မြန်မာစစ်တပ် စွမ်းရည်ကျသွား ကြောင်း Global Firepower အဖွဲ့ပြော

ကမ္ဘာ့နိုင်ငံ ၁၄ဝ မှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးစွမ်းရည်က အဆင့် ၃၉ ရှိတယ်လို့ ၂၀၂၂ အတွက် Global Firepower သုတေသနအဖွဲ့က ပြောပါတယ်။ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်နိုင်တဲ့ စွမ်းရည်တွေ၊ ပိုင်ဆိုင်တဲ့ စစ်လက်နက်ပစ္စည်း စွမ်းရည်တွေ၊ လူ့စွမ်းရည်တွေပေါ် အခြေခံပြီး Global Firepower က ညွှန်းကိန်းအဆင့် သတ်မှတ်တာပါ။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံဖြစ်ပေမဲ့ ငွေတွေ ပုံအောသုံးပြီး ခေတ်မီစစ်တပ်အဖြစ် ထူထောင်နေတဲ့ မြန်မာစစ်တပ်ဟာ ၂ဝ၂၁ မှာ အဆင့် ၃၈ မှာ ရှိခဲ့ရာက အခုအဆင့် တစ်ဆင့် ကျသွားတာပါ။

ဒါနဲ့ပတ်သက်လို့ မုံရွာ PDF ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်သံမဏိကတော့ တူမီး ကိုင်ထားတဲ့ PDF တွေကို တိုက်ရင်း စစ်တပ်စွမ်းရည် ကျဆင်းသွားတာလို့ သုံးသပ်ပါတယ်။ တူမီးနဲ့ တိုက်တာတောင် အကျအဆုံးများနေတာလို့လည်း ဂျာမနီနိုင်ငံရောက် လူ့အခွင့် အရေး လေ့လာသူ Nickey Diamond က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၇ သန်းကျော်ရှိပြီး စစ်သည်အင်အားက လေးသိန်းခွဲရှိတယ်လို့ Global Firepower က ဖော်ပြပါတယ်။ စုစုပေါင်း လူဦးရေရဲ့ ဝ.၈ ရာခိုင်နှုန်းရှိပြီး ဝ.၇ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ဦးရေ လေးသိန်းက လှုပ်ရှားနေတယ်လို့ဆိုပါတယ်။ အရန်တပ်ဖွဲ့ဝင် မရှိဘဲ ပြည်သူ့စစ်က ငါးသောင်းရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းတောင်မပြည့်တဲ့ ဦးရေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်က တိုင်းပြည်အာဏာကိုယူထားတဲ့ သဘောလည်း သက်ရောက်ပါတယ်။ လက်နက်နဲ့ အာဏာယူထားတဲ့ စစ်တပ်ဟာ Global Firepower ညွှန်းကိန်းမှာ မနှစ်ကထက် ဒီနှစ် အဆင့်တစ်ဆင့် ကျသွားတာလည်း ဖြစ်ပါတယ်။ ဒီ Global Firepower ရဲ့ အဆင့် သတ်မှတ်ပုံကို ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ Institute အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပြပါတယ်။

Global Firepower က ရုပ်ဝတ္တုအရေအတွက်ကို အခြေခံသတ်မှတ်တာလို့ သူက ပြောပါတယ်။ အပြောင်းအလဲ ရှိရင် အဆင့်လည်း ပြောင်းတဲ့ အကြောင်း၊ ဥပမာ - မြန်မာနိုင်ငံမှာ လေယာဉ်အစင်း ၆ဝ ရှိခဲ့ပြီး သူ့နောက်က နိုင်ငံက တစ်နှစ်အတွင်း စင်းရေ နှစ်စင်း တိုးလာရင် အဲဒီနိုင်ငံက အဆင့်တက်သွားတဲ့အကြောင်း၊ မြန်မာနိုင်ငံလိုပဲ မြန်မာနိုင်ငံလောက် အင်အားမရှိတဲ့ တခြားနိုင်ငံတွေလည်း လက်နက်တပ်ဆင်တာမို့ အဆင့် အတက်အကျရှိတဲ့အတွက် ယေဘုယျ လိုက်သတ်မှတ်လို့မရတဲ့အကြောင်း ပြောပါတယ်။

military-2.jpg
MYANMAR-MILITARY-TROOPS ၂ဝဝ၅ ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပသော နှစ် ၆ဝ ပြည့် တပ်မတော်နေ့အခမ်းအနား။ (Photo: AFP) (LAW EH SOE/AFP)

မြန်မာနိုင်ငံမှာ ၁၉၅၈ က စစ်တပ် အိမ်စောင့်အစိုးရ တက်လာပြီး ၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၂၁ မှာ စစ်အာဏာသိမ်းပါတယ်။ အရင် စစ်အာဏာ သိမ်းခဲ့ချိန်တွေတုန်းက လူထုက ဆန့်ကျင်ပေမယ့် သေနတ် ပြောင်းဝနဲ့ နိုင်ငံကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာ သိမ်းလိုက်ချိန်မှာ လူထုက ခုခံတော်လှန်စစ် ဆင်နွှဲလာပါတယ်။

ဒီအတွက် မြန်မာ့သမိုင်းမှာ အရင်က မရှိဖူးတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာပြီး အရင်ဟာ နယ်မြေ အေးချမ်းတဲ့ နေရာတွေလည်း မအေးချမ်းတော့ဘဲ စစ်တပ်ကလည်း ဆန့်ကျင်သူ မှန်သမျှကိုလည်း နည်းမျိုးစုံနဲ့ နှိမ်နင်းနေပါတယ်။ အဲဒီလို နှိမ်နင်းတဲ့အခါ ဝေဟင်ကပါ တိုက်ခိုက်လာတယ်လို့ လူ့အခွင့်အရေးလေ့လာသူ ကိုနစ်ကီဒိုင်းမွန်း က ပြောပါတယ်။

နိုင်ငံ ၁၄၀ မှာ မြန်မာလေတပ်က အဆင့် ၃၄ ကနေ လေယာဉ် အစင်း ၂၈၀ ရှိတယ်လို့ Global Firepower စာရင်းမှာ ဖော်ပြပြီး အမေရိကအခြေစိုက်တဲ့ Military Factory ကတော့ ၂၇၅ စင်းရှိတယ်လို့ ဖော်ပြပါတယ်။ ဝေဟင်ကပါ ကိုယ့်ပြည်သူကို ကိုယ်ချေမှုန်း လာတာမို့ အရင်က ပြောနေတဲ့ တပ်နဲ့ပြည်သူမြဲကြည်ဖြူ ဆောင်ပုဒ်လည်း ပျောက်ဆုံးလို့ သွားပါပြီ၊ မုံရွာ PDF က ဗိုလ်သံမဏိကတော့ ပြည်သူကို ရန်သူလို သဘောထားနေတာလို့ မှတ်ချက်ပေးပါတယ်။

military-jets.jpg
၂ဝ၁၃ ခုနှစ်က နေပြည်တော်တွင် ကျင်းပသော ၆၈ နှစ်ပြည့် တပ်မတော်နေ့အခမ်းအနားတွင် စစ်ရေးပြ ပျံသန်းနေသော တိုက်လေယာဉ်များ။ (Photo: AFP) (YE AUNG THU/AFP)

ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့်အစား ပြည်သူကို ရန်ဘက်ပြု နေတဲ့အတွက် လူ့အခွင့်အရေး လေ့လာသူ ကိုနစ်ကီဒိုင်းမွန်း စိုးရိမ်နေတာ ရှိပါတယ်။ စစ်တပ်ကခုချိန်မှာ နောက်ပြန်ဆုတ်လို့ ရသေးတယ်လို့ ပြောပါတယ်၊ ခုလက်နက် မရသေးဘဲ တကယ်လို့ နောက်ပိုင်း လက်နက်ရလာရင် သူတို့အကုန်လုံး စိစိ ညက်ညက်ကြေမှာမို့ ခုကတည်းက အဲဒိအနေအထား အဖြစ်ခံမလား ဒီအတိုင်း ရှေ့ဆက်သွားမလား နောက်ဆုတ်မလားဆိုတာ ဆုံးဖြတ်ရမယ်လို့ ပြောပါတယ်။

ကိုနစ်ကီဒိုင်းမွန်း ပြောသလို စစ်ကောင်စီက စဉ်းစားမလား၊ မစဉ်စားဘူးလား မခန့်မှန်းနိုင်ပေမယ့် လောလောဆယ်မှာ မြေပြင်ကရော ဝေဟင်ကပါ ဆိုင်သူရော မဆိုင်သူကိုပါ စစ်ကောင်စီက တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေကလည်း နောက်မဆုတ်တမ်း ရတဲ့နည်းနဲ့ တော်လှန်နေပါတယ်။