မဏိပူရ်အစိုးရရဲ့ နယ်စပ်ခြံစည်းရိုး မြန်မာဒုက္ခသည်တွေကို တားဆီးဖို့ဖြစ်

RFA Burmese
2023.09.25
မဏိပူရ်အစိုးရရဲ့ နယ်စပ်ခြံစည်းရိုး မြန်မာဒုက္ခသည်တွေကို တားဆီးဖို့ဖြစ် အိန္ဒိယ မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်နိုင်ရေး မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) တာဝန်ရှိသူတွေ ၂၀၂၃ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။
N.Biren Singh

မြန်မာဘက်က တရားမဝင် ကူးသန်းသွားလာမှု၊ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ များလာတာကြောင့် အိန္ဒိယ -မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ အရေးပေါ် စီစဉ်နေတယ်လို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုကြောင်း စက်တင်ဘာ ၂၄ ရက် အိန္ဒိယအခြေစိုက် နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

မဏိပူရ်ပြည်နယ်ထဲက အိန္ဒိယ-မြန်မာနယ်စပ်မှာ အလျား ၄၃ မိုင်ရှည်တဲ့ ခြံစည်းရိုးကို အရေးပေါ် အမြန်ဆုံး ကာရံနိုင်ဖို့ နယ်စပ်လမ်းတည်ဆောက်ရေး (BRO) အဖွဲ့ဝင်တွေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် N Biren Singh ကပြောပါတယ်။ ဒေသတွင်းလုံခြုံရေး၊ အချုပ်အခြာအာဏာ တည်မြဲရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ဆိုရင် နယ်စပ်သွားလာခွင့်တွေကို ပိတ်ပင်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဒီလိုနယ်စပ်ပိတ်တာဟာ မြန်မာဒုက္ခသည်တွေ ထပ်မဝင်လာနိုင်အောင် တားဆီးဖို့သာ ဖြစ်ပြီး၊ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“နယ်စပ်ဖြတ်ကျော် ဂိတ်ပိတ်ဆို့မှုကတော့ ဒီဒုက္ခသည်တွေ ဝင်မလာနိုင်ရေးကိုသာ အဓိက ဦးတည်ပိတ်ဆို့တာ ဖြစ်ပြီး၊ တခြားရာဇဝတ်မှုတွေနဲ့ တခြားတရားမဝင် ကုန်သွယ်မှုတွေကိုတော့ များများ ပိတ်ပင်နိုင်လိမ့်မယ်လို့ မထင်ဘူး။ နယ်စပ် ဖြတ်ကျော်မှုကလည်း ကုန်းပိုင်းဖြစ်တဲ့အတွက် နည်းမျိုးစုံနဲ့ တရားမဝင် စီးပွားရေးလို ဟာမျိုးကတော့ စီးဆင်းနေမှာပဲ။ အဓိကတော့ ဒီတရားမဝင် စီးပွားရေးတွေကို အဆုံးသတ်စေချင်ရင် အိန္ဒိယအနေနဲ့ အနောက်နိုင်ငံတွေ၊ ဒီမိုကရေစီအားကောင်းတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့မှ နယ်စပ် တစ်လျှောက်ကို အရေးယူခြင်းကသာ ပိုပြီး ထိရောက်ပါလိမ့်မယ်”

၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ဖို့ ရည်ရွယ်ပြီး မြန်မာ - အိန္ဒိယ နယ်စပ်ကို လွတ်လပ်စွာ သွားလာခွင့် ပြုခဲ့ပါတယ်။

အခုတော့ ဒီလိုခွင့်ပြုထားတာဟာ နယ်စပ်ဖြတ်ကျော် လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ပိုတိုးလာစေတယ်၊ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့် မဏိပူပြည်နယ်မှာရှိနေတဲ့ လူမျိုးရေး ပဋိပက္ခကို ပိုဆိုးစေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မဏိပူပြည်နယ်အစိုးရက နယ်စပ်ခြံစည်းရိုးကာဖို့ ကြိုးစားလာတာပါ။

"ကျွန်တော်တို့ ဒုက္ခသည်စခန်းက သူတို့ အိန္ဒိယဘက်မှာ မဆောက်တော့ဘူး။"

မဏိပူရ်ပြည်နယ်မှာ ကသည်းနဲ့ ကူကီးတွေအကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားနေပြီး မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့် ဒီပြဿနာပိုဆိုးလာတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက မကြာခဏ စွပ်စွဲလေ့ရှိပါတယ်။

ဒီအခြေအနေအတွင်းမှာပဲ မြန်မာနိုင်ငံအခြေစိုက် သူပုန်အုပ်စုတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတဲ့ အကြမ်းဖက်သမား တစ်ဦးကို မဏိပူပြည်နယ်ကနေ ဖမ်းဆီးပြီး အိန္ဒိယအစိုးရ အမျိုးသား စုံစမ်းထောက်လှန်းရေးဌာန (NIA) ကို လွှဲပြောင်းပေးလိုက်ကြောင်း (NIA) ပြောခွင့်ရသူကို ကိုးကားပြီး စက်တင်ဘာ ၂၃ ရက် Deccan Herald သတင်းက ဖော်ပြပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် ပြောခွင့်ရ ဆလိုင်းကျုံးငိုင်ကတော့ မြန်မာနိုင်ငံက လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေအနေနဲ့ နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံဘက် သွားလာတာမျိုး ရှိခဲ့ပေမယ့် ထိခိုက်ပျက်စီးစေတာမျိုး ဘာမှမလုပ်ဘဲ နယ်စပ်မူးယစ်မှောင်ခိုမှုတွေကိုတောင် တတ်နိုင်သလောက် ကူညီဖမ်းဆီးပေးတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီအဝင်အထွက်တွေ ပိတ်လိုက်ရင်တော့ ထိခိုက်နစ်နာမှုက ရှိလာမှာပဲ။ မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှုတွေက ဘယ်အချိန်ပဲဖြစ်ဖြစ် ရှိနေတဲ့ အခါကျတော့ ဒီနောက်ပိုင်း ခေတ်မကောင်းလာတဲ့ အချိန်မှာ ပိုများလာတာမျိုးတော့ ရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကာကွယ်တပ်ဖွဲ့တွေ၊ တော်လှန်ရေး တပ်ဖွဲ့တွေက ဒါကို အိန္ဒိယဘက်၊ မီဇိုရမ်ဘက်ကို ကူးလူးဆက်ဆံနေတဲ့အခါကျတော့ (လက်နက်နဲ့ မူးယစ် မှောင်ခိုသမားတွေကို) တတ်နိုင်သလောက် ဖမ်းဆီးတာတွေ၊ ကာကွယ်ပေးတာတွေ လုပ်ဆောင်နေပါတယ်”

မဏိပူရ်ပြည်နယ်အစိုးရက နယ်စပ်ခြံစည်းရိုး ကာလိုက်ရင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ နေလို့မရတဲ့အတွက် ထွက်ပြေးလာမယ့် ဒုက္ခသည်တွေကိုရော သူတို့ တော်လှန်ရေး အဖွဲ့တွေကိုပါ ထိခိုက်စေလိမ့်မယ်လို့ ဆလိုင်းကျုံးငိုင်က ပြောပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နယ်စပ်ဖြတ်ပြီး မဏိပူရ် ပြည်နယ်ဘက်ကို ထွက်ပြေးခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က ဒုက္ခသည်တွေဟာ အာဏာပိုင်တွေက ဖိအားပေး မောင်းထုတ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံဘက် ပြန်ဝင်လာပြီး နယ်စပ်မျဉ်းတစ်လျှောက်မှာ ဖြစ်သလို ခိုလှုံနေရပါတယ်။

အဲဒီအထဲက ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ပူခိုင်ကတော့ မြန်မာပြည်မှာ နေမရလို့ ထွက်ပြေးလာသူတွေဟာ ရိုးရိုးသားသား စစ်ဘေးဒုက္ခသည်တွေသာဖြစ်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှု ဘာတစ်ခုမှ မလုပ်ဘူးလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဘက်ကတော့ သူတို့ ခြံစည်းရိုးကာလည်း ပြဿနာမရှိဘူး။ ဆိုလိုတာက ကျွန်တော်တို့က သူတို့နယ်မှာ မဆောက်တော့ဘူးလေ။ ကျွန်တော်တို့ ဒုက္ခသည်စခန်းက သူတို့ အိန္ဒိယဘက်မှာ မဆောက်တော့ဘူး။ နယ်စပ်ဘက် မြန်မာဘက်ခြမ်းမှာ ဆောက်ထားတယ်။ တကယ်ဆိုရင် သူတို့ဘက်က မောင်းထုတ်တာပါ။ မှောင်ခိုသမားတွေက သူလမ်းနဲ့ သူသွားတာပဲ။ ပြည်သူတွေက ဒီအလုပ်မှ မလုပ်တာ”

အိန္ဒိယနဲ့ မြန်မာဟာ မိုင်တစ်ထောင်နီးပါး နယ်နိမိတ်ချင်း ထိစပ်နေပြီး မဏိပူရ်ပြည်နယ် တစ်ခုတည်းမှာတင် မိုင် ၂၅၀ နီးပါး ထိစပ်နေတာပါ။ မိုင်ပေါင်းများစွာ ထိစပ်နေတာကြောင့် နေရာအားလုံးမှာ ခြံစည်းရိုးခတ်ဖို့ မလွယ်ကူဘဲ ဝင်ထွက်သွားလာမှု အများဆုံး အဓိက နေရာတွေကို ရွေးချယ်ပြီး မိုင် ၄၀ ကျော်အရှည် အရေးပေါ် ခြံစည်းရိုးခတ်ဖို့ မဏိပူရ် ပြည်နယ်အစိုးရက ကြိုးစားနေကြောင်း အိန္ဒိယအခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြသည့် မြန်မာဒုက္ခသည်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဖာကောန်ကျေးရွာရှိ ယာယီစခန်းတစ်ခုတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြသည့် မြန်မာဒုက္ခသည်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဖာကောန်ကျေးရွာရှိ ယာယီစခန်းတစ်ခုတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

မြန်မာနိုင်ငံမှာ နေမရလို့ ထွက်ပြေးလာသူတွေကို မဏိပူပြည်နယ်အစိုးရက ဒီလိုဖိအားပေးနေမယ်ဆိုရင် နယူးဒေလီမှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က လျစ်လျူရှုမထားသင့်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတဲ့ မီဇိုရမ်ပြည်နယ်ရောက် မြန်မာဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“တကယ်လို့ သူတို့က လွတ်လပ်စွာ သွားလာပိုင်ခွင့်ကို ပိတ်ချလိုက်မယ်ဆိုရင် UNHCR အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်မှုတွေ ရောက်လာမယ်ဆိုတာလည်း တစ်ချက် စောင့်ကြည့်ရမှာပေါ့နော်။ နောက်တစ်ချက်ကတော့ ပြည်နယ်အစိုးရ မီဇိုရမ်အစိုးရက ကျွန်တော်တို့ကို ဘယ်လိုမျိုး action ယူမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့နော် ”

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ အိန္ဒိယသံရုံးနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

မဏိပူရ်ပြည်နယ်အစိုးရက နယ်စပ်ခြံစည်းရိုး အရေးပေါ် ကာရံမယ့်ကိစ္စ၊ နယ်စပ်မျဉ်း တစ်လျှောက် မြန်မာဒုက္ခသည်တွေ ဖြစ်သလို ခိုလှုံနေရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေကို ထွက်ပြေးသွားတဲ့ မြန်မာဒုက္ခသည် ခြောက်သောင်းနီးပါး ရှိတယ်လို့ ချင်းအရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။ ခြောက်သောင်းထဲက ငါးထောင်ကျော်ဟာ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေပြီး အဲဒီထဲက အယောက် ၇၀ ကျော်ဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေအပါအဝင် တခြားဆက်စပ်အကြောင်း အရာတွေကြောင့် ဖမ်းဆီးခံထားရတယ်လို့ India For Myanmar အဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။