ဆင်းရဲမွဲတေမှုနဲ့ မလုံခြုံမှု ပိုများလာနိုင်ကြောင်း ILO သတိပေး

နန္ဒာချမ်း
2022.05.24
ဆင်းရဲမွဲတေမှုနဲ့ မလုံခြုံမှု ပိုများလာနိုင်ကြောင်း ILO သတိပေး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြစျေးမှ စျေးဆိုင်တစ်ခုကို ၂၀၂၂ ခုနှစ် ဧပြီ ၁၁ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA

ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေး မြင့်တက်မှု၊ ငွေကြေးမတည်ငြိမ်မှုတွေကြောင့် ကမ္ဘာ တစ်ဝန်း အလုပ်အကိုင်ဈေးကွက် နာလန်ထူမယ့်အနေအထားဟာ နောက်ပြန်လှည့်သွား တယ်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောလိုက်ပါတယ်။

ကမ္ဘာ့အလုပ်အကိုင်ဈေးကွက် ဦးမော့မယ့်အခြေအနေ ပြောင်းပြန်ဖြစ်သွားရတာဟာ မြန်မာပြည်သူတွေ အပါအဝင် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံ တွင်းနဲ့ နိုင်ငံအချင်းချင်းကြား မညီမျှမှုတွေက အကျပ်အတည်းပေါင်းစုံ တိုးလာစေတယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Guy Ryder က မေလ ၂၄ ရက်နေ့မှာ ပြောလိုက်တာပါ။

ကမ္ဘာတစ်ဝန်း အလုပ်အကိုင်အခြေအနေနဲ့ ပတ်သက်ပြီး ILO ရဲ့ နောက်ဆုံးအစီရင်ခံစာကို မနေ့က ထုတ်ပြန်ခဲ့တာပါ။

စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ အလုပ်အကိုင်ပြန်ရတဲ့နှုန်း အမြင့်ဆုံးအဆင့်တွေကို ရောက်ခဲ့ တာကြောင့် မနှစ်က နှစ်ကုန်ပိုင်းမှာ အလုပ်အကိုင်ဈေးကွက် ပြန်ပြီးနာလန်ထူမယ့် အရိပ် အယောင်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ အခြေအနေတွေကနေ ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေးမြင့်တက်မှု၊ ငွေကြေးမတည်ငြိမ်မှုတွေက အလုပ်အကိုင်ဈေးကွက်ကို အဓိက မတည်မငြိမ် ဖြစ်စေခဲ့တာလို့ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ဘေး ၂ မျိုးပေါင်းပြီး တနှစ်အတွင်းမှာ အလုပ်အကိုင် ၁.၆ သန်းကျော် ဆုံးရှုံးသွားခဲ့တယ်လို့ ILO က ခန့်မှန်းထားတာပါ။

မန္တလေးမြို့နေ အိမ်ရှင်မတစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ မကြုံဖူးလောက်အောင် ကြီးမြင့်နေတာကို အခုလို ညည်းတွားခဲ့ပါတယ်။

“အရင်က အသားငါးသွားဝယ်လို့ တစ်သောင်းယူသွားရင် သုံးရက်စာလောက် ဝယ်လာ လို့ရတယ်။ အခု သုံးရက်စာလောက် သွားဝယ်ရင် တစ်ရက် တစ်သောင်းနှုန်းလောက် သွားကျတာ။ သုံးသောင်းလောက်မှ အတော်ပဲ၊ အဲ့ဒီလိုမျိုး ဖြစ်သွားတာပေါ့။ ဝယ်စားရ တာလည်း အဆင်မပြေဘူး။ ဒီထက်သာ ချွေတာရရင်လည်း မစားရုံပဲ။ ကုန်ဈေးနှုန်းက အရမ်းကြီးကို ကွာခြားသွားတာ။ ဆီဈေးတွေကလည်း တက်။ ဆီဈေးတက်တာထက် ဝယ်မရတာက ပိုဒုက္ခရောက်တယ်။ သွားရေးလာရေးလည်း ဒုက္ခရောက်။ စားဖို့သောက် ဖို့လည်း ဒုက္ခသည်ရောက်၊ လူတွေက ဘက်ပေါင်းစုံပဲ ဒုက္ခရောက်ကြတာ”

ကမ္ဘာမှာ လောင်စာဆီဈေးနှုန်း မြင့်တက်လို့ လူတွေ ညည်းတွားနေပေမဲ့ မြန်မာနိုင်ငံမှာ ကတော့ ဆီဈေးမြင့်တက်တာထက် ဝယ်လို့မရတာက ပိုဆိုးတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“၂ဝဝဝ ဖြစ်သွားတုန်းက ဝိုင်းအော်ကြတာလေ။ အခု ၂၃၅ဝ မနေ့က ကျနော်ထည့်တာ။ "နိုင်တီးဖိုက်" ကို။ အဲ့ဒါတောင် သုံးသောင်းဖိုးပဲ ထည့်လို့ရတယ်။ အရင်တုန်းကဆိုရင် ဘယ်လောက်မှမှ မရှိတာ။ အဲ့ဒီ ၁၉ဝဝ ကနေ အခု ဒုန်းဒုန်းဒုန်း… ဆိုပြီး တက်လာတာ အရမ်းများတယ်။ ဓာတ်ဆီဈေးတက်လို့တော့ ထွေထွေထူးထူး အော်မနေတော့ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ဆီမရတာ။ ဒီဆိုင်မှာရချင်ရမယ်။ ပုံမှန်မရှိဘူး အမရာ။ ဆီဆိုင်အ သေးတွေဆိုရင် အကုန်လုံး ပိတ်သွားပြီ။ ဆီဆိုင်အကြီးတွေကလည်း ဘယ်အချိန်ကနေ ဘယ်အချိန်ကို မရောင်းဘူးဆိုတာလည်း အတိအကျ မပြောနိုင်ဘူး။ သွားကြည့်၊ သွား ကြည့်လို့မှ ရချင်ရမယ်၊ မရချင်မရဘူး။ တက္ကစီခတွေဆိုရင် ပြောမနေနဲ့တော့ တက်တာ။ တက္ကစီကတော့ ဆွဲတောင် မဆွဲကြတော့ဘူး တချို့ဆိုရင်။ ကိုယ့်လူအချင်းချင်း အော်ဒါရမှပဲ။ လှည့်ပတ်နေတာ မရှိတော့ဘူး”

"ကုန်ဈေးနှုန်းက အရမ်းကြီးကို ကွာခြားသွားတာ"

အလားတူပဲ မြန်မာနိုင်ငံမှာ လောင်စာဆီဈေးမြင့်တက်မှုနဲ့ ရှားပါးမှုက နိုင်ငံအချင်းချင်း ကြား ကုန်သွယ်မှုကိုပါ ထိခိုက်နေပြီး၊ ကာလ ကြာလာတာနဲ့အမျှ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ် ကုန်သည်တစ်ဦးကပြောပါတယ်။

“ကုန်ပစ္စည်းစီးဆင်းမှုအတွက်ကို ကုန်ထုတ်လုပ်ရေးမှာရော သယ်ယူပို့ဆောင်ရေး မှာရော အကုန်လုံး ဈေးနှုန်းက အတူတူလိုက်ပြီးတော့ တပြိုင်တည်းလိုက်ပြီး မြင့်တက်တဲ့အတွက် စားသောက်ကုန်ဈေးတက်တဲ့ ဂယက်ကြောင့် ကုန်ပစ္စည်းက စားသုံးသူကလည်း အရင်လို ဖောဖောသီသီ မသုံးနိုင်ဘူး။ ငွေရှားပါးတဲ့ဒဏ်တွေကြောင့် အလုပ်အကိုင်ရှားပါး၊ စက်ရုံတွေပိတ်တဲ့ဂယက်က ကုန်သွယ်ရေးမှာ ကုန်ပစ္စည်း ရှားပါးတာ၊ စက်ဆီဈေးနှုန်းမြင့်တာကတကြောင်း အဲ့ဒါတွေကြောင့် ရေရှည်မှာ ကူးသန်းရောင်းဝယ်ရေးအတွက် ကားတွေပါ အခက်အခဲဖြစ်ပြီး ရပ်သွားနိုင်တဲ့ အခက်အခဲရှိပါတယ်”

၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (Photo: RFA)
၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (Photo: RFA)

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ILO ရဲ့ သီးသန့်ထုတ်ပြန်ချက်မှာတော့- အဓိကကဏ္ဍတွေမှာ သက်ရောက်မှုများစွာ ကြုံရတယ်လို့ ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ၊ အကြမ်းဖက်မှုနဲ့ မလုံခြုံမှုက ကျေးလက်နေပြည်သူတွေကို အထိနာစေခဲ့တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေဟာလည်း ၂ဝ၂၁ ခုနှစ်အတွင်း အထိအနာဆုံး လုပ်ငန်းတွေထဲမှာ ပါပါတယ်။

“စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ဘေးက မြန်မာနိုင်ငံမှာရှိတဲ့ သန်းပေါင်းများစွာသော အလုပ်သမားတွေကို ဆိုးရွားတဲ့အခြေအနေတခုထဲ တွန်းပို့ခဲ့တယ်။ အလုပ်သမား ဈေးကွက်မှာ တိုးတက်မှုတွေ ပြောင်းပြန်လန် နေတာကို ကျနော်တို့ မြင်နေရတယ်။ ဒီအတိုင်းသာဆက်ဖြစ်သွားရင် နိုင်ငံတစ်ဝန်းမှာ ဆင်းရဲမွဲတေမှုနဲ့ မလုံခြုံမှုတွေ တိုးမြင့်တဲ့ဆီကို ဦးတည်သွားနိုင်တယ်”… လို့ ILO ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Donglin Li က သတိပေးထားပါတယ်။

ဒါ့အပြင် ၂ဝ၂၃ နှစ်ကုန်မှာ မြန်မာတစ်နိုင်ငံလုံး လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူ ၂၅ သန်းလောက်ဟာ ယေဘုယျ ဆင်းရဲမွဲတေမှုနှုန်းထက် နိမ့်ကျတဲ့အဆင့်ကို ရောက်လာ နိုင်တယ်လို့လည်း မကြာသေးခင်ကပဲ ကုလသမဂ္ဂက သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။