မြန်မာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေ

သန့်ဇင်ဦး
2020.12.07

နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါဝင်တဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအနေနဲ့ ငါးနှစ်တာသက်တမ်းအတွင်း နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ဆက်လက်ရှိနေသေးသလို အစိုးရရော လွှတ်တော်ကပါ ဖိနှိပ်တဲ့ဥပဒေတွေ မပြင်နိုင်သေးတာ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်နိုင်ဖို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ကိစ္စကိုတောင် မလုပ်ဆောင်နိုင်သေးတာတွေကို ထောက်ပြ ဝေဖန်နေကြပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အမြဲတမ်းပြစ်တင်ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိလည်း တိုးတက်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအစိုးရတွေက ထောက်ပြနေကြပါတယ်။

အထူးသဖြင့် အခြေခံလူ့အခွင့်အရေး ပြဌာန်းချက် ၃၀ ထဲက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းတွေကို ချိုးဖောက်ပြီး တရားစွဲထောင်ချတာတွေ ဆက်ရှိနေတယ်လို့ ပြောကြပါတယ်။

နှစ်ရှည်နေအိမ်အကျယ်ချုပ်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတာကို အံ့သြတယ်လို့ ပြောနေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က…

HRW အာရှတိုက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson။
Phil Robertson (HRW)

"အဓိကပြဿနာကတော့ အရပ်သားပြည်သူတွေရဲ့ အခြေခံနိုင်ငံရေး အခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုတာ၊ ငြိမ်းငြိမ်းချမ်းချမ်းစုရုံးတာ၊ အသင်းအဖွဲ့ ထူထောင်တာ၊ ဆန္ဒပြတာတွေကို ဒီမိုကရေစီအစိုးရဆိုတာက ခွင့်ပြုရမယ့် ကိစ္စတွေပါ။ ဒီလိုဆောင်ရွက်တာတွေကို ထောင်ချလိုက်တာမျိုး မဟုတ်ဘဲ လေ့ကျင့်ပြုစု ပျိုးထောင်ပေးရမယ်။ ပြည်သူတွေအနေနဲ့ သူတို့ဆန္ဒတွေ သဘောထားတွေကို ဖေ့စ်ဘွတ်မှာ တင်တာတွေကို ၅၀၅ (ခ) လို ပုဒ်မတွေနဲ့ အရေးယူတာတွေ မလုပ်သင့်ဘူး။ ထောက်ပြရမယ်ဆိုရင် မြန်မာပြည်မှာ ဖိနှိပ်တဲ့ဥပဒေတွေ အများကြီး ရှိနေသေးတယ်။ လွှတ်တော်မှာ နေရာအများဆုံးရနေတဲ့ NLD ပါတီအနေနဲ့ အဲဒီ ဥပဒေတွေကို ဖျက်သိမ်းဖို့ ကျနော်တို့နိုင်ငံတကာ ဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပါတယ်။ ဒါတွေဆောင်ရွက်မှ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှာပါ။ ဒါတွေကို NLD အစိုးရက မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ကျနော်တို့အတွက်တော့ အစိုးရအပေါ် အတော့်ကို အံ့သြရပါတယ်”

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေတောင် အတော်များလှပြီလို့ တချိန်က ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် NLD အစိုးရ ငါးနှစ်ပြည့်သွားပေမယ့် လက်ရှိအချိန်အထိ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၆ ယောက်၊ ထောင်အချုပ်ဘဝနဲ့ အမှုရင်ဆိုင်နေတဲ့သူက ၁၉၃ ယောက်၊ အာမခံနဲ့ အပြင်ကနေ အမှုရင်ဆိုင်နေရသူက ၃၅၅ ယောက် အထိ ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က အခုလို ပြောပါတယ်။

bo-kyi.jpeg
ဦးဘိုကြည် (AAPP)

"နိုင်ငံရေးအကျဉ်းသား အရေအတွက်ကတော့ ထောင်ကျပြီးသားက ၃၆ ယောက်၊ ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာက ၁၉၃ ယောက်၊ နောက်အာမခံရပြီးတော့ ထောင်အပြင်ကနေ အမှုရင်ဆိုင်နေရတာက ၃၅၅ ယောက်၊ အားလုံးပေါင်းလိုက်မယ် ဆိုရင် ၅၈၄ ယောက်အထိ ရှိတယ်။ ဒီအရေအတွက်တော့ နည်းတဲ့ အရေအတွက်တော့ မဟုတ်ဘူး။ အရေအတွက်အားဖြင့် တော်တော်များတယ်လို့ သတ်မှတ်လို့ရပါတယ်။ ကျွန်တော်တို့အတွက် စိတ်မကောင်းစရာ ကတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစိုးရနဲ့လွှတ်တော်က မလုပ်ခဲ့ဘူး။ အဲ့ဒီလိုပဲ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို တရားဝင် အသိအမှတ်မပြုဘူး။ ဒါကတော့ အရင်အစိုးရတွေရဲ့ စဉ်းစားပုံနဲ့ လုပ်ဆောင်ပုံတွေနဲ့ တထပ်တည်း သွားပြီးတော့ ဖြစ်နေတာ တွေ့ရတယ်။ ဒါကတော့ စိတ်မကောင်းစရာပဲ"

ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲ ထောင်ချနေတာတွေ ရှိနေသေးတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးရှိနေဆဲဖြစ်တယ်လို့ ဦးဘိုကြည်က ဆိုပါတယ်။

လူတိုင်းလူတိုင်း အချိန်မရွေးနိုင်ငံရေးအကျဉ်းသား ဖြစ်သွားနိုင်တဲ့အန္တရာယ်က အခုထိ ရှိနေတယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

 Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်း
ဦးအောင်မျိုးမင်း (Equality Myanmar)

"ဒီအစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ သတင်းမီဒီယာတွေ အပေါ် ကန့်သတ်မှုတွေ အများကြီးရှိလာတယ်။ ဒါကတော့ အဲ့ဒီအခြေအနေကတော့ ပိုပြီးတော့တောင် ဆိုးဝါးလာတယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကျင့်သုံးပြီးတော့ အကြမ်းမဖက် ကျင့်သုံးရင်းနဲ့ မတရားတဲ့ ဥပဒေတွေနဲ့ အဖမ်းခံ ထိတယ်။ အပြစ်ပေးခံထိတယ်။ ဒါနိုင်ငံရေးအကျဉ်းသားပဲ။ အဲ့ဒါမျိုးနဲ့ ကျွန်တော်တို့ ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ဆက်ရှိနေတုန်းပဲ။ လမ်းပေါ်မှာ ဆန္ဒပြလို့၊ အစိုးရကို ဝေဖန်လို့၊ စစ်ပွဲတားဆီးရေး လုပ်ဆောင်လို့၊ ဒေါင်းတို့မျိုးဆက်လိုပဲ တပ်မတော်ကို သံချပ်မှာ ထည့်သွင်းဖော်ပြလို့ ဆိုတဲ့အချက်တွေက နိုင်ငံရေးအကျဉ်းသား ဖြစ်လောက်တဲ့ အချက်တွေ ဖြစ်တယ်။ အဲ့ဒါတွေကလည်း အများကြီးပဲ။ တချိန်တည်းမှာပဲ လူတိုင်းလူတိုင်းက နိုင်ငံရေးအကျဉ်းသား အချိန်မရွေး ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေ၊ နောက်တစ်ခုက သတင်းမီဒီယာမှာ အစိုးရကို ပုတ်ခတ်ပြောဆိုမှုတွေ ဒီလိုမျိုးအချက်တွေက ကိုယ့်ရဲ့ ယုံကြည်ချက်အရ ပြောကြားတဲ့အချက်တွေကို အချိန်မရွေး ဖမ်းဆီးနိုင်တဲ့အခြေအနေမျိုး ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတုန်းဖြစ်သလို လူတိုင်းလူတိုင်း အချိန်မရွေး နိုင်ငံရေးအကျဉ်းသား ဖြစ်သွားနိုင်တဲ့ ပတ်ဝန်းကျင်မျိုးကလည်း အခုကာလမှာ ဆက်လက်ရှိနေတုန်းပါပဲ"

အစိုးရအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်တွေ လက်မှတ်ရေးထိုးတာနဲ့ တချို့ဥပဒေတွေ ပြုပြင်ပြောင်းလဲတာတွေ ရှိခဲ့ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက နယ်ပယ်တိုင်းမှာ ရှိနေတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဘယ်လောက်ရှိလဲဆိုတာ စောင့်ကြည့်နေတဲ့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကလည်း အစိုးရအနေနဲ့ နိုင်ငံရေးအရ တရားစွဲဆိုတာတွေကို မလုပ်သင့်တော့ဘူးလို့ ပြောပါတယ်။

"လက်ရှိအစိုးရဟာ လူ့အခွင့်အရေးကို အလေးထားမယ်ဆိုတာမျိုး အထူးသဖြင့် အစိုးရကို တာဝန်ယူရတဲ့ပါတီမှာ အဲ့လိုမူဝါဒမျိုး ရှိသော်လည်းပဲ တကယ့် သူတို့ဆိုလိုတဲ့ လူ့အခွင့်အရေးဆိုတာက အားလုံးကို ခြုံငုံနိုင်တဲ့ အနေအထားကို ကျွန်တော်တို့ မမြင်ရဘူး။ အထူးသဖြင့် မြန်မာပြည်ထဲမှာရှိတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တင် မကဘူး၊ အခြားရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စတွေ ဒါမျိုးတွေ အပေါ်မှာလည်း အများကြီး ပျက်ကွက်တယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ ဆိုတော့လူ့အခွင့်အရေး စံနှုန်းတွေအရ တိုက်ချလိုက်မယ်။ ယှဉ်ထိုးကြည့်လိုက်မယ်ဆိုရင် ဒီအစိုးရဟာ အဖက်ဖက်မှာ ရှုံးနိမ့်နေတာ အောင်မြင်မှုမရနေသေးတာကို တွေ့ရတယ်။ တကယ့် အမှန်တရားအတိုင်းဆိုရင် လုံးဝမရှိဘူး။ (နိုင်ငံရေးအကျဉ်းသား) ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က တဖက်တခြမ်းက ပါနေတဲ့အခါမှာ တပ်မတော်က တရားစွဲတဲ့အခါမျိုးမှာ အစိုးရအနေနဲ့ ကိုင်တွယ်ရတာ ခက်ခဲတာမျိုးတွေ ရှိနိုင်တယ်။ သို့သော်လည်းပဲ ဒီမှာကျွန်တော်တစ်ခု မေတ္တာရပ်ခံချင်တာက အစိုးရက တရားစွဲတဲ့ဟာတွေကို မလုပ်သင့်ဘူးလို့ ကျွန်တော်တို့က မြင်တယ်"

အခုဆိုရင် သံချပ်နဲ့ ဝေဖန်တာကြောင့် တပ်မတော်က တရားစွဲလို့၊ နှစ်ရှည်အကျဉ်းချ ခံထားရတဲ့ ကျောင်းသားတွေလည်း ရှိနေပါတယ်။ အဲဒီ ကျောင်းသားတွေရဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့က ကိုပိုင်ဖြိုးမင်းရဲ့ ဖခင် ဦးကျော်လင်းက အကျဉ်းကျမိသားစုဝင် တစ်ယောက်ရဲ့ဆန္ဒကို အခုလို ပြောပါတယ်။

"ဒီသံချပ်ထိုးတယ်ဆိုတာကလည်း ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက မိရိုးဖလာပဲ။ ဟိုးဘုရင်တွေ လက်ထက်ကတည်းက ဖြစ်တာလည်း လူတိုင်းသိတယ်။ ဒီအပေါ်မှာ သူတို့ဟာသူတို့ စွဲတယ်။ စွဲတဲ့အထိလည်း ထားဦး။ မကျေနပ်လို့ စွဲတယ်ဆိုလည်း စွဲ။ ဒါပေမယ့် ဒီတစ်မှုတည်းကို ထပ်ဖန်တလဲလဲ တစ်ရုံးပြီး တစ်ရုံးထပ်စွဲနေတဲ့ကိစ္စတွေက အရမ်းများတယ်။ ဒါသက်သက် အနိုင်ကျင့်နေတယ်လို့ ခံစားရတယ်။ အဓိကကတော့ အစိုးရအနေနဲ့ လွှတ်ပေးစေချင်တယ်ပေါ့နော် ကလေးတွေကို။ ကျွန်တော့သား တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ မန္တလေးဘက်မှာ အဖမ်းခံရတဲ့ ကျောင်းသားတွေ ရှိတယ်။ နောက် ကိုနေမျိုးဇင်တို့တွေ ရှိတယ်။ အကုန်လုံးပေါ့နော်။ လူ့အခွင့်အရေးနဲ့ ငြိပြီး ဖမ်းထားတဲ့သူ တော်တော်များများကိုတော့ အစိုးရအနေနဲ့ သမ္မတအမိန့်နဲ့ လွှတ်ပေးစေချင်တယ်"

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ အစိုးရအနေနဲ့ လာမယ့် ငါးနှစ်မှာတော့ အရင်ကဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြီး သုံးသပ်တာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်
မုံရွာအောင်ရှင် (NLD)

"ကျွန်တော်တို့ ဒီနိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ဆိုင်တဲ့ ပြဿနာတွေနဲ့ပဲ ဖြစ်ဖြစ်ပေါ့လေ။ အတတ်နိုင်ဆုံးတော့ နည်းအောင် ကျွန်တော်တို့ ကြိုးစားကြရမှာပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၅ -၂၀၂၀ ကာလတုန်းက ဖြစ်ပျက်ခဲ့တာတွေ ရှိတယ်ပေါ့ဗျာ။ ဥပမာ-သတင်းမီဒီယာနဲ့ ပတ်သက်လို့ အတော်အသင့် ပြဿနာရှိခဲ့တယ်။ နောက်တစ်ခု ဆန္ဒဖော်ထုတ်တဲ့ ပုဂ္ဂိုလ်များကို တရားစွဲဆိုတဲ့ ကိစ္စတွေ ရှိခဲ့တယ်ပေါ့။ အဲ့ဒါတွေက ကျွန်တော်တို့ ပြန်ပြီးတော့ Review လုပ်ရမှာတွေ ပြန်ပြီး သုံးသပ်ရမှာတွေ ရှိပါတယ်။ ကျွန်တော်ပြောရဲတာတော့ တစ်ခုရှိတယ်။ အဲ့ဒါဘာလဲ ဆိုရင် လာမယ့် အစိုးရသစ် လက်ထက်မှာတော့ ယခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြီး သုံးသပ်တာ ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ လုပ်တာကတော့ သေချာပေါက်ရှိမယ် ဆိုတာ ကျွန်တော်ပြောရဲပါတယ်"

နိုင်ငံရေးနဲ့ပတ်သက်ပြီး တရားစွဲတာတွေကိုတော့ အကျိုးအကြောင်း စိစစ်ပြီးမှသာ တရားစွဲသင့်တယ်လို့လည်း မုံရွာအောင်ရှင်က ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသဆိုင်ရာလက်ထောက် ညွှန်ကြားရေးမှူး Phil Robertson ကတော့ NLD အနေနဲ့ အစိုးရသစ်ဖွဲ့ပြီးရင် ဦးစားပေးလုပ်ငန်းထဲမှာ လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။

“အဲဒီမှာနိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိတယ်။ သူတို့ကို အရင်ကသုံးခဲ့တဲ့ ဖိနှိပ်တဲ့ဥပဒေတွေကို ဆက်သုံးပြီး အရေးယူနေတယ်။ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလို့ ပြောမယ်ဆိုရင် အဲဒီပုဒ်မတွေကို ဥပဒေစာအုပ်ထဲက ဖျက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အခုဆိုရင် ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မြေသိမ်းယာသိမ်းခံရတဲ့ တောင်သူတွေ၊ အရပ်သားတွေ၊ အဲဒီလိုမတူတဲ့ အလွှာအသီးသီးက လူတွေဟာ ဒီဥပဒေတွေနဲ့ တရားစွဲခံရတဲ့ အဖြစ်ဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အခု ဆိုရင် NLD အနေနဲ့ အစိုးရသစ် ဖွဲ့ပြီးတဲ့အခါ လူ့အခွင့်အရေး တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ဖို့ဆိုတာကို အဓိကဦးစားပေးလုပ်ငန်းထဲမှာ ထည့်သင့်ပါတယ်"

လက်ရှိ NLD အစိုးရလက်ထက်မှာ နိုင်ငံရေးအရဖိနှိပ်ပြီး လူ့အခွင့်အရေးထိခိုက်စေတဲ့ ဥပဒေတွေ ဖျက်သိမ်းတာမတွေ့ရဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

နစ်ကီဒိုင်းမွန်း (Fortify Rights)
နစ်ကီဒိုင်းမွန်း (Fortify Rights)

"ဒီငါးနှစ်အတွေ့အကြုံအရဆိုရင် NLD အစိုးရ တက်လာတဲ့အချိန်မှာ ဒီ NLD အစိုးရဆိုတာ လူထုကနေ ရွေးချယ်ပေးလိုက်တဲ့အစိုးရ လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာမယ့် အစိုးရလို့ ကျွန်တော်တို့က အစက ယုံကြည်ခဲ့တာပေါ့နော်။ ဒါပေမယ့် အခုငါးနှစ်အတွင်းမှာ ဘာဖြစ်လဲဆိုလို့ရှိရင် မတရားတဲ့ဥပဒေကို ဖျက်သိမ်းတာမျိုး မတွေ့ရဘူး။ အဲ့ဒီမတရားတဲ့ ဥပဒေတွေကို အသုံးချပြီးတော့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ သူတွေကို အပြစ်ပေး အရေးယူတာတွေ ရှိတယ်။ အဲ့တော့ ဒီနိုင်ငံမှာ လူထုအစိုးရလို့ တက်လာပေမယ့် နိုင်ငံရေးကို လုပ်လို့ လူ့အခွင့်အရေးလုပ်လို့ တက်ကြွလှုပ်ရှားသူတွေ ထောင်အချမခံရတဲ့ အခြေအနေမျိုး မဖြစ်သေးဘူး။ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား တွေကိုလည်း ချက်ခြင်း မြန်မာပြည်မှာ လုံးဝအကြွင်းမဲ့ ပြန်လွှတ်ပေးပြီးတော့ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတဲ့ နိုင်ငံအဖြစ်နဲ့ ရပ်တည်စေချင်တယ်"

လူထုကနေ ရွေးချယ်ပေးလိုက်တဲ့ အစိုးရက လူ့အခွင့်အရေးကို လေးစားလိုက်နာမှုမရှိရင် နိုင်ငံတကာမှာ ဂုဏ်သိက္ခာမရှိတဲ့ အစိုးရ ဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။ အခုလို ဝေဖန်ထောက်ပြတာတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့သဘောထားရော၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့သဘောထားကိုပါ သိရအောင် RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူ မရှိပါဘူး။

မြန်မာနိုင်ငံမှာ လူမှောင်ခိုကူးမှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုးတက်အောင် မဆောင်ရွက်နိုင်တဲ့အတွက်ဆိုပြီး အမေရိကန်အစိုးရက မြန်မာ့ လူ့အခွင့်အရေးအခြေအနေကို Tier- 3 အနေနဲ့ အဆင့်နှိမ့် သတ်မှတ်ထားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တာ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ၊ ဌာနဆိုင်ရာတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ ထောက်ပြထားပါတယ်။ အဲဒီအပြင် အစိုးရအနေနဲ့ ဆောင်ရွက်သင့်တဲ့ အချက် (၁၁) ချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံတကာ လူ့အခွင့်အရေး ပြဌာန်းချက်ကို လိုက်နာဖို့ ဆိုတဲ့အချက်ကို ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။