ICCPR ဆိုတာ International Covenant on Civil and Political Rights ကို အတိုကောက်ဖော်ပြ တာပါ။ မြန်မာလို အဓိပ္ပါယ်ကတော့ Civil Rights ဆိုတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ Political Rights ဆိုတဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေနဲ့ ပတ်သက်လို့ လူတိုင်းမှာ မွေးရာပါလွတ်လပ်မှုရှိတာကို အစိုးရတွေက လက်ခံလိုက်နာကြမယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်လို့ ပြောရမှာဖြစ်ပါတယ်။ ခပ်တိုတိုပြောရရင်တော့ လူတိုင်းအတွက် နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးဖြစ်ပါတယ်။
နိုင်ငံသားအခွင့်အရေးဆိုတာဘာလဲ။ နိုင်ငံသားအခွင့်အရေးဆိုတာကတော့ ဘယ်သူမဆို ကိုယ့်နိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ခွင့်ကို အစိုးရတွေက တရားလက်လွတ်နှောင့်ယှက်တဲ့ အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ အခွင့်အရေးဖြစ်ပါတယ်။ အဲဒီအခွင့်အရေးတွေထဲမှာ တဦးချင်းရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ တရားဥပဒေအရမျှတတဲ့ စီရင်ခွင့်၊ ကျွန်ပြုခံရမှုကနေ ကင်းလွတ်ခွင့်၊ နှိပ်စက်ညှဉ်းပမ်းမှုကနေ ကင်းလွတ်ခွင့်တွေပါဝင်ပါတယ်။ ဒီအခွင့်အရေးတွေအရ လူတွေကြားမှာ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ ဖိနှိပ်တာ၊ ခွဲခြားဆက်ဆံတာတွေလည်း ပပျောက်မှာဖြစ်ပါတယ်။
နိုင်ငံရေးအခွင့်အရေးဆိုတာကတော့ အစိုးရကမူဝါဒတွေ ချမှတ်တာကို နိုင်ငံသားတိုင်းသိရှိခွင့်၊ ကိုယ် နှစ်သက်တဲ့ နိုင်ငံရေးပါတီကို ရွေးချယ်မဲပေးခွင့်၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်၊ အသင်းအဖွဲ့ သမဂ္ဂ အစည်းအရုံးတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်၊ နိုင်ငံသားတိုင်း ဘယ်သူမဆို လွတ်လွတ်လပ်လပ် အရွေးချယ်ခံပိုင်ခွင့်တွေဖြစ်ပါတယ်။ ဒီအခွင့်အရေးအရတော့ အစိုးရက ပြည်သူတွေအပေါ် သံကွန်ခြာနဲ့အုပ်ပြီး အုပ်ချုပ်ထားလို့ မရတော့မှာဖြစ်ပါတယ်။
ဒါကြောင့် ICCPR စာချုပ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အစိတ်အပိုင်း တခုလည်းဖြစ်ပါတယ်။ ဒီစာချုပ်အရ လူတိုင်းမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တာ၊ နိုင်ငံရေးလုပ်နိုင်တာ၊ နိုင်ငံရေးအယူဝါဒတွေ လွတ်လွတ်လပ်လပ် ယုံကြည်ခွင့်ရှိတာ တွေအပြင်၊ နိုင်ငံရေးအရ ကြောက်ရွံ့တုန်လှုပ်ရတဲ့အခြေအနေတွေကနေကင်းလွတ်ရမယ်လို့ဆိုလို တာဖြစ်ပါတယ်။
ဒီစာချုပ် ရေးဆွဲပြဌာန်းသင့်တဲ့အကြောင်းကို လွန်ခဲ့တဲ့ငါးဆယ့်သုံးနှစ်၊ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလက ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ။
လူသားတွေရဲ့မွေးရာပါ လူ့ဂုဏ်သိက္ခာနဲ့ တန်းတူညီမျှရေးဟာ ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနဲ့ တရားမျှတရေးအခြေခံမူတွေဖြစ်တယ်လို့ ICCPR စာချုပ်က ယုံကြည်သတ်မှတ်ထားပါတယ်။
ဒီစာချုပ်ဟာ အခန်း ၆ ခန်းနဲ့ ရေးဆွဲထားပြီး အပိုဒ်ခွဲ ၅၃ ချက်ပါတဲ့ လူ့အခွင့်အရေးတွေကို လိုက်နာ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့နိုင်ငံသားအခွင့်အရေး ICCPR စာချုပ်ကို လက်ခံလိုက်နာမယ်လို့ သဘောတူကြတဲ့ နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိနေပါပြီ။ ဒီစာချုပ်ကို သိရှိတဲ့အကြောင်းပဲ ကနဦးလက်မှတ်ထိုးပြီး၊ လိုက်နာဖို့ လက်မှတ်မထိုးသေးတဲ့နိုင်ငံကတော့ ၆ နိုင်ငံရှိပါတယ်။ အဲဒီထဲမှာ တရုတ်နဲ့ ကျူးဘားနိုင်ငံတို့ ပါဝင်ပါတယ်။
စာချုပ်ကိုသိရှိတဲ့အကြောင်းကနဦးလက်မှတ်ရော၊ လိုက်နာမယ်ဆိုတဲ့လက်မှတ်ကိုပါ တခုမှမထိုး သေးတဲ့နိုင်ငံကတော့ မြန်မာအပါအဝင် ၁၉ နိုင်ငံရှိနေပါသေးတယ်။
ICCPR စာချုပ်ကို လေးစားလိုက်နာမယ်လို့သဘောတူလက်မှတ်ထိုးတဲ့နိုင်ငံတွေအနေနဲ့ အစိုးရက သူ့နိုင်ငံသားတွေကို အကာအကွယ်ပေးရတော့မှာဖြစ်ပြီး၊ တကယ်ကာကွယ်ပေး-မပေး၊ ချိုးဖောက်မှု ရှိ-မရှိဆိုတာကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကစောင့်ကြည့်နေမှာဖြစ်ပါတယ်။
ဒီစာချုပ်ကို မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကြားမှာ နှီးနှောဖလှယ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ဆောင်ရွက်နေတာတော့ကြာပါပြီ။
မနေ့က စက်တင်ဘာလ ၁ဝ ရက်နေ့မှာတော့ အိမ်မဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတာတွေ့ရပါတယ်။ အဲဒီမှာ ဒေါ်သန္တာက စာချုပ်ကိုလက်မှတ်ထိုးသင့် တယ်လို့ အဆိုတင်သွင်းခဲ့ပြီး၊ NLD ပါတီကိုယ်စားလှယ်တွေကထောက်ခံဆွေးနွေးကြပါတယ်။ တပ်မတော်ကိုယ်စားလှယ်တွေကတော့ ဒီစာချုပ်ကို သဘောတူလိုက်ရင် နိုင်ငံသားဖြစ်ခွင့်နဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ဒါကြောင့် စာချုပ်ကို အချိန်ယူလေ့လာကြဖို့နဲ့ အခုတင်သွင်းလိုက်တဲ့အဆိုကို မှတ်တမ်းအဖြစ်ထားဖို့ပဲ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ကမ္ဘာ့လူသားပေါင်း သန်း ခုနှစ်ထောင့် ခုနှစ်ရာကျော်ထဲမှာ မြန်မာပြည်သူ သန်း ၅ဝ ကျော်လည်း ပါဝင်သလို၊ မြန်မာနိုင်ငံဟာလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ သီးခြားကင်းလွတ်နေထိုင်နိုင်တဲ့ အခြေအနေမှာ မရှိတဲ့အတွက် ကမ္ဘာ့ရေစီးကြောင်းနဲ့ အတူလိုက်ပါ စီးမျောဖို့ စဉ်းစားဆုံးဖြတ်ရမယ့်အချိန် ရောက်နေပြီဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြသည်)