တရားမဝင် မြန်မာအလုပ်သမား နှစ်သောင်းနီးပါး ထိုင်းမှာ အဖမ်းခံထားရ

ဒီနှစ်အတွင်း ထိုင်းနိုင်ငံမှာ အဖမ်းခံထားရတဲ့ တရားမဝင် မြန်မာအလုပ်သမား နှစ်သောင်း နီးပါး ရှိနေတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံကို ခိုးဝင်လာသူတွေဟာ တစ်ခါတစ်ရံ အသက်သေတဲ့အထိ ဘဝလုံခြုံမှု မရှိတဲ့ အခြေအနေမျိုးကို ကြုံရလေ့ရှိတယ်လို့ (FED) အဖွဲ့က ဦးမင်းဦး က ပြောပါတယ်။

"ပွဲစားတွေကခေါ်လာပြီး သူတို့စုရပ်တွေမှာ ထားတယ်လေ။ လိုဏ်ဂူတွေ ဘာတွေမှာ ထားတယ်။ ထုံပခွန်တို့၊ မဲဆောက်တို့ဘက်က တောထဲတောင်ထဲက သဘာဝအမျိုးသား ဥယျာဉ်တွေမှာ သူတို့ထားတယ်။ ထားထားပြီးတော့မှ နောက်ပိုင်း ရဲက မိသွားတဲ့ ဟာကျရင် ဒါမှမဟုတ်လည်း ပတ်ဝန်းကျင်က အကြောင်းကြားလိုက်ရင် လိုက်အဖမ်း ခံရတာတွေ ရှိတယ်။ ဒီကြားထဲမှာမှ ထွက်ပြေးလို့ ကားမှောက်တာတွေ ဟိုတစ်နေ့ကပဲ ဖြစ်သေးတယ်လေ။ ဒါတွေက တစ်ကြိမ်တည်းမဟုတ်ဘူး အကြိမ်ကြိမ်ပါပဲ။ တစ်ခါတလေကျရင် လမ်းမှာ လာရင်းနဲ့ပဲ အသက်ရှူတွေ ဘာတွေကျပ်ပြီး အမျိုးသမီး နှစ်ယောက်ဆိုလို့ရှိရင် သေတော့ တစ်ခါတည်း လမ်းမှာ ပစ်ထားခဲ့တယ်။ နောက် ကားတွေ ချောက်ထဲ ပြုတ်ကြတာတွေ၊ လမ်းမှာ ပစ်သတ်တာတွေ၊ ဒီလောက်ထိ ဆိုးဆိုးရွားရွား ဖြစ်နေတာပေါ့"

ထိုင်း လဝက အချုပ်ထဲမှာ ဖမ်းဆီးခံထားရတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုများလာသလို စားသောက်ရေးနဲ့ နေထိုင်ရေး ပြဿနာတွေအပြင် ဆေးဝါးကုသခွင့်တွေပါ ဆုံးရှုံးနေတယ်လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံကို ခိုးဝင်အလုပ်လုပ်ဖို့ ကြိုးစားသူတွေဟာ စစ်ရေး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နဲ့ ကယားပြည်နယ်က အများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ပြည်တွင်းစစ်ဒဏ်တွေကြောင့် ကျပ်တည်းလွန်းတဲ့ ပြည်သူတွေဟာ ထိုင်းနိုင်ငံကို ရတဲ့နည်းလမ်းနဲ့ ခိုးဝင်ပြီး အလုပ်လုပ် ငွေစုပြီး အကြွေးဆပ်ဖို့ ကြိုးစား နေရတာလို့ လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်သူ မသီတာဝင်းက ပြောပါတယ်။

"အာဏာသိမ်းလိုက်တာရယ်၊ ကိုဗစ်ဖြစ်တာရယ်ကြောင့် မြန်မာပြည်က စက်ရုံတွေက အကုန် ပိတ်လိုက်တယ်။ အဲအတွက်ကြောင့် ညီမတို့မှာ အလုပ်မရှိတော့ဘူး။ ညီမတို့မှာ အလုပ်မရှိတော့ အိမ်မှာထိုင်နေရမယ့် အတူတူ၊ ပိုက်ဆံမရမယ့်အတူတူ ညီမတို့ ပိုက်ဆံချေးငှားပြီးတော့ ထိုင်းကို တရားမဝင်လမ်းက လာရတာပေါ့နော်။ အခုကတော့ အပြင်အသွားအလာ သိပ်မရှိဘူး။ ဘာလို့လဲဆိုတော့ ထိုင်းရဲတွေက နေရာတိုင်းမှာ ရှိတော့ အဖမ်းအဆီးတွေကလည်း ရှိနေတော့ အပြင်သိပ်မထွက်ဖြစ်ဘူး။ အလုပ်သွား အလုပ်ပြန်ပဲ၊ အဲလောက်ပဲ သွားဖြစ်တယ်။ ဒီမှာကတော့ အထည်ချုပ်ရင် ချုပ်နိုင် သလောက် ပိုက်ဆံရတယ်။ ရတဲ့ပိုက်ဆံကိုလည်း ညီမတို့အိမ်ကို အကုန်ပြန်ပို့မယ်။ ပို့ပြီးသွားရင် ဟိုမှာရှိတဲ့ အကြွေးတွေ အကုန်ကျေတာနဲ့ ညီမတို့ မောင်နှမတွေကိုလည်း ထပ်ခေါ်မယ်။ ဟိုမှာအလုပ်မရှိမယ့် အတူတူပေါ့၊ ပိုက်ဆံစုပြီး ဒီမှာအလုပ်လုပ်ဖို့ ခေါ်မယ်"

သူဟာ ပြီးခဲ့တဲ့ဧပြီလက နယ်စပ်ပွဲစားကတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိ လာပြီး လက်ရှိမှာတော့ မဲဆောက်က အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတာပါ။ သူ့ဇာတိ ရေစကြိုမြို့နယ်ကနေ ထိုင်းနယ်စပ် မဲဆောက်မြို့လေးကို ရောက်ဖို့ ၁၁ ရက်ကြာ အဆင့်ဆင့် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

"အေးဂျင့်နဲ့ သွားတာ ဘတ်နှစ်သောင်း ပေးရတယ်။ လမ်းမှာလည်း အစစ်ဆေးတွေကလည်း အရမ်းများတယ်။"

လက်ရှိ ထိုင်းနယ်စပ်မြို့လေးတစ်မြို့ကို ရောက်နေပြီး အလုပ်ရှာနေဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း က ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ကိုအောင်ကိုဝင်းကတော့ နယ်စပ်ဂိတ်တွေက တစ်ဆင့် ထိုင်းနိုင်ငံထဲ ခိုးဝင် အလုပ်လုပ်ချင်တယ်ဆိုရင် မြန်မာငွေ ကျပ် ၁၂ သိန်းကျော်နဲ့ ညီမျှတဲ့ ထိုင်းဘတ် နှစ်သောင်းကနေ သုံးသောင်းလောက်အထိ ပေးရတယ်လို့ ပြောပါတယ်။

သူ့ဇာတိ စစ်ကိုင်းတိုင်းမှာ ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတာကြောင့် မိသားစု စားဝတ် နေရေးအတွက် ထိုင်းဘက်ထွက်ပြီး အလုပ်လုပ်ဖို့ စွန့်စားခဲ့ရတာလို့ ဆိုပါတယ်။

"ကျနော်တို့ စစ်ကိုင်းမှာလည်း စစ်ဒဏ်ခံနေရတယ်ပေါ့။ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကြားထဲမှာ ဟိုမရောက်ဒီမရောက် ဖြစ်တဲ့လူက ဖြစ်ပေါ့နော်။ အလုပ်အကိုင် စားသောက်ဖို့ကလည်း အတော်လေးကို ကျပ်တည်းနေတဲ့ အချိန်မှာ ကျနော်လည်း မိသားစုနဲ့ခွဲပြီးတော့ ထိုင်းသွားတယ်ပေါ့ဗျာ။ အဲဒီ ထိုင်းသွားပြီးတော့ ရတဲ့အလုပ် လုပ်မယ်၊ ပြီးသွားရင် ကိုယ့်အလုပ်ကောင်းက လစာရရင် မိသားစုကို ထောက်ပံ့မယ်ပေါ့၊ အဲလိုစိတ်နဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ သွားတယ်ပေါ့။ အေးဂျင့်နဲ့ သွားတာ ဘတ်နှစ်သောင်း ပေးရတယ်။ လမ်းမှာလည်း အစစ်ဆေးတွေကလည်း အရမ်းများတယ်။ အခုကတော့ သူငယ်ချင်း တစ်ယောက်ရဲ့ အဆောင်မှာနေနေတယ်။ အခုအချိန်ထိ ဘယ်အလုပ်ကို ရှာရမလဲဆိုတာ မသိဘူးပေါ့။ ကြုံရာကျပန်းလုပ်ရမယ်ဆိုလည်း လုပ်ရမှာပေါ့။ မိသားစု အခြေအနေကြောင့်ပေါ့နော်"

illegal workers
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားသည့် တရားမဝင် မြန်မာအလုပ်သမားများကို ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ် (Photo: Migrant Times)

ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ မဲဆောက်၊ ကန်ချနဘူရီ၊ ရနောင်း စတဲ့ နယ်စပ်ဝင်ပေါက်တွေကနေ အများဆုံး ဝင်လာကြတာလို့ မြန်မာအလုပ်သမားရေး ကူညီနေတဲ့ (FED) အဖွဲ့က ပြောပါတယ်။

တရားမဝင် အလုပ်သမားအများစုဟာ ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေထွက်ကုန် နဲ့ စက်ရုံ အလုပ်ရုံတွေအပြင် အိမ်အကူနဲ့ စိုက်ပျိုးမွေးမြူရေးခြံ စတဲ့ လုပ်ငန်းတွေမှာ အများဆုံး လုပ်ကိုင်ကြတာပါ။ ဝင်ငွေက တစ်လကို ဘတ် တစ်သောင်းကနေ တစ်သောင်းခွဲ အထိ ရကြပါတယ်။ တရားမဝင် အလုပ် လုပ်ကြတာမို့ အသက်၊ ဘဝအာမခံချက်နဲ့ အလုပ်သမား အခွင့်အရေးတွေတော့ မရကြပါဘူး။

မြန်မာအလုပ်သမားတွေ အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာနကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးကို RFA က ဖုန်းခေါ်မေးမြန်းတဲ့အခါ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရသူ ဝန်ထမ်းတစ်ဦးက ထိုင်း အာဏာပိုင်တွေ အနေနဲ့ ဖမ်းမိတဲ့ မြန်မာ အလုပ်သမားတွေကို လွတ်ရက်စေ့ရင် ထိုင်း အစိုးရရဲ့ အစီအစဉ်နဲ့ နေရပ်ကို ပြန်ပို့ပေးနေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ The Migrant worker group အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Mr.Adisorn Kerdphol ကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါမှာ အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနဲ့ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ လူဦးရေ တစ်သန်း ခြောက်သိန်းခန့် အလုပ်လက်မဲ့ ဖြစ်သွားပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ ၂၅ သန်းခန့်ဟာ အခု ၂၀၂၂ နှစ်ကုန်ပိုင်းမှာ အငတ်ဘေးကြုံရနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြီးခဲ့တဲ့နှစ်က အသိပေးထားပါတယ်။