UWSA ထိန်းချုပ်ဒေသ ငွေလိမ်ဂိုဏ်းတွေမှာ လူငယ်အများအပြား ရောင်းစားခံနေရ

2023.01.25
UWSA ထိန်းချုပ်ဒေသ ငွေလိမ်ဂိုဏ်းတွေမှာ လူငယ်အများအပြား ရောင်းစားခံနေရ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တစ်နေရာကို ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။
Photo: RFA

ကွန်ပျူတာနဲ့ အင်္ဂလိပ်စာတတ်ရင် တစ်လ မြန်မာကျပ်ငွေ သိန်းနှစ်ဆယ်ခန့်ရမယ်ဆိုတဲ့ မက်လုံးကြောင့် ၀တပ်ဖွဲ့ UWSA ထိန်းချုပ်ရာဒေသက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ နေ့စဉ်လိုလို လူငယ်တွေ လူကုန်ကူးရောင်းစားခံနေရတယ်လို့ ကိုယ်တိုင်ရောင်းစားခံရပြီး ပြန်လွတ်လာသူတွေက RFA ကို ပြောပါတယ်။

ရောင်းစားခံရသူတွေကိုယ်တိုင် UWSA ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမယ့် အရေးယူ ဆောင်ရွက်ပေးတာ မရှိလို့ မိသားစုက ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်ရွေးယူ နိုင်သူတွေ ပြန်လွတ်ကြပေမယ့် အများစုက အဆင့်ဆင့် ပြန်လည် ရောင်းစားခံနေရပါတယ်။

"ကလေးတွေ ပြန်လွတ်လာတယ်လို့ ကြားတဲ့နေ့နဲ့ ကလေးတွေပြန်လွတ်လာတဲ့နေ့ဟာ ကိုယ့်ရဲ့တစ်သက်မှာ ဝမ်းအသာဆုံးနေ့ပဲ။ ဘာနဲ့မှ မလဲနိုင်ဘူး။ တကယ်ကို အဲလောက်ကို ဝမ်းသာပီတီဖြစ်တယ်။ ကလေးတွေ မလွတ်ခင်မှာ တကယ်ကို ဖိအားတွေများခဲ့တယ်"

၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့က ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတစ်ခုမှာ သုံးလခန့် ရောင်းစားခံရပြီးမှ ပြန်လွတ်လာတဲ့ သားဖြစ်သူ ကိုသူရအတွက် ဦးမောင်မောင် တစ်ယောက် ဝမ်းသာ ပျော်ရွှင်နေတာပါ။

ဦးမောင်မောင်ဟာ သူ့သားပြန်လွတ်ဖို့ ပန်ဆန်းမြို့မှာ ရက်ပေါင်း ၂၀ ခန့် နေထိုင်ပြီး ကိုယ်တိုင်ကြိုးစားခဲ့ရသလို လမ်းစရိတ်နဲ့ စားစရိတ်အပါအဝင် ကျပ်ငွေ သိန်းသုံးဆယ် လောက် ကုန်ခဲ့တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်၊ သီပေါမြို့ခံ ကိုသူရဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ပန်ဆန်းမြို့ကို အလုပ်လုပ်ဖို့သွားရင်း တရုတ်ယွမ် နှစ်သောင်း (မြန်မာငွေသိန်း ၈၀ နီးပါး) နဲ့ ငွေလိမ်ဂိုဏ်း တစ်ခုမှာ ရောင်းစားခံခဲ့ရတာပါ။

ဂိမ်းဆိုင်မှာ အလုပ်ရမယ်ဆိုပြီး သူငယ်ချင်းကခေါ်လို့ သွားခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာမှ ရောင်းစားခံရမှန်း သိခဲ့ရတာလို့ ကိုသူရက RFA ကိုပြောပါတယ်။

"သူငယ်ချင်းတစ်ယောက်က အဲမှာလုပ်နေတယ်ဆိုပြီး ဖုန်းဆက်ခေါ်ပြီးခေါ်တော့ သူတို့က ဂိမ်းဆိုင်မှာလုပ်ရမယ်၊ ပင်ပန်းတာဘာညာ မလုပ်ရဘူး။ လစာလည်း တစ်လကို ငါးထောင်ပေးမယ်ဆိုပြီး ကျနော်တို့ကို လိမ်ခေါ်သွားတာပေါ့ဗျာ။ ကျနော်တို့ အားလုံးပေါင်း ဆယ်ယောက်သွားတယ်။ လေးယောက်က အင်တာဗျူးကျတယ်။ သုံးယောက်ကို ပြန်လွှတ်တယ်။ တစ်ယောက်ကို တခြားကုမ္ပဏီကို ပြောင်းခိုင်း လိုက်တယ်ဗျ။ ကျနော် အင်တာဗျူးဖြေပြီး အောင်တဲ့အချိန်ကျတော့ အဲမှာရှိတဲ့ မြန်မာတစ်ယောက်က ပြောတယ်။ ကျနော်တို့ ရောင်းစားခံရပြီလို့။ ကျနော်တို့က အစကတော့ မယုံသေးဘူး။ နောက်ပိုင်းမှ အခြေအနေက ဆိုးရွားလာတယ်။ အဲအချိန်မှ ရောင်းစားခံရမှန်းသိတာ"

thura-and-his-dad.jpg
ပန်ဆန်းမြို့ရှိ ငွေလိမ်ဂိုဏ်းတစ်ခုကို ရောင်းစားခံခဲ့ရသည့် ရှမ်းပြည်နယ်၊ သီပေါမြို့ခံ ကိုသူရနှင့် သူ၏ ဖခင် ဦးမောင်မောင်အား တွေ့ရစဉ်။ (Photo: RFA)

သူနဲ့အတူ အင်တာဗျူးအောင်သူတွေကို ပန်ဆန်းမြို့ပေါ်က နှစ်ထပ်တိုက်တစ်လုံးမှာ တရုတ်စံတော်ချိန် ညနေ ၄ နာရီကနေ မနက် ၇ နာရီအထိနဲ့ အချိန်ပိုဆင်းရရင် မနက် ၉ နာရီအထိ အလုပ်လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။

နာမည်တပ်မထားတဲ့ အဲဒီနေရာမှာ မြန်မာနိုင်ငံသား ၁၄ ဦးနဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော် ရှိပြီး အပေါ်ထပ်ကို ကွန်ပျူတာအခန်းလုပ်ထားသလို အောက်ထပ်မှာ အလုပ်သမားတွေကို ထားတယ်လို့ ကိုသူရက ပြောပါတယ်။

သူတို့လုပ်ရတဲ့ အလုပ်ဟာ ငွေလိမ်ဂိုဏ်းတွေဘက်က ဖန်တီးထားတဲ့ အွန်လိုင်းဆော့ဖ်ဝဲနဲ့ နိုင်ငံခြားသားတွေကို ငွေလိမ်ရတာလို့ ကိုသူရလိုပဲ ရောင်းစားခံရပြီးမှ ပြန်လွတ်လာတဲ့ စိုင်းကျော်က RFA ကို ပြောပါတယ်။

"နိုင်ငံခြားကသူတွေကို ငွေကြေးတွေဘာတွေ လိမ်ရတာပေါ့။ ဥရောပတို့၊ အမေရိကန်တို့ က လူတွေကို သူငယ်ချင်းဖြစ်အောင် လုပ်ရတယ်။ သူငယ်ချင်းမဟုတ်ရင်လည်း ရည်းစားဖြစ်အောင် လုပ်ရတယ်။ လုပ်ပြီးရင် ခရက်ပ်တိုဆိုတဲ့ ဆော့ဖ်ဝဲရှိတယ်ပေါ့။ အဲဆော့ဖ်ဝဲက ရင်းနှီးမြှုပ်နှံရတာ။ သူတို့ကို ပြရတာပေါ့။ မင်းဒီရဲ့ဟာကို စိတ်ဝင်စား လား၊ စိတ်ဝင်စားရင် ဒီဟာကို သင်ပေးလို့ရတယ်ပေါ့။ သင်ပေးလို့ရတယ်ဆိုရင် သူ့ရဲ့ပတ်စ်ပို့တွေ၊ မှတ်ပုံတွေနဲ့ အကောင့်ဖောက်ရတယ်။ ဂျီမေးလ်ထည့်ရတယ်။ ဒီဘက်က ခေါင်းဆောင်က အဲဒီဂျီမေးလ် နံပါတ်ကို မှတ်ထားတာ။ သူတို့ ငွေအမောင့် များလာတာနဲ့ သူတို့အကောင့်ကို ဘလော့လိုက်ပြီ"

တစ်ရက်မှာ အနည်းဆုံး နိုင်ငံခြားသားခြောက်ဦး ရှာပေးရပြီး မရှာနိုင်ရင် လစာဖြတ်တာ၊ ထိုင်ထလုပ်ခိုင်းတာ၊ တိုက်ပိတ်ထားတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ခံခဲ့ရတာလို့ ဆိုပါတယ်။

wa-police.jpg
၀ ရဲတပ်ဖွဲ့ဝင်အချို့အား ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ (Photo: RFA)

စာချုပ်မှာ လစာ ယွမ် ၅၀၀၀ ပေးမယ်ဆိုပေမယ့် သတ်မှတ်လစာအတိုင်း မရသလို လိမ်ရမယ့်သူ ရှာမရလို့ဆိုပြီး ရတဲ့လစာထဲက ဖြတ်တောက်တာပါရှိတယ်လို့ ပြန်လွတ်လာ သူတွေက ပြောပါတယ်။

ရောင်းစားခံရတာကို သိသွားသူတွေဟာ ၀ ရဲတပ်ဖွဲ့ကို တိုင်ကြားအကူအညီ တောင်းပေမယ့်လည်း အရေးယူ ဆောင်ရွက်ပေးတာမျိုး မရှိဘူးလို့ ကိုကျော်ကျော်က ပြောပြပါတယ်။

"ပန်ဆန်းမြို့မှာတော့ အခုလို မြန်မာတွေရောင်းစားခံရတာ အများကြီးရှိတယ်။ ရဲတွေကျတော့ သူတို့မကူညီနိုင်ဘူးဗျ။ ဝ ပြည်ကရဲတွေက။ ကျနော်တို့ ဒီလိုဒီလို ပိတ်မိနေလို့ဆိုပြီး တိုင်ဖူးတယ်။ သူတို့ကလာပြီးတော့ အခြေအနေ ဘယ်လိုရှိတုန်း ညှိပေးပြီးတော့ အလုပ်ကောင်းကောင်းလုပ်၊ မနက်ဖြန်ပြန်လာမယ်ဆိုပြီး လုံး၀ပြန်မလာတော့ဘူးဗျ။ စာချုပ်ချုပ်တုန်းက အပြင်ထွက်ရင် ရဲမဖမ်းအောင်လို့ ဆိုပြီးတော့ စာရွက်ကို လက်မှတ်ထိုးခိုင်းတယ်။ အမှန်တော့ စာချုပ်ဖြစ်တယ်။ ကျနော်တို့လည်း စာချုပ်မှန်း သိတယ်။ ကျနော်တို့က မထိုးဘူးလုပ်တာ၊ သူတို့က စစ်သားတွေကို ခေါ်ပြီး ထိုးခိုင်းမယ်ဆိုပြီးလုပ်တာ။ တရုတ်စာတွေနဲ့ဆိုတော့ ကျနော်တို့ တိတိကျကျ မသိဘူး၊ စကားပြန်တွေလည်း မပြောပေးဘူးဗျ"

ပန်ဆန်းနဲ့ မိုင်းပေါက်မြို့တွေမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ငွေလိမ်လုပ်ငန်းတွေ ခေတ်စားလာသလို လူငယ်တွေကလည်း ၀ ဒေသ အွန်လိုင်းအလုပ်တွေနောက်လိုက်ရင်း လူမှောင်ခိုကူးခံရပြီး ရောင်းစားခံနေရတာလို့ အဲဒီဒေသက အလုပ်သမားအရေး ကူညီ ပေးနေသူအချို့နဲ့ ပြန်လွတ်လာသူတွေက RFA ကိုပြောပါတယ်။

"ပန်ဆန်းမြို့မှာတော့ အခုလို မြန်မာတွေရောင်းစားခံရတာ အများကြီးရှိတယ်။ ရဲတွေကျတော့ သူတို့မကူညီနိုင်ဘူးဗျ"

ပြန်လွတ်လာတဲ့ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ပွဲစား တစ်ဦးကို RFA က ဇန်နဝါရီလအတွင်း တွေ့ဆုံမေးမြန်းချက်အရ ပန်ဆန်း၊ မိုင်းပေါက်နဲ့ ဝိန်းကောင်မြို့က ငွေလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံသားတွေ အဓိက ဦးဆောင်နေပြီး မြန်မာနဲ့ ဗီယက်နမ် နိုင်ငံသားတွေကို လခစားအဖြစ် ခေါ်ယူအသုံးပြုနေတာလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပွဲစားတစ်ဦးကတော့ လစာရော၊ အလုပ်ရော ပုံမှန်ရတဲ့ နေရာကိုသွင်းပေးလို့ အဆင်ပြေတာရှိပေမယ့် တချို့ပွဲစားတွေဟာ လိမ်ခေါ်ပြီး လစာတွေ ထုတ်ယူထွက်ပြေးသွားတာနဲ့ ငွေရဖို့ အချင်းချင်းလိမ်ရောင်းကြတာကြောင့် အခုလို ပြဿနာဖြစ်နေတာလို့ RFA ကို ပြောပါတယ်။

ပွဲစားတွေဟာ လိမ်ခေါ်ပြီး ငွေလိမ်ဂိုဏ်းတွေမှာ နှစ်နဲ့ချီ ရောင်းစားခဲ့သလို တရုတ် လုပ်ငန်းရှင်တွေကလည်း သူတို့ ဝယ်ထားတဲ့ငွေပြန်ရအောင် အဆင့်ဆင့် ပြန်လည် ရောင်းစားတာမျိုးတွေ ဖြစ်နေတာပါ။

လူကုန်ကူးခံရပြီး ရောင်းစားခံရတဲ့အထဲမှာ အသက်အရွယ်စုံ ပါဝင်နေပြီး တိုက်ခန်းတွေမှာ လှောင်ပိတ်ခံရတာတွေပါရှိနေလို့ မြန်မာနဲ့ နှစ်ဖက်အာဏာပိုင်တွေအနေနဲ့ အလေးအနက် ထား ဖြေရှင်းပေးဖို့ တောင်းဆိုတယ်လို့ ကိုသူရရဲ့ ဖခင် ဦးမောင်မောင်က ပြောပါတယ်။

"အမျိုးသမီး၊ အမျိုးသား မရွေးဘူး။ အရွယ်ကောင်းမှန်သမျှ သူတို့က ရောင်းစားတယ်။ လက်ရှိမှာ ရာနဲ့ချီပြီးတော့ ၀ ပြည်နယ်မှာ ရောင်းစားခံထားရတာတွေ ရှိတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့ မိဘတွေကလည်း အိမ်ကနေ ငိုနေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ ဒီမြန်မာနိုင်ငံက အာဏာပိုင်အဖွဲ့အစည်းနဲ့ ဝ ပြည်နယ်က လူကြီးမင်းအပေါင်းတို့ကို ကျနော် ဒီနေရာကနေ တောင်းဆိုပါတယ်။ အတတ်နိုင်ဆုံး ဒီကလေးတွေကို ကူညီပေးပါ လို့။ ဒီကလေးတွေကို ကယ်ဆယ်ပေးပါလို့ တောင်းဆိုပါတယ်"

လားရှိုးအခြေစိုက် ၀ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ သူတို့အနေနဲ့ ဒီလို ဒုစရိုက်မှုတွေကို လက်မခံသလို လူကုန်ကူးခံရသူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူကုန်ကူး ရုံးတွေကနေတဆင့် ၀ ဆက်ဆံရေးရုံး တာဝန်ရှိသူတွေထံ တိုင်ကြားနိုင်ကြောင်းနဲ့ ဒီအပေါ် ကူညီပေးနေတယ်လို့ RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်း စက်ပိတ် ထားပါတယ်။

လက်ရှိမှာ လုပ်ငန်းကျွန်းကျင်မှုအပေါ်မူတည်ပြီး တစ်ယောက်ကို တရုတ်ယွမ် နှစ်သောင်း ကနေ ငါးသောင်းကျော် (မြန်မာငွေ သိန်းရာကျော်) နဲ့ ရောင်းစားခံနေကြတာကြောင့် ငွေကြေး မတတ်နိုင်တဲ့ မိသားစုတွေအနေနဲ့ သားသမီးတွေကို ပြန်ရွေးနိုင်ဖို့မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။

အလုပ်သွားလုပ်မယ့် လူငယ်တွေအနေနဲ့ မသွားခင် လုပ်ငန်းအခြေအနေကို သေချာစုံစမ်းဖို့ လိုသလို ရောင်းစားခံထားရသူတွေရဲ့ မိသားစုတွေအနေနဲ့လည်း ၀ ဒေသကို ကိုယ်တိုင်သွား တိုင်ကြားကြဖို့လိုတယ်လို့ ပြန်လွတ်လာသူတွေက အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။