ညောင်ရွှေမြို့က ပရဟိတစံပြအမျိုးသမီး

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2023.03.12
ညောင်ရွှေမြို့က ပရဟိတစံပြအမျိုးသမီး ရှမ်းပြည်နယ် ညောင်ရွှေမြို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ မပူဆူး။
Citizen Journalist

ရှမ်းပြည်နယ် ညောင်ရွှေမြို့က မပူဆူးဟာ Hand to Hand Charity Myanmar နဲ့ Bamboo Delight Cooking School ကိုတည်ထောင်သူ ဖြစ်ပြီး ဟင်းချက်သင်တန်းနဲ့ အခမဲ့နွေရာသီကျောင်းလေး ဖွင့်လှစ်ပြီး တစ်ပိုင်တစ်နိုင် ပရဟိတ လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။

သူဟာ အခမဲ့စာကြည့်တိုက်တစ်ခု တည်ထောင်ထားပြီး ဒေသခံလူငယ်တွေနဲ့ ကလေးတွေကို စာဖတ်ခြင်း အလေ့ အကျင့်တွေ၊ အသိပညာဗဟုသုတ တိုးပွားလာရေးတွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် Eco Warriors ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ပြီးတော့ အမှိုက်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖြစ်အောင်လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် International Women Day 2023 အထိမ်းအမှတ် အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့ Inspiring Women စာအုပ်လေးမှာ သူ့ကို စံပြအမျိုးသမီးတစ်ဦးအဖြစ် ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။

သူ အခုလို လူမှုရေးအလုပ်တွေ စလုပ်ဖြစ်တာ သူ့ရဲ့ဖခင်ကြောင့်လို့ မပူဆူးက ပြောပါတယ်။

“မြန်မာပြည်မှာ နိုင်ငံခြားသားတွေကို စမြင်ဖူးတဲ့ ၁၉၈၄ ကတည်းက နိုင်ငံခြားသားတွေ ညောင်ရွှေကိုလာတာ မြင်ဖူးတယ်။ အဖေက နိုင်ငံခြားသားတွေကို ခင်တယ်။ အဝေးကြီးက ရောက်လာတဲ့ ဘာသာစကားမတူတဲ့ ယဉ်ကျေးမှု မတူတဲ့ လူတွေကို ခင်တယ်။ တတ်နိုင်သမျှ ကူညီပေးတယ်။ ဧည့်ဝတ်ကျေချင်တယ်ပေါ့နော်။ ထမင်းကျွေးချင်တယ်။ အဲဒါနဲ့ နိုင်ငံခြားသားတွေ အိမ်ရှေ့ကဖြတ်သွားရင် နှုတ်ဆက်တယ်။ အင်္ဂလိပ်စကားတော့ မပြောတတ်ဘူးပေါ့နော်။ ဘာလို့ အဲဒီလို နိုင်ငံခြားသားတွေကို လိုက်ခေါ်နေတာလဲဆိုတော့ သူတို့က ကမ္ဘာတစ်ဖက်ခြမ်းကနေ ရောက်လာတာ သူတို့ကိုတွေ့ရတာ တော်တော်ကံကောင်းတယ်။ ကိုယ်က သူတို့ကို သွားမတွေ့နိုင်ဘူး ကိုယ့်ဆီရောက်လာတာ တော်တော်ကံကောင်းတယ် ဧည့်ဝတ်ကျေရမယ်လို့ ပြောတာ”

မပူဆူးရဲ့ဖခင်ဟာ အသက် ၄၉ နှစ် အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်။သူ့ဖခင်နဲ့ ဆုံတွေ့ခဲဖူးတဲ့ နိုင်ငံခြားသားတစ်ယောက်က နှစ်ပေါင်း ၃၀ အကြာမှာ ဒုတိယအကြိမ် သူမတို့ မိသားစုလေးကို ပြန်လာရှာခဲ့တဲ့နောက် သူ့ဖခင်ရဲ့ ကျေးဇူးကို သတိရပြီး အဖေလုပ်တဲ့ ပုံစံအတိုင်း နိုင်ငံခြားဧည့်သည်တွေကို ထမင်းဖိတ်ကျွေးတာ ဆက်လုပ်ဖြစ်ခဲ့တယ်လို့ မပူဆူးက ပြောပြပါတယ်။

၂ဝ၁၃ ခုနှစ်မှာတော့ နိုင်ငံခြားသူတစ်ယောက်က မပူဆူးချက်ကျွေးတဲ့ ဟင်းတွေကို သဘောကျပြီး သူတို့ကို ဟင်းချက်သင်ပေးဖို့ ပြောလာတယ်လို့ ဆိုပါတယ်။ အဲဒီ ဟင်းချက်သင်တန်းက အောင်မြင်မှုရလာတဲ့အမျှ တစ်ဖက်မှာ ပရဟိတလုပ်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

အခမဲ့နွေရာသီသင်တန်းလေးဖွင့်ပြီး ကလေးတွေကို ဟင်းချက်နည်းလာသင်တဲ့ နိုင်ငံခြားသားတွေဆီက အင်္ဂလိပ်စာ သင်ခိုင်းတာတွေ လုပ်ပါတယ်။ ကျောင်းသွားတက်တဲ့ ကလေးတွေကိုလည်း စာအုပ်၊ ခဲတံစတဲ့ လိုအပ်ချက်တွေကို မပူဆူးက ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကလေးတွေအတွက် စာကြည့်တိုက်လေးတစ်ခုကိုလည်း မပူဆူးက ထူထောင်ပေးခဲ့ပါတယ်။

kke007.jpg

နိုင်ငံခြားသားတွေကို ကူညီရင်းနဲ့ တစ်နေ့တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စတင်လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။

“နိုင်ငံခြားသားတစ်ယောက်ကို တောင်တက်ခရီး လိုက်ပို့ရင်းနဲ့ သူကလမ်းခရီးမှာ မောလို့ဆိုပြီး ရေသောက်တယ်၊ ရေသန့်ဗူးကို ဖွင့်တဲ့အခါ အဖုံးနားက ပလတ်စတစ်အခွံစကို ခွာတယ်။ အဲဒီအစလေးကို သူက အိတ်ထဲ သေချာ ထည့်သိမ်းတာကို မြင်လိုက်တယ်။ ဘာလို့သိမ်းတာလဲ ဆိုတာကို သိချင်ခဲ့တယ်၊ နောက်ပိုင်း နိုင်ငံခြားသားတွေ လာတာများတဲ့အခါ ကိုယ့်ဘာသာလည်း စာတွေဖတ်ရင်းနဲ့မှ သဘာဝပတ်ဝန်းကျင်အကြောင်း လေ့လာရင်းနဲ့ မှ အော် ဒီနိုင်ငံခြားသားလုပ်ခဲ့တဲ့ အပြုအမူကို သတိရပြီး အဲဒီကစပြီး ညီမပြောင်းလဲဖို့ ကြိုးစားတယ်”

သူဟာ စာကြည့်တိုက် စာလာသင်တဲ့ ကလေးတွေကို စုပြီး အပတ်စဉ် သောကြာနေ့တိုင်း အမှိုက်ကောက်တာနဲ့ အပင်စိုက်တာတွေ စပြီး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့က လုပ်တာကို တခြားကလေးတွေက မြင်သွားပြီးတော့လမ်းသန့်ရှင်းရေးအတွက် အမှိုက်ရှင်းပေးချင်စိတ်တွေ ဖြစ်လာခဲ့ပြီးနောက် ကလေး၁၀၀ ကျော် ပါဝင်လာခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီကလေးတွေကို အဖွဲ့ ၁ဝဖွဲ့ ဖွဲ့ပေးခဲ့ပြီးနောက် ရပ်ကွက်ထဲမှာ အမှိုက်ကောက်သန့်ရှင်းရေး လုပ်ခဲ့ကြရင်း Eco-warriors လို့ခေါ်တဲ့ အမှိုက်တွေ ကောက်ရင်း ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ ကလေးများအဖွဲ့ ပေါ်ပေါက်လာခဲ့တာလို့ မပူဆူးကပြောပါတယ်။

လက်ရှိအချိန်မှာလည်း ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ လူငယ်လူရွယ်လေးတွေရဲ့ အနာဂတ်ပျောက်နေတဲ့ စကားသံလေးတွေ ကြားရတဲ့အတွက် မပူဆူးဟာ အဲဒီ လူငယ်လူရွယ်တွေရဲ့ အိပ်မက်လေးတွေ အကောင်အထည် ဖော်နိုင်အောင် နိုင်ငံခြားမှာ ပညာသင်ခွင့်ရအောင် ပြည်ပနိုင်ငံတွေက မိတ်ဆွေတွေကို ချိတ်ဆက်ဆောင်ရွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။

kke004.jpg

သူငယ်ငယ်က ပညာကောင်းကောင်း မသင်ခဲ့ရတဲ့အတွက် ကလေးတွေကို ပညာသင်ခွင့်ရစေချင်တာလို့ မပူဆူးက ပြောပါတယ်။

“ညီမက ငယ်ငယ်တုန်းက အသက် ၁၅-၁၆ လောက်မှ ကျောင်းထွက်ခဲ့ရတာ။ ၉ တန်းအထိပဲ သင်ခွင့်ရတာ၊ ကျောင်းထွက်လိုက်ရတော့ ပထမဆုံး ဆိုးဆိုးဝါးဝါးခံစားခဲ့ရတာက သူငယ်ချင်းတွေ သူတို့ကျောင်းသွားချိန် ညီမမှာ ရပ်လိုက်ရတော့ သူတို့ကျောင်းသွားတာကို ငေးကြည့်ခဲ့ရတဲ့အချိန်၊ နောက် ပိုဆိုးတာက သူငယ်ချင်းတွေရဲ့ မိဘတွေက သူက ကျောင်းမတက်တော့ဘူး ပျက်စီးသွားမှာ ဘာမှ အသုံးကျတဲ့သူ ဖြစ်လာမှာ မဟုတ်ဘူး၊ သူနဲ့မပေါင်းနဲ့လို့ပြောတာ ပြန်ကြားရတော့ အရမ်းခံစားရတယ်၊ အဲဒီတော့ ဒီအချိန် သူတို့ကျောင်းတက်နေပြီ စာသင်နေပြီလို့ သတိရရင် ညီမ စာအုပ်တစ်အုပ် ပြေးဖတ်လိုက်ရင်း စာတွေရေးရင်း မှတ်ရင်း အဲလိုပဲ ကိုယ့်ရဲ့စိတ်ကို ဖြေခဲ့ရတာပေါ့ ”

ပညာဆုံးခန်းတိုင် မသင်ခဲ့ရပေမယ့် မပူဆူးဟာ မြင်သမျှစာအုပ်တွေဖတ်ရင်း စာဖတ်တဲ့အလေ့အကျင့်နဲ့ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲနိုင်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ မပူဆူးဟာအင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း-IPNet မှာ အငယ်တန်း ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားပြီး အမျိုးသမီးတွေအရေး နဲ့ အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးတွေကို လှုပ်ရှားဆောင်ရွက်နေပါတယ်။

သူ့ဘဝရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားဖို့နဲ့ လက်မလျှော့ဖို့၊ ဘဝကို အရှုံးမပေးဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ဖို့လည်း မပူဆူးက တိုက်တွန်းစကားပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။