အိမ်ပြင်မထွက်ရအမိန့်ကြောင့် အခြေခံလူတန်းစားတွေ ပိုခက်ခဲနေ

ဝေယံမိုးမြင့်
2020.10.08

ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် အိမ်ပြင်မထွက်ဖို့ တင်းကျပ်တဲ့အမိန့်တွေ ထုတ်ပြန် ထားပေမယ့် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွေမှာ စားဝတ်နေရေးကျပ်တည်းနေကြရပါတယ်။

ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအတွက် ပြီးခဲ့တဲ့စက်တင်ဘာ ၂၁ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက် နေ့အထိ ထုတ်ပြန်ထားတဲ့ stay at home အိမ်တွင်းနေထိုင်ရေးအစီအစဉ်ကို အောက်တိုဘာ ၂၁ ရက်နေ့အထိ ကျန်းမာရေး ဝန်ကြီးဌာနက တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။

အိမ်မှာနေထိုင်ရေး အစီအစဉ်ကြောင့် ရပ်ကွက်တွင်း အဝတ်လျှော်၊ မီးပူတိုက်လုပ်ကိုင်သူ၊ ပန်းရံ၊ အလုပ်ကြမ်း နောက်လိုက် လုပ်ကိုင်သူ၊ ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချသူ စတဲ့ တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစား တွေမှာ အလုပ်လက်မဲ့ဖြစ်နေပြီး စားသောက်ဖို့ အခက်အခဲဖြစ်နေပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ စားဝတ် နေရေး ကျပ်တည်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။

"ကလေးတွေတိုက်တဲ့ နို့မှုန့်မဝယ်နိုင်တော့ ပက်နို့ကိုမှုန်ဝယ်တိုက်တယ်၊ ကလေးက ချောင်းနဲနဲဆိုးတော့ သူ့အမျိုးသမီးက စိတ်ဆိုးတယ်၊ သူကလဲ ပန်းရံအလုပ်ကနားထားရတော့ ဘယ်သူ့ကိုမှ အကူအညီမတောင်း ချင်ဘူး၊ သေဆုံးသွားတဲ့ ညီလေးကလည်းပဲ မိခင်ဖြစ်သူကပြောတယ် နို့မှုန့်ပြသနာနဲ့ စားဝတ်နေရေး ပြဿနာ တစ်ခုထဲကြောင့်တော့ မဟုတ်ဘူး အခြားသော မိသားစုပြသနာတွေလည်းရှိနေတယ်လို့ ပတ်ဝန်းကျင်က ပြောပြတယ်။"

ကျန်ရစ်သူမိသားစုထံကို သွားရောက်ကူညီခဲ့တဲ့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီ ပြောသွားတာပါ။

တစ်နေ့လုပ်တစ်နေ့စား လုပ်ကိုင်ကြသူတွေဟာ အိမ်ထောင်သည်အဆောင်၊ အခန်းတစ်ခန်းသာ ပါဝင်တဲ့ လိုင်းခန်းတွဲအိမ်ခန်းတွေ စတဲ့နေရာတွေမှာ လချင်းပေး တစ်လကို သုံးသောင်းကနေ ငါးသောင်းကျော်ပေးပြီး ငှားရမ်းနေထိုင်ကြရတာဖြစ်ပါတယ်။

စားစရာမရှိတဲ့အပြင် နေတဲ့အိမ်လခကိုပါ မပေးနိုင်တဲ့အတွက် အိမ်ရှင်က လာနှင်ချနေတယ်လို့ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်မှာနေထိုင်တဲ့ နေ့စားသန့်ရှင်းရေးအလုပ် လုပ်ကိုင်တဲ့ ဒေါ်နုနုခိုင်က သူကြုံတွေ့နေရတဲ့ ဒုက္ခကို ပြောပြပါတယ်။

"စားဝတ်နေရေး တော်တော်ခက်ခဲနေတယ်၊ အလုပ်တွေကလည်း မလုပ်ရဘူး၊ သွားမေးလဲမလုပ်ရဘူး စားဝတ်နေရေးခက်ခဲတဲ့အပြင် အိမ်လခကလည်း မပေးနိုင်တော့ အိမ်တွေ ချိတ်ပိတ်မယ်တောင် အိမ်ရှင်က ပြောနေတယ်၊ သူတို့က ဘယ်လိုပြောလဲဆိုတော့ ၁၀ ရက်နေ့ တစ်ဝက်ရှာပေးလို့ ပြောတယ်၊ မလုပ်ပါနဲ့ အလုပ်တွေလဲမရှိလို့ပါ စားဖို့တောင်မရှိလို့ဆိုပြီး ပြောထားရတယ်။"

တစ်နေ့လုပ်မှ တစ်နေ့စားဖို့ ရုန်းကန်သူတွေမှာ လက်ရှိအလုပ်မရှိချိန် စားဖို့တောင် မတတ်နိုင်တဲ့အတွက် အိမ်ငှားခတွေကို အချိန်တစ်ခုအထိ ခဏဆိုင်းထားပေးဖို့ အိမ်ရှင်တွေကို တောင်းဆိုနေကြပါတယ်။

ရပ်ကွက်ထဲ အဝတ်လိုက်လျှော်တဲ့ ဒေါ်ညွှန့်ကလည်း ချက်စရာဆန်မရှိ စားစရာမရှိလို့ ငုတ်တုတ်ထိုင်နေ ရတဲ့နေ့တွေမှာ ကလေးတွေကို မနက်စာတောင်
မကျွေးနိုင်တဲ့ရက်တွေရှိနေတယ်လို့ ဆိုပါတယ်။

"လူတိုင်းက အိမ်တိုင်းစေ့ အလုပ်သွားတာ မလုပ်ရဘူး ပြန်လွှတ်လိုက်တယ်၊ စားဖို့ကမရှိဘူး၊ ကိုယ့်ယောက်ျား က ၂၀၀၀ ပါလာရင်  ၂၀၀၀ ဆန်ဝယ်ပြီး ငပိရည်ကျိုနဲ့ စားရတယ်၊ ဆန်မရှိတဲ့ရက်ဆို ထိုင်နေရတယ်။ အဲလို နေ့မျိုးဆို ကွင်းထဲသွား ကန်ဇွန်းရွက်ခူးပြီး ကြော်ကျွေးရတယ်။"

အခြေခံလူတန်းစားများပြားတဲ့ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ အင်းစိန် စတဲ့မြို့နယ်တွေမှာ နေထိုင်ကြတဲ့ လက်လုပ်လက်စား မိသားစုတွေမှာ အခက်အခဲတွေနဲ့
ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အစိုးရက ထောက်ပံ့ဖို့ ကောက်ယူခိုင်းထားတဲ့စာရင်းအရ လှိုင်သာယာမြို့နယ်မှာ အခြေခံလူတန်းစား ၁၀ သိန်း ကျော်ရှိပြီး အိမ်ထောင်စုပေါင်း နှစ်သိန်းကျော်ရှိပါတယ်။

လက်ရှိအခြေအနေမှာ အစိုးရက စာရင်းကောက်ယူခိုင်းထားတာပဲရှိပြီး ဘာမှပေးတာမျိုး မရှိသေးဘူးလို့ လှိုင်သာယာ(အနောက်) မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး
ဦးနေမင်းထွန်းက ပြောပါတယ်။

"ထောက်ပံ့နိုင်မှုက နိုင်ငံတော်က ပြီးခဲ့တဲ့လအထိ အကြိမ်ကြိမ်ခါခါ ထောက်ပံ့ထားတယ်၊ အခု တစ်ခေါက် ကတော့ စာရင်းပဲကောက်ထားတယ် ကျနော်တို့ဆီတော့ ဘာမှမလာသေးပါဘူး"

လှိုင်သာယာမြို့နယ်တွင်းက အခြေခံလူတန်းစားတွေ အဆင်မပြေဘူးဆိုတာ သိနေပေမယ့် ပိုးတွေ့သူနဲ့ ထိစပ် ထားတာကြောင့် သွားလာမှုတင်းကျပ်လိုက်တဲ့ နေအိမ်တွေက ပိုမိုခက်ခဲနေတဲ့အတွက် သူတို့ကို ဦးစားပေး လုပ်ကိုင်နေရတယ်လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောပါတယ်။

"လှိုင်သာယာမှာ အခြားမြို့ထက်စာရင် ခက်ခဲတာရှိတယ်။ နိုင်ငံတော်က ထောက်ပံ့ပေးတာရှိတယ် စားလို့ တော့ မလောက်ဘူးပေါ့။ သို့သော် အလှူရှင်၊ ရပ်ကွက်က စီစဉ်ပေးတာ ကျူးကျော်တွေ အများဆုံးရတယ်၊ ရပ်ကွက်ထဲက လက်လုပ်လက်စားတွေကတော့ အလှူရှင်မရောက်တာတွေရှိတယ်။ ကျနော်တို့က လော့ဒေါင်းတွေကို ဦးစားပေးနေရတယ် လော့ဒေါင်း တွေပြီးရင် သူတို့အတွက် စဉ်းစားထားတယ်။"

ကိုရိုနာဗိုင်းရပ်စ် စတင်ချိန် မေလလောက်ကနေ စက်တင်ဘာလအထိ ဆန်ဆီဆားထောက်ပံ့မှု တစ်ကြိမ်၊ ငွေကြေးထောက်ပံ့မှု သုံးကြိမ် အစိုးရက ပေးခဲ့ပြီးဖြစ်ပေမယ့် ဒုတိယအကြိမ် တကျော့ပြန်ကာလမှာ ထောက်ပံ့တာမရှိသေးဘူးလို့ ဆိုပါတယ်။

အစိုးရကထောက်ပံ့တဲ့ အခြေအနေကလည်း စားလောက်တဲ့အခြေအနေမှာ မရှိဘူးလို့ အင်းစိန်မြို့နယ် နဝရတ်လမ်းမှာနေထိုင်တဲ့ ဒေါ်အေးလေးက ထောက်ပြပါတယ်။

"သူတို့ထောက်ပံ့တယ်ဆိုတာ နောက်ဆုံးအသုတ်က ကောက်သွားတယ် အကုန်တန်းတူရမယ်ဆိုပြီး လာမပေးသေးဘူး၊ မထောက်ပံ့ဘူးမဟုတ်ဘူး ထောက်ပံ့တယ်၊ သူတို့ထောက်ပံ့တာကနည်းနည်း အလုပ်က ရက်ရှည်ပိတ်တာက အဆင်မပြေဘူး စားလိုက်လို့ကုန်သွားတယ်၊ ဆန် နှစ်ဗူးကို မိသားစု လေားယောက် မျှစားနေရတဲ့ အနေအထားတွေရှိတယ်။"

လက်ရှိမှာ အခြေခံလူတန်းစားတွေအတွက် အရပ်ဖက်အဖွဲ့တွေ ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ စေတနာရှင်တချို့က ရပ်ကွက်တွင်း ဆန်၊ ဆီ ဝေငှတာတွေကို လုပ်ဆောင်နေပေမယ့် နေ့စဉ် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင် တာ မရှိပါဘူး။

ဒီလိုအခြေအနေမျိုးတွေကြာလာမယ်ဆိုရင် ခိုးဝှက်လုယက်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ we love yangon က အထွေထွေအတွင်းရေးမှုး ဦးဇော်ဝင်းခိုင်က
ထောက်ပြပါတယ်။

"ဒီကာလကြာလာရင် အားလုံးထိမယ် လူတန်းစားအလွှာအားလုံး အထိဆုံးက အခြေခံလူတန်းစားပေါ့၊ ဒီလိုအခြေအနေမှာ မှုခင်းပြသနာတွေလည်း ဖြစ်လာနိုင်မှာ အသေအချာပဲ we love yangon အနေနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တာကို လုပ်ပေးနေပါတယ်။"

အစိုးရအနေနဲ့ အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးကို ဘာတွေဆောင်ရွက်ပေးနေလဲ ဆိုတာကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အိမ်တော်သတင်းထောက်များ ဖေ့ဘုတ်ဂရုကနေ မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဖုန်းနဲ့ရော ဖေ့ဘုတ်မက်ဆင်ဂျာကနေပါ ဆက်သွယ် ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

We love Yangon အနေနဲ့ မြို့နယ် ၃၀ ကျော်မှာ နေ့စဉ်ထောက်ပံ့တာတွေလုပ်ဆောင်နေပြီး နေ့တိုင်း အိမ်ထောင်စု တစ်ထောင်ကျော်ကို ထောက်ပံ့ပေးနေပါတယ်။ နေ့စဉ် မြို့နယ်တော်တော်များများမှာ အကူအညီတောင်းလာ သူတွေရှိနေပြီး တစ်ရက်ကို အိမ်ထောင်စု ၃၀၀၀ ကနေ ၅၀၀၀ ကြား ကူညီပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

အကူအညီလိုအပ်နေတဲ့ သိန်းနဲ့ချီတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်မရသေးမချင်း နေ့တိုင်းအတွက် စားဝတ်နေရေး အကူအညီလိုအပ်နေတာဖြစ်ပြီး အလှူရှင်တွေအပါအဝင် အိမ်ရှင်တွေ၊ ငွေအတိုးချေးသူတွေ စသဖြင့် ကူညီနိုင်တဲ့ လူတန်းစား အားလုံးက ဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။