လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ICJ အမိန့် ရိုဟင်ဂျာတွေ မျှော်လင့်ချက်ကြီးမား

2022.07.22
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ICJ အမိန့် ရိုဟင်ဂျာတွေ မျှော်လင့်ချက်ကြီးမား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ နိုင်ငံတကာတရားရုံး ICJ ကြားနာပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကို တွေ့ရစဥ်
Photo: MOFA

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အပေါ် မြန်မာနိုင်ငံရဲ့ ကန့်ကွက်ချက်ကို လက်ခံ၊ မခံ နိုင်ငံတကာတရားရုံး (ICJ) က ဇူလိုင် ၂၂ ရက် ဒီကနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ အမိန့်ချမှတ်တော့မှာပါ။

၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီအမှုကို ICJ တရားရုံးမှာ နှစ်ကြိမ်တိတိ စစ်ဆေး ကြားနာခဲ့ပြီး နှစ်ဖက်အပြန်အလှန် လျှောက်လဲခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေကြောင့် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ ရာနဲ့ချီသေဆုံးခဲ့ပြီး ခုနစ်သိန်းကျော်၊ ရှစ်သိန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံသွားပါတယ်။

ဒီလုပ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဂမ်ဘီယာက လျှောက်လဲခဲ့ပြီး မြန်မာဘက် ကတော့ ဂမ်ဘီယာဟာ အဓိက နစ်နာတဲ့နိုင်ငံမဟုတ်တာကြောင့် တရားစွဲခွင့် မရှိဘူးဆိုပြီး ကန့်ကွက်ထားတာပါ။

ICJ တရားရုံးက ဒီအမှုကို ပလပ်လိုက်မယ်ဆိုရင် ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဆုံးရှုံးသွားလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုး က ထောက်ပြပါတယ်။

“ဒီနေ့ကတော့ ရှင်းရှင်းလင်းလင်းပါပဲ။ တစ်ခုကတော့ ဂမ်ဘီယာက တရားစွဲဆိုထား တဲ့အတိုင်း ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ ICJ က တရားစီရင်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီးတော့ ကြားနာသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရယ်၊ ဒါမှမဟုတ်လို့ရှိရင်တော့ စီရင်ပိုင်ခွင့် လုံးဝမရှိဘူး ဒါကြောင့် ဒီအမှု ကို တရားရုံးကနေ ပလပ်လိုက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နှစ်ခု ရှင်းရှင်းလင်းလင်းပါပဲ။ ဒါပေမဲ့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာကိုတော့ ကျနော်တို့ လုံး၀ တွက်လို့မရဘူး။ တကယ်လို့ ဒါကို စီရင်ပိုင်ခွင့်မရှိဘူးလို့ ဆုံးဖြတ် လိုက်ရင်တော့ နှစ်ပေါင်းစွာ ဂရုစိုက် ခြင်းမခံရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုလမ်းကြောင်းတစ်ခုကတော့ လျော့ သွားမယ်၊ ပျက်စီးသွားမယ်၊ ဆုံးရှုံးသွားမယ်လို့ ပြောလို့ရပါတယ်”

ဒီအမှုကို ICJ က စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး NLD အစိုးရလက်ထက် ၂ဝ၁၉ ဒီဇင်ဘာလ ပထမအကြိမ် ကြားနာမှုမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သည်ဟိတ်မြို့ တရားရုံးအထိ သွားရောက်ပြီး ကန့်ကွက်ခဲ့ဖူးပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီကန့်ကွက်ချက် အားလုံးကို ပယ်ဖျက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ NLD အမတ်တွေ၊ ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ဒုတိယအကြိမ် ကြားနာမှုမှာတော့ စစ်ကောင်စီရဲ့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်တဲ့အဖွဲ့က ICJ တရားရုံးထိ သွားရောက်ပြီး ဂမ်ဘီယာဟာ တိုက်ရိုက်နစ်နာတဲ့နိုင်ငံ မဟုတ်တာကြောင့် တရားစွဲခွင့်မရှိဘူးဆိုပြီး ကန့်ကွက်ထားတာပါ။

ICJ ရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်ဟာ နစ်နာခဲ့တဲ့ ရိုဟင်ဂျာတွေအတွက် အလွန်အရေးကြီး ပါတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင် က RFA ကို ပြောပါတယ်။

“ဒီသောကြာနေ့မှာ ဆုံးဖြတ်မယ့် ဆုံးဖြတ်ချက်က ကျနော်တို့အတွက် တော်တော်လေး ကို အရေးပါတယ်။ တရားရုံးက တရားစီရင်ခွင့်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချမှ ဒီအမှုက စလို့ရမှာပါ။ ကျနော်တို့ဘက်ကတော့ ဒီအမှုကို သွားနိုင်ဖို့၊ နောက်ပြီးတော့ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ကျနော်တို့ အတွက် အရေးကြီးတယ်။ ဒါမှသာ မတရားညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခံခဲ့ရတာတွေ အားလုံးအတွက် တရား မျှတမှု ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဆုံးဖြတ်ချက်က ကျနော်တို့အတွက် တော်တော်လေး အရေးပါတယ်”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ရိုဟင်ဂျာ မွတ်စလင် ရှစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရသလို ရိုဟင်ဂျာရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီကနေ့ထွက်လာမယ့် ICJ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အမြင်သဘောထား သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံ ဖြေကြားခြင်း မရှိပါဘူး။

"ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်တာ ဒီမှာသက်သေနဲ့တကွရှိပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ မေးမြန်းစဥ်တုန်းကတော့ ICJ တရားရုံးအနေနဲ့ နိုင်ငံတကာ ဥပဒေနဲ့အညီ တရားမျှတအောင် ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း RFA ကို ပြောခဲ့ ပါတယ်။

“မြန်မာနိုင်ငံကတော့ တရားဥပဒေအတိုင်းပဲ ရပ်တည်သွားမှာဖြစ်တယ်။ ICJ အနေနဲ့ တော့ နိုင်ငံတကာဥပဒေ တွေကို အဓိက ကိုင်တွယ်ဆုံးဖြတ်ရတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့ အညီ နိုင်ငံတကာဥပဒေတွေရဲ့ စီရင်ထုံး၊ နိုင်ငံ တကာဥပဒေတွေရဲ့ အဆိုအတိုင်းပဲ တရားမျှတအောင် လုပ်လိမ့်မယ်လို့ မြန်မာနိုင်ငံအနေနဲ့ မျှော်လင့်တယ်”

ဦးကိုကိုလှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ အခုနှစ် ဖေဖော်ဝါရီလ လျှောက်လဲချက်မှာ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) ကို လက်မှတ်ထိုးခဲ့ချိန်တုန်းက အပိုဒ် ၈ မှာပါဝင်တဲ့ နိုင်ငံအချင်းချင်း တရားစွဲတာနဲ့ ပတ်သက်လို့ သဘောမတူဘဲ ခြွင်းချက်အနေနဲ့ အတိအကျထားပြီး လက်မှတ်ထိုးခဲ့တာဖြစ်ကြောင်း လျှောက်လဲထားပါတယ်။

Genocide Convention မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ချိုးဖောက်မှုကို အခြားအဖွဲ့ဝင်နိုင်ငံက တရားစွဲနိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် လက်မှတ် မထိုးထားတဲ့ နိုင်ငံ၊ အစိုးရ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့တော့ အိုင်စီဂျေမှာ တရားစွဲလို့မရဘူးလို့ ပြဋ္ဌာန်းထားတာပါ။

အိုင်စီဂျေတရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ဟာ တည်ငြိမ်စပြုနေတဲ့ ရခိုင်ပြည်နယ် အတွက် တစ်စုံတစ်ရာ ဆိုးကျိုးသက်ရောက်မှာကို စိုးရိမ်မိတယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ က RFA ကို ပြောပါတယ်။

“ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လောလောဆယ် တည်ငြိမ်စပြုနေတဲ့ ရခိုင် ပြည်နယ်အတွက် တစ်စုံတစ်ရာ ဆိုးကျိုးသက်ရောက်မှာကို ကျနော်တို့အနေနဲ့တော့ စိုးရိမ်စိတ်ရှိတယ်လို့ ပြောချင်ပါတယ်"

ICJ တရားရုံး အမိန့်ဖတ်ကြားပွဲ တက်ရောက်ရန်  နယ်သာလန်နိုင်ငံကိုသွားမည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှာ တွေ့ရစဥ် (Photo: MOFA)
ICJ တရားရုံး အမိန့်ဖတ်ကြားပွဲ တက်ရောက်ရန် နယ်သာလန်နိုင်ငံကိုသွားမည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှာ တွေ့ရစဥ် (Photo: MOFA)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတစ်ဦးကတော့ မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတာ သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရှိနေတာမို့ ICJ ကနေ နိုင်ငံတကာဥပဒေနဲ့ အညီ အရေးယူပေးစေချင်တယ်လို့ RFA ကို ပြောပါတယ်။

“ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်တာ ဒီမှာသက်သေနဲ့တကွရှိပါတယ်။ မောင်တော၊ ဘူးသီးတောင်မှာ ရွာတွေကို ကွင်းဆင်းစစ်ဆေးရင်ရပါတယ်။ အဲဒီရွာတွေ ပျောက်နေပြီ၊ ဘာကြောင့်လဲဆိုတော့ သူတို့ကို သတ်ဖြတ်တဲ့အတွက် အဲဒီလူတွေက ကြောက်လန့်ပြီးတော့ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှောင်ပြေးသွားခဲ့ပါတယ်။ ကျနော်တို့ကတော့ တရားဥပဒေနဲ့အညီလိုချင်တယ်။ ဒီလူမျိုးတုံး သတ်ဖြတ်တဲ့ အပေါ်မှာ အဲဒီလူမျိုးတုံးသတ်ဖြတ်မှုပုဒ်မနဲ့အတူ အရေးယူစေချင်ပါတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့သူတွေဟာ အခုအချိန်ထိ ဒုက္ခသည်စခန်းမှာ ခိုလှုံနေရပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာလည်း စစ်ကောင်စီရဲ့ ကန့်သတ်ထိန်းချုပ်မှုကို ခံနေရတယ်၊ ပြည်တွင်း ခရီးသွားလာမှုတွေမှာ မကြာခဏ ဖမ်းဆီးခံနေရတယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဒေါ်ရင်ရင်နွယ် ကတော့ ဘာမှမဆိုင်တဲ့ နိုင်ငံတစ်ခုက မြန်မာနိုင်ငံကို တရားစွဲ ထားတာဖြစ်တယ်၊ ဒီကနေ့ ဆုံးဖြတ်ချက်ဟာ မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်၊ မဖြစ် ICJ တရားသူကြီးတွေပေါ်မှာ မူတည်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထား ပါတယ်။

ဒီကနေ့ဆုံးဖြတ်ချက်ဟာ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအတွက် အရေးကြီးသလို အာဏာသိမ်းပြီးမှ စစ်ကောင်စီ ကျူးလွန်နေတဲ့ နိုင်ငံတစ်ဝန်းက ဖိနှိပ်သတ်ဖြတ်မှုတွေအတွက်လည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တာမို့ ပြည်သူ အများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။