မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ အိန္ဒိယအစိုးရပြင်ဆင်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.01.21
မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ အိန္ဒိယအစိုးရပြင်ဆင် မီဇိုရမ်ပြည်နယ်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တစ်နေရာကို ၂ဝ၂၁ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
Photo: AP

အိန္ဒိယ-မြန်မာ နယ်စပ်ကို ခြံစည်းရိုးခတ်တော့မယ်လို့ အိန္ဒိယအစိုးရ ပြည်ထဲရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့က အာသံပြည်နယ်မှာ ကျင်းပတဲ့ ရဲအထူးတပ်ဖွဲ့ သင်တန်းဆင်းပွဲတစ်ခုမှာ ပြည်ထဲရေးဝန်ကြီး Amit Shah က အခုလို ထည့်သွင်းပြောခဲ့တာပါ။  

အရင်က ဖွင့်ပေးထားတဲ့ နှစ်နိုင်ငံနယ်စပ် ဗီဇာမလိုဘဲ ဖြတ်သန်းသွားလာခွင့်ကိုလည်း ပြန်ပိတ်တော့မယ်လို့ သူက ဆိုပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာဖြစ်နေတဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း မြန်မာစစ်သားတွေ ရှုံးနိမ့်ပြီး ရာနဲ့ချီတဲ့ စစ်သားတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေချိန်မှာပဲ အိန္ဒိယဘက်က ခြံစည်းရိုးခတ်မယ့်ကိစ္စ အခုလိုပြောဆိုလာတာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး Amit Shah က ... " ဝန်ကြီးချုပ်မိုဒီ ဦးဆောင်တဲ့ အိန္ဒိယအစိုးရက မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်ချက်ချပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်ကို ခြံစည်းရိုးကာထားသလိုပဲ မြန်မာနဲ့ နယ်စပ် တစ်လျှောက်လုံးကိုလည်း ခြံစည်းရိုးခတ်ပါမယ်။ နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ဝင်ထွက်ခွင့်ပေးထားတဲ့ သဘောတူညီချက်တွေကိုလည်း ရပ်တန့်ဖို့ ပြန်သုံးသပ်နေပါတယ်" လို့ပြောခဲ့တာဖြစ်ပါတယ်။

Free Movement Regime (FMR) လို့ခေါ်တဲ့ နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ နယ်စပ်ကနေ ဝင်ထွက်သွားလာခွင့်ကို ၂ဝ၁၈ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာပါ။ အခုစစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ အဲဒီနယ်စပ်ဖြတ်ကျော်ခွင့်ကို အသုံးချပြီး စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယဘက်ထွက်ပြေးနေကြတာဖြစ်ပါတယ်။

CDM ဗိုလ်ကြီးလင်းထက်အောင်ကတော့ ဒီလိုခြံစည်းရိုးခတ်လိုက်မယ်ဆိုရင် အဲဒီဒေသက စစ်ကောင်စီတပ်သားတွေ ပြေးပေါက်ပိတ်သွားပြီလို့ သုံးသပ်ပါတယ်။

"အိန္ဒိယဘက်ကိုပြေးနေတဲ့ စစ်သားတွေက တပ်စုလိုက်တပ်ဖွဲ့လိုက်ကိုဖြစ်နေတယ်။ စစ်မတိုက်ရဲတဲ့ အနေအထား၊ သူတို့ရဲ့ စစ်ကူပစ်ကူလမ်းကြောင်းတွေကို တော်လှန်ရေးတပ်တွေက ဖြတ်တောက်ထားနိုင်တဲ့ အနေအထားကြောင့်လို့ ပြောလို့ရတယ်။ နယ်စပ်ခြံစည်းရိုး ခတ်လိုက်တာကြောင့် အဲဒီက တပ်ဖွဲ့တွေရဲ့ ထွက်ပေါက်တစ်ခုပိတ်သွားနိုင်တယ်။ သူတို့တိုက်ပွဲတွေမှာ စစ်ဆုတ်ခွာရာလမ်းက အိန္ဒိယဘက်က အဓိကလမ်းကြောင်းတစ်ခုလိုဖြစ်နေတယ်။ ဒါ့ကြောင့် ဆုတ်ခွာရာလမ်းကြောင်း ပိတ်သွားမယ်လို့ ကျွန်တော်ထင်တယ်"

ဒီလိုခြံစည်းရိုးခတ်လိုက်တာက စစ်ကောင်စီတပ်သားတွေအတွက် ပြေးပေါက်ပိတ်သွားရုံသာမက အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်လာတိုင်း အိုးအိမ်စွန့်ပြီး အိန္ဒိယဘက်ထွက်ပြေးရတဲ့ ဒေသခံတွေအတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီပေးသင့်တယ်လို့ India for Myanmar အဖွဲ့တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

"စကစတောင် သူတို့ စစ်ရှုံးတာနဲ့ အိန္ဒိယဘက်ကို ခိုလှုံရတယ်။ လက်နက်ကိုင်တောင် ဒီလိုခိုလှုံရရင် တိုင်းပြည်အတွက် ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် စစ်ဖြစ်နေလဲ။ အပြစ်မဲ့ပြည်သူတွေ လက်နက်မဲ့သူတွေဆို ဘယ်လောက်ခံစားရမလဲ ပေါ်လွင်စေတယ်။ အိန္ဒိယအစိုးရနဲ့ အိန္ဒိယပြည်သူတွေအနေနဲ့ အခြေခံစာနာစိတ်ရှိသင့်တယ်။ ဒီလိုခြံခတ်ရင်တော့ တိုက်ပွဲဖြစ်တဲ့အပေါ်မူတည်ပြီး ပြည်သူတွေ ဒုက္ခရောက်ရမယ်"

စစ်တပ်က အာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော် (AA)၊ ချင်းပြည်နယ်က လက်နက်ကိုင်တပ်တွေ၊ PDF တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အိန္ဒိယဘက်ထွက်ပြေးရတဲ့ ဒုက္ခသည်ခြောက်သောင်းကျော် ရှိပါတယ်။

အဲဒီဒေသမှာ ဒုက္ခသည်အရေးအကူအညီပေးနေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းတေရက "အခုလောလောဆယ် အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်ခြောက်သောင်းရှိတယ်၊ အဲဒါတွေအတွက် အသွားအလာ ခက်ခဲမယ်။ တိုက်ပွဲဆက်ဖြစစ်ဖြစ်ရင်လည်း ခြံစည်းရိုးခတ်လိုက်ရင် ဒုက္ခသည်တွေ အဲဒီဘက်ထွက်ပြေးလို့ရတော့မှာ မဟုတ်တော့ အများကြီးစိုးရိမ်စရာရှိတယ်" လို့ပြောပါတယ်။

အိန္ဒိယ မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်နိုင်ရေးအတွက် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်နှင့် နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) တာဝန်ရှိသူများ ၂၀၂၃ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo: N.Biren Singh/ Twitter)
အိန္ဒိယ မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်နိုင်ရေးအတွက် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်နှင့် နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) တာဝန်ရှိသူများ ၂၀၂၃ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo: N.Biren Singh/ Twitter)

ဒုက္ခသည်အများစုဟာ မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးရတာဖြစ်ပါတယ်။ နယူးဒေလီနဲ့ မဏိပူရ်ထဲမှာလည်း ဒုက္ခသည်ထောင်ဂဏန်းလောက်ရှိတယ်လို့ India For Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြည်နယ်အလိုက် ကိုယ့်အစိုးရနဲ့ကိုယ် အုပ်ချုပ်တာမို့ မီဇိုရမ်ပြည်နယ်အစိုးရဟာ မြန်မာပြည်က ဒုက္ခသည်တွေကို အကူအညီပေးနေပေမဲ့ မဏိပူရ်ပြည်နယ်အစိုးရကတော့ ဒုက္ခသည်တွေကို ဖမ်းဆီးနေတာဖြစ်ပါတယ်။

ဒါကြောင့် မဏိပူရ်ပြည်နယ်ထောင်တွေထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ထုတ်နိုင်ဖို့၊ နယ်စပ်ခြံစည်းရိုးခတ်မယ့်ကိစ္စကို ပြန်လည်သုံးသပ်ဖို့ အကူအညီပေးရေးအဖွဲ့တွေက မီဇိုရမ်ပြည်နယ်အစိုးရကတစ်ဆင့် ဗဟိုအစိုးရဆီ တောင်းဆိုနေကြပါတယ်။

နယ်စပ်တစ်လျှောက်ခြံစည်းရိုးအပြည့်ခတ်ဖို့ လေးနှစ်ခွဲကြာမယ်၊ အိန္ဒိယကိုလာရင် ဗီဇာလိုမယ်လို့ အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး The India Express သတင်းမှာ ဖော်ပြပါတယ်။ 

လက်ရှိမှာတော့ သူတို့နိုင်ငံထဲထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီတပ်သားတွေကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားထားပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်းမှာတင် အိန္ဒိယဘက်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားအယောက် ၆ဝဝ ကျော်ရှိပြီး သူတို့အားလုံးကို နေရပ်ပြန်ပို့ဖို့စီစဉ်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။