နိုင်ငံတချို့ထပ်တိုးပါဝင်လာတာကြောင့် ICJ တရားရုံးအမှု အားသာလာနိုင်ကြောင်း လေ့လာသူတွေ သုံးသပ်

RFA Burmese
2024.07.12
နိုင်ငံတချို့ထပ်တိုးပါဝင်လာတာကြောင့် ICJ တရားရုံးအမှု အားသာလာနိုင်ကြောင်း လေ့လာသူတွေ သုံးသပ် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး မြန်မာအရေး ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံဘက်က ချေပလျှောက်လဲစဉ်။
ICJ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့အမှုမှာ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လဒိုက်နိုင်ငံတွေကို နိုင်ငံတကာ တရားရုံး (ICJ) က ပါဝင်ခွင့်ပြု လိုက်ပြီး ဒီနိုင်ငံတွေရဲ့ လေ့လာတွေ့ရှိချက်တွေကို စာနဲ့ တင်ပြခွင့် ပြုလိုက်တယ်လို့ ICJ က ဇူလိုင်လဆန်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နှုတ်နဲ့ထွက်ဆိုချက်တွေကို ဘယ်တော့ခွင့်ပြုမလဲဆိုတာတော့ တရားရုံးက နောက်ပိုင်းမှာ ကြေညာမယ်လို့ ဆိုပါတယ်။

"ICJ မှာ သူတို့ပါဝင်လာပြီဆိုတော့ ကျွန်တော်တို့ပိုပြီးတော့ အခွင့်အလမ်းသာသွားမှာပေါ့နော်”

ICJ တရားရုံးအမှုမှာ နောက်ထပ် နိုင်ငံ ခုနစ်နိုင်ငံကို ဂမ်ဘီယာနိုင်ငံဘက်ကနေ ပူးပေါင်းပါဝင်ခွင့်ပေးလိုက်တာကြောင့် ဒီအမှုအတွက် ပိုပြီးအားသာလာနိုင်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးက “နံပါတ်တစ် အချက်က တရားရုံးမှုခင်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေအားလုံးကို အခုထပ်မံပါဝင်လာတဲ့ နိုင်ငံတွေကို ပြည့်ပြည့်စုံစုံပေးရမယ်။ ဒုတိယအချက်က အဲဒီနိုင်ငံတွေက စာနဲ့ရေးထားတဲ့ ထုတ်ဖော်ချက်တွေ တရားရုံးမှာ တင်ခွင့်ရှိပါတယ်။ တတိယအချက်က အဲဒီစာနဲ့ရေးသားထားတဲ့ လေ့လာချက်များ အဲဒါတွေကို လည်းတင်ခွင့်ရှိပါတယ်။ နောက်ဆုံးနံပါတ်လေး အချက်ကတော့ အမှုက ဆက်သွားရင်းနဲ့ နှုတ်နဲ့မေးတဲ့အဆင့် ရောက်သွားပြီဆိုရင် အခုတိုးလာတဲ့နိုင်ငံတွေရဲ့ လေ့လာချက်တွေကို ဆက်လက် တင်သွင်းခွင့်ရှိပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုအားကောင်းလာရင် အာဆီယံ ဦးဆောင်နေတဲ့ ဆွေးနွေးရေးပျက်သွားနိုင်သလို နိုင်ငံတကာဥပဒေစိုးမိုးရေးလမ်းကြောင်းကနေ အရေးယူနိုင်ခြေရှိပြီး မြန်မာနိုင်ငံအခြေအနေ ပြောင်းသွားနိုင် တယ်လို့ ဦးအောင်ထူးက သုံးသပ်ပါတယ်။

ICJ အမှုမှာပါဝင်လာတဲ့ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သလို ကျန်တဲ့နိုင်ငံတွေဟာလည်း တရားဥပဒေစိုးမိုးရေးကို အလေးထားတဲ့နိုင်ငံတွေ ဖြစ်နေတာကလည်း သတိပြုစရာ အချက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကလည်း နိုင်ငံတွေ ထပ်တိုးပါဝင်လာတာကြောင့် နိုင်ငံတကာတရားရေးလမ်းကြောင်းကနေ အရေးယူနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒီအမှုအတွက် လိုအပ်တဲ့ကုန်ကျစရိတ်တွေ၊ လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ နောက် ဒီလိုစုဆောင်းထားတဲ့ သက်သေအထောက်အထားတွေ လက်လှမ်းမီသလောက်ဟာတွေဆိုရင် ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီလိုမျိုးနိုင်ငံတွေ ပါဝင်လာတဲ့အတွက် တချို့တွေမှာဆိုရင် ဥပမာ ဗြိတိန်တို့ ဘာတို့မှာဆိုရင် အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်နဲ့ပတ်သက်လို့ တရားစွဲလို့ရတဲ့နည်းလမ်းတွေရှိတယ်။ ဆိုတော့ အခုလိုမျိုး ဒီလိုကိစ္စတွေမှာ ICJ မှာ သူတို့ပါဝင်လာပြီဆိုတော့ ကျွန်တော်တို့ပိုပြီးတော့ အခွင့်အလမ်းသာသွားမှာပေါ့နော်”

ဒီအမှုမှာ ဗြိတိန်နဲ့ ပြင်သစ်အပါအဝင် နိုင်ငံ ခုနစ် နိုင်ငံပူးပေါင်းပါဝင်တဲ့အကြောင်း ICJ က ၂၀၂၃ နှစ်ကုန် ကတည်းက ထုတ်ပြန်ကြေညာထားတာပါ။

ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့က ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို ၂ဝ၁၇ ခုနှစ်က အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေဟာ လူမျိုးတုံးစေလိုတဲ့ ဆောင်ရွက်ချက်တွေ ပါဝင်တယ်လို့ သုံးသပ်ထားပါတယ်။

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
ရခိုင်ပြည်နယ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာလူငယ်များအစည်းအရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်ကလည်း ဒီအမှုမှာ နိုင်ငံတကာက ပါဝင်လာတဲ့အတွက် ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့ ပိုနီးစပ်လာစေတယ်လို့ ရှုမြင်ပါတယ်။

“တရားရုံးကလည်း ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စ သူတို့ပါဝင်ပတ်သက်မှုကြောင့် နိုင်ငံတကာမှာ ကျွန်တော်တို့ ရိုဟင်ဂျာတွေရဲ့ အင်အားလည်း တက်သွားမှာပါ”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ ICJ မှာ တရားစွဲခံရရင်တောင် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ဒါအစကတည်းက ကျွန်တော်တို့က ICJ မှာ (အဖွဲ့ဝင်အဖြစ်) လက်မှတ်ထိုးထားတာမှ မဟုတ်တာ။ ဒါကတော့ လုပ်နိုင်သလောက်လုပ်တာပေါ့ဗျာ။ ထူးထူးခြားခြားတော့ ဘာမှ အကျိုးသက်ရောက်မှုမရှိပါဘူး ဒီလိုပဲပြောချင်တယ်။ တစ်ခုပဲရှိတယ်။ ICJ မှာ တရားစွဲခံထားရရင်တော့ တချို့နိုင်ငံတွေ မသွားနဲ့ပေါ့ ရှောင်ပေါ့။ ဒါပဲရှိတယ်”

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်တရားစွဲဆိုခဲ့တာပါ။

စစ်တပ်အာဏာမသိမ်းခင် ၂ဝ၂ဝ ပြည့်နှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ ရုံးမှာ တက်ရောက်ပြီး ထွက်ဆိုခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က တရားရုံးတက် ဖြေရှင်းနေတာပါ။

ဂမ်ဘီယာက စွဲထားတဲ့ ဒီအမှုကို လက်မခံဖို့ စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့ပေမဲ့ အဲဒီကန့်ကွက်ချက်တွေကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လမှာ တရားရုံးက ပယ်ချပြီး အမှုကို ဆက်စစ်ဖို့ လက်ခံခဲ့တာပါ။

နိုင်ငံတကာတရားရုံး ICJ ရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ အမိန့်ကြေညာချက်အရ ဒီအမှုနဲ့ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် လျှောက်လဲချက်ပေးဖို့အတွက် ဂမ်ဘီယာနိုင်ငံက အခုနှစ် မေလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ဒုတိယအကြိမ် လျှောက်လဲချက်တင်ရမှာ ဖြစ်ပါတယ်။ မြန်မာ စစ်ကောင်စီဘက်ကတော့ အခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဒုတိယအကြိမ် ထုချေလွှာတင်ပြရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။