ICC ဆုံးဖြတ်ချက်နဲ့ စစ်ခေါင်းဆောင်ကို အမြန်ဖမ်းနိုင်ဖို့ ရိုဟင်ဂျာတွေလိုလား

RFA Burmese
2024.11.28
ICC ဆုံးဖြတ်ချက်နဲ့ စစ်ခေါင်းဆောင်ကို အမြန်ဖမ်းနိုင်ဖို့ ရိုဟင်ဂျာတွေလိုလား ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။
Photo: Reuters

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ်က တရားရုံးထံ လျှောက်ထားလိုက်တဲ့အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပြီး တရားမျှတမှုရဖို့ နီးကပ်လာနေပြီလို့ ပြောဆိုကြပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ်က တရားရုံးထံ နိုဝင်ဘာလ ၂၇ ရက်နေ့က လျှောက်ထားချက်ဟာ အားရစရာကောင်းပြီး မြန်မာတစ်နိုင်ငံလုံးအတွက်ကောင်းတဲ့ လုပ်ရပ်ပဲလို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

"နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အလိုရှိတဲ့ ဝရမ်းပြေးတစ်ယောက် ဖြစ်လာပြီဆိုရင် ကြီးမားတဲ့ ဖိအားတစ်ခုဖြစ်တယ်။ နိုင်ငံတွင်းမှာလည်း နိုင်ငံရေးအခြေအနေပြောင်းလဲလာဖို့ ဒီဟာက ဖိအားတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်တယ်”

၂၀၁၇ ခုနှစ်ကတည်းက စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုခေါင်းစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က စစ်ခေါင်းဆောင်ကို ICC က အမြန်ဆုံးဖမ်းဝရမ်းထုတ်ပေးဖို့ လိုလားတယ်လို့ ပြောပါတယ်။

"တရားမျှတမှုရရှိဖို့ ပထမခြေလှမ်းလို့ ပြောလို့ရပါတယ်။ ရိုဟင်ဂျာလူမျိုးအတွက်သာမကဘဲ မြန်မာနိုင်ငံက ပြည်သူလူထုအားလုံးအတွက် အကျိုးသက်ရောက်မှုရှိတယ်။ ICC တရားသူကြီးတွေကို တောင်းဆိုချင်တာက အခု ရှေ့နေလျှောက်ထားတာကို အမြန်ဆုံးလက်ခံပြီး ဖမ်းဝရမ်းကို အမြန်ဆုံးထုတ်ပေးပါလို့ ပြောချင်ပါတယ်”

ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကလည်း မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်နေပေမဲ့ အရေးယူမခံရဘဲ ဆယ်စုနှစ်တွေကြာအောင် လွတ်မြောက်နေပြီး တရားမျှတမှုရဖို့ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီလို့ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ကုတုပါလောင်စခန်းက ရိုဟင်ဂျာလူငယ် ကိုခင်မောင်သိန်းကတော့ ICC ရှေ့နေချုပ်ရဲ့ ဆောင်ရွက်မှုအပေါ် မျှော်လင့်ချက်တွေ များစွာရှိနေပါတယ်။

"လျှောက်ထားတာဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ တရားမျှတမှုအတွက် မျှော်လင့်ချက်ခိုင်မာသွားမယ်လို့မြင်တယ်။ သူတို့စစ်တပ်အာဏာပြုတ်သွားရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတစ်ရပ် ဖွဲ့စည်းပြီးတော့ နိုင်ငံ အေးအေးချမ်းချမ်းဖြစ်လာရင် ကျွန်တော်တို့ ပြန်ဖို့ အလားအလာ ပိုပြီးဖြစ်လာမှာပေါ့"

ICC ရှေ့နေချုပ်က ဗီဒီယို၊ ဓာတ်ပုံ၊ မျက်မြင်သက်သေနဲ့ စာရွက်စာတမ်း သက်သေအထောက်အထားအစုံနဲ့ တင်ပြခဲ့တာဖြစ်သလို တရားသူကြီးတွေကလည်း ဒီလျှောက်လဲချက်ကို လိုအပ်တဲ့စံနှုန်းအတိုင်း ကိုက်ညီမှုရှိ၊ မရှိ ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် တောင်းဆို

နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲခံနေရတဲ့ စစ်ကောင်စီ

စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလမဟာမင်းကြီး တောင်းဆို


ICC က စစ်ခေါင်းဆောင်ကို မကြာခင်လပိုင်းအတွင်း ဖမ်းဝရမ်းထုတ်လာနိုင်တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုရိုနေဆန်းလွင်က သုံးသပ်ပါတယ်။

“ဖမ်းဝရမ်းက လပိုင်းအတွင်းမှာ ထွက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ထွက်လာပြီဆိုတာနဲ့ လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၁၂၀ကျော်ရှိတယ်၊ ဒီနိုင်ငံတွေအားလုံးက သူ့နိုင်ငံတွေထဲကို ဝင်လာလို့ရှိရင် ဖမ်းကိုဖမ်းပေးရမယ်ဆိုတဲ့ တာဝန်ရှိတဲ့အတွက်ကြောင့် သူ (စစ်ခေါင်းဆောင်) အဲဒီနိုင်ငံတွေကို သွားလာလို့ ရတော့မှာမဟုတ်ဘူး။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အလိုရှိတဲ့ ဝရမ်းပြေးတစ်ယောက် ဖြစ်လာပြီဆိုရင် ကြီးမားတဲ့ ဖိအားတစ်ခုဖြစ်တယ်။ နိုင်ငံတွင်းမှာလည်း နိုင်ငံရေးအခြေအနေပြောင်းလဲလာဖို့ ဒီဟာက ဖိအားတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်တယ်

၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ICC က ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ခေါင်းဆောင်ဟာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ခိုင်လုံမှုရှိကြောင်း ICC ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ထားပါတယ်။

အခုနောက်ဆုံး ICC ရှေ့နေချုပ်ရဲ့ တရားရုံးထံ တင်သွင်းမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်ကောင်စီက ဖွဲ့ထားတဲ့ ဗိုက်ဘာ (Viber) သတင်းကွန်ရက်မှာတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC ပြောဆိုချက်တွေကို အသိအမှတ်မပြုကြောင်း စစ်ကောင်စီက တုံ့ပြန်ဖြေကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။