ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ဒေသတွေ ဆက်သွယ်မှုရဖို့ နည်းလမ်းမျိုးစုံ သုံးနေရ

RFA Burmese
2024.10.10
ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ဒေသတွေ ဆက်သွယ်မှုရဖို့ နည်းလမ်းမျိုးစုံ သုံးနေရ မိုဘိုင်းလ် ဖုန်း အင်တာနက်အသုံးပြုနေသူနှစ်ဦးကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တစ်နိုင်ငံလုံးက အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံရတဲ့ဒေသက ဒေသခံတွေဟာ မိသားစု၀င်တွေနဲ့ အဆက်အသွယ်ရဖို့နဲ့ သတင်းအချက်လက်ရဖို့ ခက်ခဲတာအပြင် ငွေလွှဲငွေထုတ် အပါအဝင် ကျန်းမာရေးနဲ့ ပညာရေးကအစ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အင်တာနက်ရရှိဖို့ နည်းမျိုးစုံနဲ့ အကုန်ကျခံပြီး ကိုယ်ထူကိုယ်ထ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ အခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂‌၄ ခုနှစ်၊ ဇွန်လအထိ မြို့နယ်ပေါင်း ၉၂ မြို့နယ် အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံထားရပါတယ်။

“Starlink အင်တာနက်သုံးလို့ရတဲ့ တချို့ဒေသတွေမှာ တစ်နာရီကို ငါးထောင်ကနေ သုံးသောင်းကျပ်အထိ ပေးသုံးနေရတယ်”

စစ်ကိုင်းမှာ ၂၇ မြို့၊ ရခိုင်မှာ ၁၆ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ၁၂ မြို့၊ ချင်းမှာ ရှစ်မြို့၊ ကချင်မှာ ခုနစ်မြို့၊ ကယား (ကရင်နီ) မှာ ငါးမြို့၊ တနင်္သာရီမှာ ငါးမြို့၊ မကွေးမှာ လေးမြို့၊ ပဲခူးမှာ သုံးမြို့၊ မန္တလေးမှာ နှစ်မြို့၊ ဧရာဝတီ၊ မွန်နဲ့ ကရင်ပြည်နယ်မှာ တစ်မြို့စီ ဖြစ်ပါတယ်။

အင်တာနက်နဲ့ဖုန်းလိုင်း ဖြတ်တောက်ခံထားရတာကြောင့် ရာသီဥတု အခြေအနေရော တိုက်ပွဲအခြေအနေကိုပါ မသိရဘူးလို့ ကချင်ပြည်နယ် မိုးညှင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံ အောက်ပိုင်းတွေ၊ အလယ်ပိုင်းတွေမှာ ရေကြီးနေတာတွေမျိုး၊ ဘယ်နေရာတွေမှာ တိုက်ပွဲဖြစ်နေတာတွေ၊ ဒါတွေက များသောအားဖြင့် အင်တာနက် ပိတ်ပင်ခံထားရတဲ့ ပြည်သူတွေက လုံးဝ မသိကြရဘူးဗျ။ အင်တာနက်ကလေး ခဏတစ်ဖြုတ် တစ်နာရီကို တစ်သောင်းလောက်နဲ့ လာကြည့်တဲ့အခါ သြော် ငါတို့နိုင်ငံတော့ ဒီလိုတွေ ဖြစ်နေပါလားပေါ့”

အင်တာနက်လိုင်းရလို့ ဂြိုဟ်တုအင်တာနက် Starlink ကို အသုံးပြု‌ကြသလို နယ်စပ်အနီးက ဒေသတွေမှာဆိုရင် အိမ်နီးချင်းနိုင်ငံတွေဆီက ဖုန်းဆင်းကဒ်နဲ့ ဝိုင်ဖိုင် (WiFi) လိုင်းကို သုံးစွဲနေကြရတာပါ။

ဒါပေမဲ့ Starlink ကို တရားဝင် ဝယ်ယူလို့မရတာ၊ သယ်ယူချိန် ဖမ်းဆီးခံရတာအပြင် လစဥ်ကြေးကိုလည်း ဒေါ်လာနဲ့ ပေးဆောင်နေရတာကြောင့် ‌ခက်ခဲနေဆဲဖြစ်တယ်လို့ စစ်ကိုင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဖုန်းလိုင်းတွေလည်း မမိတော့ ဒီ Starlink ကိုပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုလာရတာပါ။ အခုက သယ်ရတဲ့အခက်အခဲတွေ၊ ဖမ်းဆီးခံရတဲ့ ပစ္စည်းတွေကြောင့်မလို့ ဈေးက များနေတာပေါ့ဗျာ။ ကျွန်တော်တို့ဆီရောက်ရင် သိန်း ၂၀၀၊ ၂၅၀၊ ၃၀၀ အဲလိုမျိုးတွေ ဖြစ်ခဲ့တယ်၊ ပြည်သူတွေ အဆင်ပြေအောင်လို့ တစ်နာရီကို တစ်ထောင်၊ ‌၁၅၀၀ အဲဒီလိုမျိုးလေးတွေနဲ့ လုပ်ပေးနေတာပေါ့ဗျာ”

Starlink အင်တာနက်သုံးလို့ရတဲ့ တချို့ဒေသတွေမှာ တစ်နာရီကို ငါးထောင်ကနေ သုံးသောင်းကျပ်အထိ ပေးသုံးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ကယားပြည်နယ်တွင် Starlink အင်တာနက် အသုံးပြုနေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Karenni Hope Photo)
ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ကယားပြည်နယ်တွင် Starlink အင်တာနက် အသုံးပြုနေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Karenni Hope Photo)

ချင်းပြည်နယ်မှာတော့ ဟားခါးမြို့ကလွဲရင် တစ်ပြည်နယ်လုံးကို စစ်ကောင်စီဘက်က အင်တာနက် ဖြတ်တောက်ထားပါတယ်။

ထန်တလန်မှာတော့ ကျပ်ငွေ သုံးသောင်းနဲ့ အင်တာနက် အသုံးပြုနိုင်အောင် ကြိုးစားနေတယ်လို့ ကိုယ်ထူကိုယ်ထ အင်တာနက်ရအောင် လုပ်နေတဲ့ Znet အဖွဲ့တာဝန်ရှိသူ ဆလိုင်း တီလ်ကရမ်လိန်းက RFA ကို ပြောပါတယ်။

“ဝါယာလက် (Wireless) စနစ်ကို အသုံးပြုပြီးမှ ကျွန်တော်တို့ ဆက်သွယ်ရေးကွန်ရက်တစ်ခုကို တည်ဆောက်တယ်။ ထန်တလန်မြို့နယ်ကို ကျွန်တော်တို့ အဓိက ဦးစားပေး လုပ်ရတဲ့အခါကျတော့ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ ရွာတွေကိုကျတော့ အားလုံးနီးပါး လုပ်ပြီးသွားပါပြီ။ ကျန်တဲ့ ငါးရာနဲ့ တစ်ထောင်ကြားမှာရှိတဲ့ ရွာတွေကို ကြိုးစားနေဆဲ ဖြစ်ပါတယ်”

၂၀၂၅ ခုနှစ်မှာတော့ ထန်တလန် တစ်မြို့နယ်လုံးကို အင်တာနက် ဖြန့်ဝေနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာပြည်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံနေရဆဲ

ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် ဒုက္ခသည်အခြေအနေ ဆိုးရွားလာနေ

အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်အချို့ အသုံးပြုခွင့် ထပ်တိုးကန့်သတ်ခံလာရ


ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တချို့မှာလည်း ဂြိုဟ်တုအင်တာနက် Starlink စတင်ဝယ်ယူသုံးစွဲမှုရှိပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ စစ်ရေး တင်းမာတဲ့ဒေသမှာ တော်လှန်ရေး အင်အားစုတွေဘက်ကပါ ပိတ်ပင်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု ကျွန်တော်တို့ ဒီဘက်ကကျတော့ စစ်ရေး တင်းမာနေတဲ့အချိန်ဆိုတော့ တချို့နေရာတော့တော့ Ooredoo ဖုန်းလိုင်း မိတယ်ပေါ့၊ တချို့နေရာတွေတော့ အင်တာနက် သုံးစွဲခွင့် မရကြဘူး။ ပိတ်ခိုင်းထားတယ်‌ပေါ့နော်။ အခုဟာက ကျွန်တော်တို့ ကိုယ်ထူကိုယ်ထပေါ့။ မိုးညှင်းဘက်မှာတော့ မြို့ပေါ်မှာ ရတယ်ပေါ့။ တစ်နာရီကို အရင်ကတော့ ငါးသောင်းလို့ ပြောတယ်။ အခုတော့ တစ်နာရီကို တစ်သောင်းလို့ ပြောတယ်”

မြို့နယ် ၁၆ ခုအထိ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာတော့ တချို့နေရာတွေ ဂြိုဟ်တု အင်တာနက် Starlink ကို အသုံးပြုလာကြပြီး နယ်စပ်မှာတော့ ဘင်္ဂလာဒေ့ရှ်ဆင်းကဒ်ကို အသုံးပြုနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်တာနက် ဖြတ်တောက်ခံရတဲ့ မြို့နယ်တွေမှာ အခုလိုကိုယ်ထူကိုယ်ထ အင်တာနက်ရအောင် လုပ်နေကြပေမဲ့ ကုန်ကျစရိတ် များလွန်တာကြောင့် ရေရှည်မှာ ဒေသခံတွေအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဒေသခံတွေက‌ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။