားမြို့က ဟောပြောပွဲမှာ လူဦးရေ ၅ဝဝဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။