အာဏာသိမ်း နှစ်နှစ်အတွင်း အပြင်းထန်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံခဲ့ရ

RFA Burmese
2023.02.01
အာဏာသိမ်း နှစ်နှစ်အတွင်း အပြင်းထန်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံခဲ့ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လှည်းတန်းလမ်းမပေါ် သေဆုံးခဲ့သည့် လူငယ်နှစ်ဦးအား ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ပြည်သူများမှ ပန်းစည်းချဂုဏ်ပြုခဲ့ကြစဉ်။
RFA

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း မြန်မာပြည်သူတွေဟာ သမိုင်းမှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အပြင်းထန်ဆုံး ရက်စက်ကြမ်းကြုတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကြုံတွေ့ခံစားခဲ့ရပြီး အခုထိလည်း ရင်ဆိုင်နေရဆဲလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ ဒီကာလအတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ တွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် ကျည်ဆန်ထိမှန်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူသုံးထောင်နီးပါး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ ၃,၀၀၀ နီးပါးမှာ အသက် ခြောက်လကနေ ၁၈ နှစ်အထိ ကလေးသူငယ် ၂၇၉ ဦး၊ တိုင်းပြည်အတွက် အရေးပါတဲ့ ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား ၁၅၅ ဦး၊ ကျန်းမာရေး ကဏ္ဍက ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း ၈၃ ဦး ပါဝင်ပါတယ်။ ကျန်သေဆုံးသူတွေကတော့ ကျေးလက်နဲ့ မြို့ပြ အလွှာမျိုးစုံက ပြည်သူ တွေ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ နာရီပိုင်း၊ ရက်ပိုင်းအတွင်း သေဆုံးသူက ၁၅၅ ဦးထိ ရှိပါတယ်။

ဒီအခြေအနေတွေကိုကြည့်ရင် စစ်ကောင်စီဟာ အဆုံးစွန်အထိ ရက်စက်ကြမ်းကြုတ်မှုတွေ ကို ကျူးလွန်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က ပြောပါတယ်။

“ပြည်သူလူထုအပေါ်မှာ ပိုပိုပြီးတော့ အကြမ်းဖက်မှု၊ နှိပ်စက်မှု၊ ညှဉ်းပန်းမှု နိုင်ငံတော် ကိုဖျက်ဆီးမှုတွေ ပိုများလာတယ်။ အကြမ်းဖက်ဝါဒီတွေရဲ့ အဆုံးစွန်ဆုံး အကြမ်းဖက်မှု တွေကို စစ်ကောင်စီက လုပ်ကိုင်လာတာကို တွေ့နေရတယ်။ ဒီနှစ်နှစ်နီးပါးကာလ အတွင်းမှာ မြန်မာ့သမိုင်းမှာ တစ်ခါမှမကြုံဖူးအောင် စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းလောက်ကို ရှိနေပြီ။ မြန်မာပြည်သူလူထုရဲ့ သုံးပုံပုံ တစ်ပုံကျော်ကျော်က စားဝတ် နေရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေပြီးတော့ သူများအကူအညီနဲ့ ရပ်တည်နေရတဲ့ အနေအထားကို ရောက်လာခဲ့တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ခြွတ်ခြုံကျလာ ခဲ့တယ်။ တိုင်းပြည်ကို အဲဒီလိုမျိုး ဖျက်ဆီးတယ်ဆိုတဲ့ အကြမ်းဖက်စစ်ကောင်စီ ပေါ့နော်”

ဒီလိုကျူးလွန်နေတဲ့ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်ကနေ အောက်လက်ငယ်သားထိ ရာဇဝတ်ဘေးက ပြေးမလွတ်နိုင်ဖို့ ပြည်တွင်းရော၊ ပြည်ပမှာပါ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေ တယ်လို့ သူက ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အဲဒီ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖိနှိပ်ခဲ့တ ယ်လို့ NLD ပါတီဝင်တွေက ပြောပါတယ်။

“အရပ်သားပြည်သူတွေမှန်း သိရဲ့သားနဲ့ တွေ့သမျှလူကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်နေတဲ့ကိစ္စတွေ၊ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးမှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှုလို့တောင် ပြောလို့မရဘူး"

အာဏာသိမ်း နှစ်နှစ်အတွင်း NLD လွှတ်တော်အမတ် သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးပြီး ပါတီဝင် ၁,၂၈၀ ကျော် အဖမ်းခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့က RFA ကို ပြောပါတယ်။ သေဆုံးသူ ၈၄ ဦးမှာ စစ်ကြောရေးကာလ သေဆုံးသူ ၁၆ ဦး၊ ထောင်တွင်း သေဆုံးသူ ရှစ်ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၅၉ ဦးနဲ့ ကြိုးပေးကွပ်မျက်ခံရသူတစ်ဦး ပါဝင်ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်အမတ် ၈၀ ဦး ပါဝင်ပါတယ်။ လွှတ်တော်အမတ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးရဲ့ နေအိမ်နဲ့ အဆောက်အအုံပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံထားရကြောင်း NLD ပါတီက ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ NLD ပါတီ ရုံးချုပ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက တိုင်းနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ထိ ပါတီရုံးတွေလည်း တစ်ခုမှ ပြန်မဖွင့် နိုင်တော့ပါဘူး။

NLD ပါတီဝင်တွေ ကျူးလွန်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေသာမက ပြည်သူထု တစ်ရပ်လုံး ခံစားရတာတွေအတွက် တရားမျှတမှု ဖော်ထုတ်ရေးကို ကြိုးပမ်းသွားမယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေး က ပြောပါတယ်။

“တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်နေပါတယ်။ ပါတီ ဝင်တွေ ဖမ်းဆီးသတ်ဖြတ်၊ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခံရတဲ့ စာရင်းတွေသာမကဘူး ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဖမ်းဆီး သတ်ဖြတ်၊ အိုးအိမ်ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်၊ မီးရှို့ ဖျက်ဆီး၊ မတရားလုယက်တဲ့ စာရင်းတွေကိုလည်း အထောက်အထားတွေနဲ့ သေချာ ပြုစုထားပါတယ်။ အဲဒီတော့ ကျူးလွန်ခံရသူအားလုံးအတွက် တရားမျှတမှု ဖော်ထုတ် ရေးနဲ့ ကျူးလွန်သူတွေ အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် မရအောင် အရေးယူနိုင်ရေး ကျနော်တို့ အားစိုက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ NLD ပါတီဟာ မဲမသမာမှုတွေကို မဖြေရှင်းပေးဘဲ တိုင်းပြည်ကို ဒီအခြေအနေထိရောက်အောင် ကြိုတင်ကြံစည်ပြီး ဆွဲခေါ်ခဲ့တာလို့ စွပ်စွဲပါတယ်။

“သာမန် ရွေးကောက်ပွဲ မဲမသမာမှုတစ်ခုကို ဖြေရှင်းပေးဖို့ တောင်းဆိုတယ်၊ မရလိုက် ဘူး။ မရလိုက်တဲ့ အတွက် အခြေခံဥပဒေအရ အာဏာထိန်းတယ်၊ ပုံမှန်အားဖြင့်တော့ ဒါနိုင်ငံရေးနဲ့ ကြည့်လိုက်လို့ရှိရင် ရွေးကောက်ပွဲ မဲမသမာမှုကို ဖြေရှင်းလိုက်တဲ့ ပုံစံမျိုးနဲ့ ဒီကိစ္စအကုန်လုံးကို ရှင်းနိုင်တယ်၊ ဒါပေမဲ့ အဲဒါကို မရှင်းဘဲနဲ့ ဒီဘက်ထိဆွဲသွားတယ် ဆိုကတည်းက တစ်ဖက်မှာ ဖြစ်လာချင်တဲ့ဟာပေါ့နော်၊ တစ်ဖက်မှာ ဒီလိုမျိုးထိ ဖြစ်စေ ဖို့အတွက် အစကတည်းက ကြိုတင်ကြံစည်ထားခဲ့တယ်ဆိုတာ ဒါသုံးသပ်လို့ရတယ်။ တချို့ကတော့ ဒါကို အမြင်တူချင်မှ တူလိမ့်မယ်၊ ဒါပေမဲ့ ဒီဖြစ်စဉ်တစ်ခုလုံးကို စေ့စေ့စပ်စပ်နဲ့ သေသေချာချာ အချက်အလက်တွေနဲ့ လိုက်ပြီးစစ်ဆေးမယ်ဆိုရင်တော့ သဘောပေါက်မှာပါ။ ပြောရရင်တော့ ရှင်းရှင်းလေးပါပဲ။ ဖြေရှင်းလို့ရတဲ့ ကိစ္စရပ်တစ်ခု ကို လွယ်လွယ်ကူကူ မဖြေရှင်းဘဲနဲ့ ခက်ခဲတဲ့ လမ်းစဉ်ကို ရွေးခဲ့လို့ ဒီအခြေအနေကို ရောက်သွားတာပါပဲ”

စစ်အာဏာသိမ်း နှစ်နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုတင် မကပါဘူး။ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ၂၀၂၃ ဇန်နဝါရီလ ၂၄ ရက် ထုတ်ပြန်ချက်ရ အာဏာသိမ်း နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၅၇,၈၀၇ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာ ၄၃,၂၁၆ လုံး၊ မကွေးတိုင်းမှာ ၁၁,၃၁၁ လုံး၊ ချင်းပြည်နယ်မှာ ၁၁၇၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၁၀၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံ တစ်ဝန်းက ဘုန်းတော်ကြီးကျောင်း၊ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်း စတဲ့ ဘာသာရေးအဆောက်အအုံ ၁၆၃ လုံးလည်း မီးရှို့မှု အပါအဝင် ပုံစံမျိုးစုံနဲ့ ဖျက်ဆီးခံ ခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေဟာ သာမန်လူအခွင့်အရေးချိုးဖောက်မှု မဟုတ်တော့ဘဲ လူသားမျိုးနွယ်တစ်ခုလုံး အပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု တွေ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။

_H_L0659-a.jpg
ရန်ကုန်မြို့ ဆန္ဒပြပွဲတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသူတစ်ဦးအား ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

“အရပ်သားပြည်သူတွေမှန်း သိရဲ့သားနဲ့ တွေ့သမျှလူကို ရက်ရက်စက်စက် သတ်ဖြတ် နှိပ်စက်နေတဲ့ ကိစ္စတွေ၊ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးမှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှုလို့တောင် ပြောလို့မရဘူး။ တစ်ကမ္ဘာလုံးက တားဆီးပြီးတော့ အပြစ်ပေးအရေးယူနေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုအဆင့် ဖြစ်ပါတယ်။ စစ်ပွဲကာလအတွင်းမှာဖြစ်တဲ့အတွက် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ဖြစ်နေတယ်။ ပြည်သူတွေကို ထောင်နဲ့သောင်းနဲ့ချီပြီး နေအိမ်မှာ နေလို့မရအောင်၊ ထွက်ပြေးတိမ်းရှောင်ပြီး ဘဝတွေ အခြေတကျ မဖြစ်အောင် လုပ်ဆောင်မှုက လူသားမျိုးနွယ်တစ်ခုလုံးကို ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်”

နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ စာရင်းအရ အာဏာ သိမ်း နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူ ၁၇,၅၇၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီ အထဲက ၁၃,၇၆၃ ဦး အခုချိန်ထိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲစခန်းတွေမှာ ဖမ်းဆီးခံထားရပါတယ်။

အဖမ်းခံရသူတွေထဲမှာ မိခင်နဲ့အတူ အကျဉ်းထောင်တွေထဲ ပါလာတဲ့ အသက်တစ်နှစ် အောက် ကလေးကနေ ၁၈ နှစ်ထိ ကလေးသူငယ် ၃၇၉ ဦး ပါဝင်ပါတယ်။ ပညာရေး ကဏ္ဍက ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ပညာရေးဝန်ထမ်း ၉၇၉ ဦး နဲ့ ကျန်းမာရေးကဏ္ဍက ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း ၃၅၅ ဦး ပါဝင် ပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေဟာ သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ကင်းလွတ်ခွင့်ရနေပြီး ဒီတစ်ကြိမ် မှာတော့ သေချာပေါက် အပြစ်ပေးအရေးယူခံရမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့တယ်၊ သို့သော်လည်း ကျနော်တို့ နိုင်ငံမှာ ဘယ်တုန်းကမှ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့သူတွေ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်တာ မရှိခဲ့ဘူး။ သေချာ တာကတော့ ဒီနွေဦးတော်လှန်ရေးကနေပြီးတော့ ကျနော်တို့နိုင်ငံက လူ့အခွင့် အရေးချိုးဖောက်မှု ကျူးလွန်တဲ့ သူတွေကို အပြစ်ပေးအရေးယူခံရခြင်းက ကင်းလွတ်ခွင့် ရနေတဲ့ ဓလေ့ကို နွေဦးတော်လှန်ရေး ကနေပြီးတော့ တိုက်ဖျက်သွားမှာဖြစ်တယ်။ သေချာပေါက် ဒီတော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့အချိန်မှာ ရာဇဝတ်မှုတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့သူတွေကို သေချာပေါက် အပြစ်ပေး အရေးယူမှာ ဖြစ်တယ်။ ဒီကိစ္စမှာ ပါဝင် ပတ်သက်တဲ့သူတွေအားလုံးက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်တယ်။ သေချာပေါက် ဒီကိစ္စကိုတော့ ကျနော်တို့ ပြောရဲပါတယ်ဗျ”

အာဏာသိမ်းနှစ်နှစ်အတွင်း ပစ်မှတ်ထား ဖိနှိပ်ခံရတဲ့အထဲမှာ လွတ်လပ်တဲ့ သတင်း မီဒီယာတွေနဲ့ သတင်း ထောက်တွေလည်း ပါဝင်ပါတယ်။ RFA က ပြုစုထားတဲ့ စာရင်း တွေအရ အာဏာသိမ်းနှစ်နှစ်အတွင်း သတင်းထောက်နဲ့ အယ်ဒီတာတွေ အပါအဝင် သတင်းသမား ၁၅၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက အယောက် ၅၀ ဟာ အခုချိန်ထိ အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။ လိုင်စင်ရုပ်သိမ်းခံရတဲ့ သတင်းမီဒီယာ ၁၃ ခု ရှိပြီး အာဏာသိမ်းမှုကြောင့် ဆက်လက် မရပ်တည်နိုင်တော့ဘဲ ရပ်နားထားတဲ့ မီဒီယာတစ်ခု ရှိပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ချမှတ်ခဲ့ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ချိန်ထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့မသွား ဘဲ ပိုဆိုးလာတဲ့အတွက် စစ်ကောင်စီအပေါ် ပိုပြင်းထန်တဲ့ ဖိအားပေးအရေးယူမှုတွေ အမြန်ဆုံး လုပ်ဆောင်မှု ပြည်တွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆို နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။