အထောက်အထားမဲ့မြန်မာတွေကို မလေးရှားကပြန်ပို့နေတဲ့အတွက် စစ်မှုထမ်းရမှာစိုးရိမ်နေ

မလေးရှားနိုင်ငံမှာ တရားမဝင်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးတာ ပိုများလာသလို၊ အဖမ်းခံရတဲ့ မြန်မာတွေကို အရင်လို တရားရုံးတင် စီရင်ချက်ချတာမျိုး မလုပ်တော့ဘဲ ပြန်ပို့နေတဲ့အတွက် မြန်မာပြည် ပြန်ရောက်တဲ့အခါ စစ်မှုထမ်းထဲ အဓမ္မအသွင်းခံရမှာ စိုးရိမ်နေကြပါတယ်။
ဖေဖော်ဝါရီလမကုန်ခင်မှာတင် ဂျိုဟိုးပြည်နယ်နဲ့ ဆလန်ဂေါပြည်နယ်မှာ အထောက်အထားမဲ့ နိုင်ငံခြားသား တစ်ထောင်ကျော် ဖမ်းလိုက်ပြီး အဲဒီအထဲမှာ တစ်ဝက်ကျော်က မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ကူညီနေတဲ့အဖွဲ့တွေက ပြောပါတယ်။
ဒါကြောင့် နေထိုင်မကောင်းရင်တောင် ဆေးခန်းသွားဖို့ ကြောက်နေကြတယ်လို့ မလေးရှားရောက်နေတဲ့ ချင်းလူငယ်တစ်ဦးက ပြောပါတယ်။
"အသွားအလာလည်း တအားခက်ခဲတယ်။ စျေးဝယ်ဖို့တောင် သွားလာဖို့ တအားခက်ခဲတယ်ပေါ့နော်။ အခုက အရင်ကလိုမျိုးမဟုတ်ဘဲ အရပ်ဝတ်နဲ့ပဲ ဒီတိုင်းဖမ်းတဲ့နေရာတွေလည်း ရှိလာတော့လေ။ တချို့တွေဆို နေမကောင်းလို့ ဆေးခန်းသွားတဲ့လမ်းတွေမှာ လမ်းဘလော့ချက် (ယာဉ်ထိန်းရဲနဲ့ လဝကတွေ လမ်းပိတ်ပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်၊ လူ အကုန်လုံးကိုစစ်တာ) မိလို့ အဖမ်းခံရတာတွေလည်း ရှိတယ်"
အရင်က အဖမ်းခံရရင် တရားရုံးတင် စစ်ဆေးခံရပြီး ထောင်ဒဏ် သုံးလကနေ ခြောက်လအထိ ကျခံရသလို၊ တရားရင်ဆိုင်နေရတဲ့အချိန်မှာ မလေးရှားရင်းဂစ်ငွေ တစ်သောင်းလောက် အကုန်ခံနိုင်ရင် ပြန်လွတ်ကြပါတယ်။ နောက်တစ်နည်းကလည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားတဲ့သူတွေဆိုလည်း ပြန်လွှတ်ပေးပါတယ်။ ဒါပေမဲ့ အခု ၂၀၂၅ နှစ်ဆန်းကစလို့ တရားရုံးမတင်တော့ဘဲ ပြန်ပို့နေတာပါ။
ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားအရေအတွက် ဘယ်လောက်ရှိပြီလဲဆိုတာ မလေးရှားအာဏာပိုင်တွေက တရားဝင် ထုတ်ပြန်တာမရှိတဲ့အတွက် အတိအကျသိရဖို့ ခက်ခဲနေတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။
"တစ်လပိုင်းကနေစပြီး တော်တော် ဆိုးဆိုးရွာရွား ဖြစ်လာတာ၊ နှစ်လပိုင်းဆို ပိုဆိုးတာပေါ့နော်။ ဖမ်းတဲ့ဟာလည်း တောက်လျှောက် ဆက်တိုက်လိုလို ဖမ်းတယ်။ ပြီးတော့ အခုရုံးချိန်းမတင်တော့ဘူး၊ အကုန်လုံးကို။ အရင်တုန်းကတော့ အသက်မပြည့်တဲ့သူတွေလောက်ပဲ ရုံးချိန်းမတင်တာ။ အခုက အသက်ပြည့်တာရော၊ မပြည့်တာရော အကုန်လုံး ရုံးချိန်းမတင်တော့ဘူး"
ဒါကြောင့် မြန်မာပြည် ပြန်ပို့ခံရရင် စစ်မှုထမ်းဥပဒေနဲ့ ပြန်ပြီးဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။
"အရင်ကထက်ကို ပိုဆိုးလာတဲ့အခြေအနေရှိတယ်။ အရင်ကဆို အဖမ်းခံရရင် အဲလိုမျိုး နည်းနည်း ဖြေရှင်းလို့ရတယ်။ အခုနောက်ပိုင်းကျတော့ မရတော့ဘဲနဲ့ လုံးဝ အထောက်အထားမရှိတဲ့သူတွေပေါ့နော်၊ အဲဒီလိုမျိုးလူတွေကို သူတို့ တစ်ခါတည်း မြန်မာနိုင်ငံကိုပြန်ပို့တယ်"
"အရင်ကဆို အဖမ်းခံရရင် အဲလိုမျိုး နည်းနည်း ဖြေရှင်းလို့ရတယ်။ အခုနောက်ပိုင်းကျတော့ မရတော့ဘဲနဲ့ လုံးဝ အထောက်အထားမရှိတဲ့သူတွေပေါ့နော်၊ အဲဒီလိုမျိုးလူတွေကို သူတို့ တစ်ခါတည်း မြန်မာနိုင်ငံကိုပြန်ပို့တယ်"
စစ်တပ်အာဏာမသိမ်းခင်ကတည်းက မလေးရှားသွားပြီး အလုပ်လုပ်သူရှိနေကြပေမဲ့ စစ်မှုထမ်းဥပဒေ ထွက်ပြီးတဲ့နောက် တိုင်းရင်းသားတွေသာမက အညာဒေသကလူငယ်တွေပါ မလေးရှားရောက်လာတာ များတယ်လို့ မြန်မာတွေကို ကူညီနေသူတွေက ပြောပါတယ်။ အများစုက ထိုင်းနိုင်ငံကိုဖြတ်ပြီး တရားမဝင်သွားနေကြရသလို၊ မလေးရှားနိုင်ငံထဲအရောက် တစ်ယောက်ကို ကျပ်သိန်းငါးဆယ်လောက် ပေးကြရပါတယ်။
ဒါပေမဲ့ မလေးရှားရောက်တဲ့အခါ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် လျှောက်နိုင်တဲ့ အခွင့်အလမ်းမရှိသလို၊ ဒုက္ခသည်လျှောက်တဲ့အခါလည်း လူများလွန်းတဲ့အတွက် အရင်လိုလျှောက်လွှာတင်လို့မရတော့တဲ့အခြေအနေ ဖြစ်နေပါတယ်။
အခုဆိုရင် ၂၀၂၅ ခု ပထမ နှစ်လမှာ ပါဟန်း၊ ကွာလာလမ်ပူ၊ ဆာရာဝပ်၊ မလာကာ၊ ပဲရပ်၊ ဆလန်ဂေါ စတဲ့ ပြည်နယ်တွေမှာ ဖမ်းခံရတဲ့ မြန်မာအလုပ်သမား ရာနဲ့ချီရှိနေပြီး သူတို့ကို လေယာဉ်လက်မှတ်ရရင် ရသလို မြန်မာကိုပြန်ပို့နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
မလေးရှားက ပြန်ပို့ခံရတဲ့လူငယ်တွေ စစ်မှုထမ်းဖို့ စုဆောင်းခံရ
မလေးရှားမှာဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီ နေရပ်ပြန်ပို့ခံရ
ထိုင်းနဲ့မလေးရှားရောက် မြန်မာတွေကို ပြန်မပို့ဖို့ ဗြိတိန်ရောက် မြန်မာတွေ တောင်းဆို
အဖမ်းခံရတဲ့အချိန်မှာ ရှေ့နေရော ဒုက္ခသည်တွေကိုကူညီတဲ့ တိုင်းရင်းသားရုံးတွေရဲ့ အဆက်အသွယ်နဲ့ပါ UNHCR ကို အကူအညီတောင်းခဲ့ပေမဲ့ မလေးရှားအာဏာပိုင်တွေက လက်မခံဘဲ မြန်မာပြည်ကို ပြန်ပို့ခဲ့တာလို့ ကိုယ်တွေ့ကြုံရတဲ့သူတစ်ဦးက ပြောပါတယ်။
"အများကြီး ခက်ခဲတာပေါ့။ ရောက်တာလည်း သိပ်မကြာဘူးဆိုတော့။ ဒီမှာရွေးဖို့လည်း အများကြီး ကြိုးစားခဲ့တယ်။ လုံးဝရွေးလို့မရတဲ့အခြေအနေဆိုတော့ မရွေးဖြစ်ဘူး။ ဒီမှာလည်း ရှေ့နေတွေ ငှားပြီးတော့မှ ရွေးဖို့ရန်အတွက် လုပ်ထားတာ၊ လုံးဝကို ရွေးလို့မရတဲ့အခြေအနေဖြစ်သွားတာ။ UN လျှောက်လည်း လုံးဝမရဘူးဖြစ်နေတာ"
သူက ၂၀၂၅ နှစ်ဆန်းမှာ အဖမ်းခံရလို့ ပြန်ပို့ခံရပြီး၊ အခုတော့ မလေးရှား ပြန်ရောက်နေပါပြီ။
မလေးရှားကနေ ပြန်ဖို့ လေယာဉ်လက်မှတ်ခ ရင်းဂစ်ငွေ တစ်ထောင့်ငါးရာ (ကျပ် ၁၅ သိန်း) ဝန်းကျင်ကို ကိုယ်တိုင်ပေးရပါတယ်။ အဲဒီအပြင် မြန်မာလေဆိပ်မှာ လဝက အရာရှိတွေက မြန်မာကနေ မလေးရှားကို ဘယ်လိုသွားခဲ့သလဲဆိုတဲ့အကြောင်း၊ မလေးရှားမှာ ဖမ်းဆီးခံရတဲ့အကြောင်း၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတွေနဲ့ လိုအပ်တဲ့အချက်အလက်တွေကို မေးသလို၊ လဝက အရာရှိတွေကိုလည်း ကျပ် ခုနစ်သိန်းပေးလိုက်ရတယ်လို့ ပြောပါတယ်။ တချို့ဆိုရင် ဆယ်သိန်းအထိ ပေးရတယ်လို့လည်း ပြောပါတယ်။
ဆလန်ဂေါပြည်နယ်မှာရှိတဲ့ စမုံညှင်းထိန်းသိမ်းရေးစခန်း (Semenyih Immigration Detention Centre) မှာ သူ ရှိနေတဲ့အချိန်က မြန်မာနိုင်ငံသား တစ်ထောင်လောက်ကို တွေ့ခဲ့ပြီး၊ အကျဉ်းထောင်ထဲက သမံတလင်းပေါ် အိပ်ခဲ့ရတာကြောင့် အခုထိ အရေပြားယားတဲ့ဝေဒနာ ခံစားနေရသေးတယ်လို့ ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေကို အရင်လိုမလွှတ်တော့ဘဲ ပြန်ပို့တာကလည်း မလေးရှား လဝက ဌာနက အမှုပြချင်တဲ့အတွက်ဖြစ်တယ်လို့ မလေးရှားနိုင်ငံက မြန်မာ့အလုပ်သမားရေးရာနဲ့ ဒုက္ခသည်များအဖွဲ့ဥက္ကဋ္ဌ ကိုမင်းထိုက်က ပြောပါတယ်။
"ကျွန်တော်တို့က UN ရုံးကို ကူညီအကြောင်းကြားပြီးတော့ ဒီလဝက အမှုကိုင်အရာရှိတွေနဲ့ ကျွန်တော်တို့ သွားပြီးတော့ တောင်းဆိုတယ်။ သူတို့က UN ရုံးက အသိအမှတ်ပြုပေးလို့ရှိရင် သူတို့က ခွင့်ပြုရတာပေါ့နော်၊ ထုတ်ပေးရတာပေါ့နော်။ အဲဒီအခါကျတော့ သူတို့က case လိုချင်တယ်။ အဲဒီအခါကျတော့ ဒီလိုတွေ တရားရုံး လုံးဝတင်ခွင့်မပြုတော့ဘူး။ အဲဒီမှာပဲ ဖြတ်ချလိုက်တာ"
မလေးရှားကနေပြန်ပို့ခံရပြီး မြန်မာပြည်မှာပြန်အဖမ်းခံရတဲ့သူ အနည်းဆုံး ဆယ်ယောက်လောက်ရှိနေသလို၊ ရခိုင်နဲ့ ချင်းဘက်က လူငယ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။
UNHCR မလေးရှားရုံးရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စာရင်းတွေအရ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၁၈၀,၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။