နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် မြို့ကြီးတွေကို ဦးတည်ထွက်ပြေးမှု များလာ
2024.08.23
မြန်မာနိုင်ငံတစ်ဝန်းမှာ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ဘေးလွတ်ရာကို ထွက်ပြေးကြသူတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးလို မြို့ကြီးတွေကို ဦးတည်ပြောင်းရွှေ့လာတာတွေ အခုနောက်ပိုင်း ပိုများလာတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
မြို့ပြကို ထွက်ပြေးတိမ်းရှောင်သူ အရေအတွက်နဲ့ပတ်သက်လို့ စာရင်းကောက်ယူထားတာတွေ မရှိပေမဲ့ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေကို ထွက်ပြေးရောက်ရှိနေသူ သိန်းနဲ့ချီ ရှိနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။
မြို့ပြမှာ လေကြောင်းနဲ့ လက်နက်ကြီးရန်က ကင်းဝေးပေမဲ့ အဆမတန် မြင့်တက်နေတဲ့ ကုန်စျေးနှုန်းနဲ့ အိမ်ငှားခ စျေးတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ အခက်အခဲနဲ့ ပိုကြုံနေရတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူတွေက ပြောပါတယ်။
“အိမ်ငှားခစျေးတွေ အဆမတန် မြင့်တက်လာနေလို့ ရေရှည်ရပ်တည်နိုင်ဖို့ စိုးရိမ်ပူပန်နေရပါတယ်”
ရခိုင်ပြည်နယ်ကနေ လွန်ခဲ့တဲ့ငါးလခန့်ကတည်းက ရန်ကုန်မြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်တွေမြို့ခံတစ်ဦးက အိမ်ငှားခစျေးတွေ အဆမတန် မြင့်တက်လာနေလို့ ရေရှည်ရပ်တည်နိုင်ဖို့ စိုးရိမ်ပူပန်နေရတယ်လို့ RFA ကို ပြောပါတယ်။
“အဓိက ကတော့ နေထိုင်စားသောက်ရေးအတွက် အခက်အခဲ အများကြီးရှိတယ်။ ရန်ကုန်မှာ အခန်းခတွေကလည်း စျေးကြီးတဲ့အခါ တော်တော်ကို ကြိုးစားရုန်းကန်နေရတယ်။ ကိုယ့်အလုပ်တွေလည်း ထားခဲ့ရတယ်။ ဒီမှာနေတဲ့အချိန်မှာ စားဝတ်နေရေးကလည်း လုံးဝအဆင်မပြေဘူး။ ကိုယ့်နေရာကိုယ် အမြန်ပြန်ရပြီး ကိုယ့်အလုပ်လေးကိုယ် ပြန်လုပ်ရဖို့ ဆုတောင်းတယ်။ အိမ်ကို အမြန်ဆုံး ပြန်ချင်ပြီ။ တစ်သက်လုံး ရှာထားရတဲ့ပစ္စည်း ထားခဲ့ရတော့။ ဒီလို ပြန်ရှာနိုင်ဖို့က နောင် နှစ်နှစ်ဆယ်လုပ်တောင် မလွယ်တော့ဘူး”
ရန်ကုန်မြို့မှာ အရင်က တစ်လ အိမ်ခန်းငှားခ နှစ်သိန်းခန့် ရှိခဲ့ရာကနေ အခုတော့ လေးသိန်းခန့်အထိ နှစ်ဆနီးပါး တက်လာတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက်ဟာ ငါးသိန်းကျော် ရှိတယ်လို့ အရပ်ဘက်လူမှုအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ဇွန် ၂၅ ရက်နေ့က စတင်ခဲ့တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကြောင့် လူပေါင်း တစ်သိန်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အချို့က ပြောဆိုထားကြပါတယ်။
“မြို့ပြမှာ ရေရှည်ရပ်တည်ဖို့ ခက်ခဲတာကြောင့် အိမ်ပြန်နိုင်မဲ့အချိန်ကိုပဲ မျှော်လင့်နေပါတယ်”
ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးလက်ဒေသတွေအပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိတဲ့ မြို့ကြီးတွေကိုပါ ဦးတည်ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
ပြည်တွင်းစစ် ဘယ်တော့အဆုံးသတ်မလဲ
နိုင်ငံတစ်ဝန်း ဒုက္ခသည်တွေ ရပ်တည်ရေး ပိုခက်ခဲလာ
မြန်မာနိုင်ငံမှာ လူ ၁၈ သန်းခွဲကျော် အရေးပေါ်အကူအညီလိုအပ်
မြို့ပြမှာ ရေရှည်ရပ်တည်ဖို့ ခက်ခဲတာကြောင့် အိမ်ပြန်နိုင်မဲ့အချိန်ကိုပဲ မျှော်လင့်နေတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးမြို့ကို ထွက်ပြေးလာတဲ့ သီပေါဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သီပေါမြို့က စီးပွားရေးတွေရော အိမ်တွေရော အကုန်ပစ်ထားခဲ့ပြီး မန္တလေးမှာ လာနေရတာ။ ကုန်စျေးနှုန်းတွေကလည်း တအားမြင့်တက်လာတယ်။ စီးပွားရေးကလည်း သီပေါမှာ အကုန်ဇောက်ချလုပ်ထားတာဆိုတော့ ကိုယ်စုထားတာလေးနဲ့ မန္တလေးကို ပြေးလာရတာ။ နယ်နဲ့ မြို့နဲ့က စီးပွားရေးလုပ်ရတာ မတူတော့ ကိုယ်က မတိုးနိုင်ဘူး။ မြန်မြန်ပြီးစေချင်ပြီ။ ဒုက္ခ တအားရောက်တယ်။ ကိုယ်စုထားတွေနဲ့ပဲ ထိုင်စားနေရတယ်။ သုံးလည်း မသုံးရဲတော့ဘူး။ ကိုယ်က ဝင်ငွေမရှိဘဲနဲ့ ထွက်ငွေပဲ ရှိတာလေ”
တိုက်ပွဲတွေကြောင့် မြို့ပြကို ဦးတည်ထွက်ပြေးလာကြရသူ အများစုဟာ နေရာသစ်မှာ ကြုံရာအလုပ်တွေနဲ့ ရပ်တည်ဖို့ ကြိုးစားကြရပါတယ်။ ဒါပေမဲ့ မြို့ပြမှာ လူဦးရေ ထပ်တိုးလာတာကြောင့် အလုပ်အကိုင်ရဖို့ပါ အခက်ကြုံလာရတယ်လို့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုလောလောဆယ် အလုပ်အကိုင်လည်း မရှိဘူး။ ဒီဘက်မှာ ကိုယ့်နယ်မြေ ကိုယ့်ဒေသလည်း မဟုတ်တဲ့အတွက် ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ ခရမ်းချဥ်သီး ရွေးတာတောင် အခုနောက်ပိုင်းဆိုရင် စစ်ရှောင်တွေကို သူတို့ မခေါ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း မရှိဘူးတဲ့။ စစချင်း တစ်လ နှစ်လလောက်ကတော့ စစ်ရှောင်တွေဆိုရင် ဦးစားပေးပြီး ထည့်ပေးတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ စစ်ရှောင်တွေက များလာသလို သူတို့ရဲ့ အလုပ်အကိုင်လည်း နည်းတဲ့အတွက် စစ်ရှောင်တွေကို သူတို့ ခေါ်မယ်ဆိုရင် သူတို့ရဲ့ဒေသခံတွေ အလုပ်မရှိဘူးပေ့ါနော်။ ဒါကြောင့် သူတို့ ဒေသခံတွေကိုပဲ သူတို့ ဦးစားပေးပြီး ခေါ်တာပေ့ါ”
ရန်ကုန်မြို့ကို ထွက်ပြေးခိုလှုံလာသူတွေကို ရန်ကုန်ပြည်သူတွေက နွေးထွေးပျူငှာစွာ ကြိုဆိုဖို့ အိမ်ငှားခ၊ အဆောင်ငှားရမ်းခတွေကို ဈေးနှုန်းလျှော့ ငှားရမ်းပြီး ဝိုင်းဝန်းကူညီပေးကြဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစု ၁၇ ဖွဲ့က သြဂုတ် ၁၃ ရက်နေ့က ထုတ်ပြန်မေတ္တာရပ်ခံထားပါတယ်။
နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်အရေးနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ ပြည်တွင်း သတင်းမီဒီယာအချို့မှာတော့ ရန်ကုန်မြို့ကို ထွက်ပြေးတိမ်းရှောင်လာကြသူတွေကို စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ရေးသားဖော်ပြကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ တိုက်ပွဲဖြစ်လို့ အရေးပေါ် စစ်ရှောင်ရတဲ့ ဒုက္ခသည် သုံးသိန်းကျော်ကို လစဥ်ပုံမှန် ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“ရေရှည်စစ်ရှောင်တွေက အခုဆိုရင် တော်တော်လေး များပြားလာတာ ရှိတယ်။ တိုင်းဒေသကြီးတွေမှာ အခုရရှိတဲ့စာရင်းအရ ပုံမှန် ရေရှည်စစ်ရှောင် ငါးသိန်းခွဲလောက်အထိ ဖြစ်နေပြီ။ နေရာဒေသအနှံ့ ပြည်နယ်တွေ အားလုံးမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရေးပေါ် ထောက်ပံ့နေတဲ့ အခြေအနေရှိတယ်။ လစဥ်ပုံမှန် သုံးသိန်းခွဲ အနည်းဆုံးထောက်ပံ့နေပြီး တချို့လတွေဆိုရင် လေးသိန်းလောက်ထိ ရှိတယ်။ သုံးသိန်းခွဲဝန်းကျင်ကို ပုံမှန် ထောက်ပံ့နေတာတွေ ရှိတယ်”
ဒါ့အပြင် စစ်ရေးအရှိန် မြင့်လာမဲ့ဒေသတွေမှာ ကြိုတင်ပြင်ဆင်ပြီး ရိက္ခာ စုဆောင်းတာ၊ အရပ်သားထိခိုက်မှု လျော့နည်းအောင် ကြိုတင်ဆောင်ရွက်တာ၊ ပြည်သူတွေကို အသိပညာပေးတာတွေကို ပုံမှန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ( UNOCHA ) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။