ရခိုင်ပြည်နယ်မှာ အပစ်ရပ်ပေမယ့် လူသားချင်းစာနာမှု အကူအညီပေးခွင့် ပိတ်ပင်ခံထားရဆဲ

RFA Burmese
2022.12.09
ရခိုင်ပြည်နယ်မှာ အပစ်ရပ်ပေမယ့် လူသားချင်းစာနာမှု အကူအညီပေးခွင့် ပိတ်ပင်ခံထားရဆဲ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်
RFA

စစ်ကောင်စီတပ်နဲ့ရက္ခိုင့်တပ်တော် (AA) တို့အကြား အပစ်အခတ်ရပ်စဲရေးဟာ နိုဝင်ဘာလ ၂၆ ရက်မှာ စတင် အသက်ဝင်ခဲ့တာပါ။ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အပစ်အခတ် ရပ်စဲခဲ့ကြတာလို့ စစ်ကောင်စီဘက်ကရော AA ဘက်ကပါ ပြောဆိုထားပါတယ်။

အပစ်အခတ်ရပ်စဲပြီး နှစ်ပတ်ကြာတဲ့အထိ ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတယ်လို့ ဒုက္ခသည်အရေးကူညီနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ လက်ရှိမှာက တိုက်ပွဲတွေ ရပ်စဲထားတယ်ဆိုပေမယ့်လည်း ကျနော်တို့ကို သွားလာခွင့် မပြုဘူးဆိုတဲ့ အမိန့်စာ ရှိနေဆဲပဲ။ အဲဒါကို ဖြေလျှော့လိုက်ပြီဆိုတဲ့ စာ အခုအထိ ဝင်မလာသေးဘူးပေါ့နော်။ လက်ရှိ အနေအထားကတော့ ကျနော်တို့က တိုက်ရိုက် အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေဆဲပဲ။ အဓိကတော့ အရင်က ပိတ်ထားသလိုပဲ အခုလည်း ကျနော်တို့ ပိတ်ထားခံနေရတယ်။ အဲဒီနေရာတွေကို ကျနော်တို့ သွားလာခွင့် မရှိသေးဘူး”

စစ်ကောင်စီက အရင်ရှိထားပြီးသား သွားလာခွင့် ကန့်သတ်ထားတဲ့စာကို မပယ်ဖျက် ရသေးသလို အကူအညီတွေ လွတ်လပ်စွာ ပေးပို့ခွင့်ပြုမိန့် တရားဝင် မထုတ်ပြန်သေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒုက္ခသည်အရေးကူညီနေသူတွေဟာ စက်တင်ဘာလ ၁၅ ရက်နောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ ကျောက်တော် မြို့နယ်တွေကို သွားလာခွင့် ကန့်သတ်ခံထားရပါတယ်။

"ကျနော်တို့ ငှက်ချောင်း စခန်းမှာ လုံးဝ အခက်အခဲရှိနေပါတယ်။ ကျန်းမာရေးပိုင်းဆိုင်ရာနဲ့ တော်တော်လေးကို အခက်အခဲရှိပါတယ်။ "

အဲဒီဒေသတွေမှာ ရခိုင်ဒုက္ခသည် ခြောက်သောင်းကျော်နဲ့ ရိုဟင်ဂျာဒုက္ခသည် သုံးသောင်းခွဲကျော် ရှိနေပါတယ်။ ဒီပိတ်ဆို့ထားမှုကြောင့် ဒုက္ခသည် တစ်သိန်းနီးပါး ကူညီသူမဲ့နေတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

နိုင်ငံတကာ အကူအညီတွေ အဓိကမှီခိုနေရတဲ့ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ ရှိလာတယ်လို့ ဒုက္ခသည်စခန်းဥက္ကဋ္ဌ ဦးရွှေလှက RFA ကိုပြောပါတယ်။

“အခုလက်ရှိ အခြေအနေမှာတော့ NGO၊ INGO နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့ပစ္စည်းတွေ မရောက်တာ တစ်လကျော်နေပါပြီ။ ကျနော်တို့ ငှက်ချောင်း စခန်းမှာ လုံးဝ အခက်အခဲရှိနေပါတယ်။ နောက်ပြီး ကျန်းမာရေးပိုင်းဆိုင်ရာနဲ့ တော်တော်လေးကို အခက်အခဲရှိပါတယ်။ နောက်ပြီး စားဝတ်နေရေးလည်း တော်တော်လေးကို အခက်အခဲရှိတယ်။ အဲဒီလို မျိုးပါ”

မြောက်ဦးမြို့နယ်က လူဦးရေ သုံးထောင်နီးပါးရှိတဲ့ တိမ်ညိုစခန်းက ဒုက္ခသည်တွေလည်း ထမင်းနပ်မှန်အောင် မစားရတော့ဘူးလို့ စခန်းတာဝန်ခံ ဦးစိုးနိုင်ကပြောပါတယ်။

“NGO။ INGO ပြည်တွင်းသွားလာခွင့် ကန့်သတ်လိုက်တယ် ဆိုကတည်းက မရတာပါ။ စားရေးသောက်ရေးဆိုရင် တော်တော်ကို ခက်ခဲနေပါတယ်။ အကူအညီ အထောက် အပံ့တွေ မရောက်တော့ တချို့ဆို စားရမဲ့ သောက်ရမဲ့ဘဝ။ လုံးလုံးကြီးငတ်တာတော့ မဟုတ်ဘူးပေါ့။ ရခိုင်တွေမှာက ရှိတဲ့သူတွေဆီက မရှိတဲ့သူကချေးငှား၊ ပေးကမ်း စားသောက် နေထိုင်ရတာပေါ့”

မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ မြို့နယ်တွေက စစ်ဘေးဒုက္ခသည်စခန်း ၁၄၃ ခုမှာလည်း အလားတူ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ပွဲတွေ ရပ်ထားတဲ့ကာလမှာ ဒုက္ခသည်တွေကို လွတ်လွတ်လပ်လပ် ကူညီခွင့် ပေးစေချင်တယ်လို့ ရခိုင်အရပ်ဘက် အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

rakhine refugees
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို ၂ဝ၂ဝ ဇန်နဝါရီ ၁၅ ရက်နေ့က စစ်တွေမြို့ ကန်တော်ကြီး ရပ်ကွက် ဘုန်းကြီးကျောင်းမှာ တွေ့ရစဉ်။ (Photo: RFA)

“ဒီလိုတိုက်ပွဲရပ်စဲတဲ့ ကာလမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အခြေအနေတွေကို ကူညီထောက်ပံ့မှုတွေ ပိုပြီးတော့လုပ် နိုင်မလားပေါ့။ အဲဒီလို မျှော်လင့်ထားတယ်။ ဒါပေမဲ့ အဲဒီမျှော်လင့်ထားတဲ့ အခြေအနေကို မရောက်သေးဘူးပေါ့။ တိုက်ပွဲဖြစ်တဲ့ အချိန်ကာလမျိုးတွေမှာဆိုရင် ပြည်သူလူထုကို ကူညီဖို့သွားလာလို့ မရဘူးလေ။ အခု တိုက်ပွဲ တွေမရှိတော့ သွားလာလို့ရတယ်။ အခုလို သွားလာခွင့်ရတဲ့ အချိန်မှာတော့ ကူညီပံ့ပိုးမှုတွေကို လုပ်ဆောင်ခွင့် ရစေချင်တယ်ပေါ့”

စစ်ကောင်စီတပ်က ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အခက်အခဲဖြစ်နေတဲ့ ဒုက္ခသည်တွေထဲမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် ကုန်ပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်ဘဲ ကျန်နေတဲ့ စစ်ဘေးဒုက္ခသည် လေးသောင်းကျော်၊ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်စစ်ကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည် နှစ်သောင်း နီးပါးနဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခကတည်းက နေရပ်မပြန်နိုင်တော့တဲ့ ရိုဟင်ဂျာ သုံးသောင်းခွဲကျော်တို့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။