ရိုဟင်ဂျာအကျဉ်းသား တစ်ထောင်နီးပါးကို စစ်ကောင်စီပြန်လွှတ်

RFA Burmese
2025.02.16
ရိုဟင်ဂျာအကျဉ်းသား တစ်ထောင်နီးပါးကို စစ်ကောင်စီပြန်လွှတ် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 4:50 PM, Feb 16, 2025

လွတ်ရက်စေ့နေတဲ့ ရိုဟင်ဂျာ ၉၃၆ ဦးကို ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက် ခြောက်နာရီမှာ စစ်ကောင်စီတပ်က အင်းစိန် အကျဥ်းထောင်ကနေ ပြန်လွှတ်လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က RFA ကို ပြောပါတယ်။

“နိုင်ငံတစ်ဝန်းက အကျဥ်းထောင်တွေမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး လွတ်ရက်စေ့နေတဲ့သူတွေ ဖြစ်ပါတယ်”

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာ အရေးကိစ္စနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားနိုင်ငံက ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် သုံးရက်အကြာမှာ အခုလို အစုလိုက်လွှတ်တဲ့ဖြစ်ရပ် ပေါ်ပေါက်လာတာပါ။

သူတို့ဟာ နိုင်ငံတစ်ဝန်းက အကျဥ်းထောင်တွေမှာ ထောင်ဒဏ် ချမှတ်ခံထားရပြီး လွတ်ရက်စေ့နေတဲ့သူတွေ ဖြစ်တယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“မနက်ခြောက်နာရီမှာ ခေါ်ထုတ်သွားတယ်ပေါ့လေ။ လက်ရှိ ကျွန်တော်ရထားတဲ့ အချက်အလက်တွေဟာ အတည်ပြုထားနိုင်တဲ့ အချက်တွေကိုပဲ ထုတ်ထားတာပါ၊ ကျွန်တော့်ရဲ့ သတင်းအရင်းအမြစ်တွေအရဆို သေချာသွားပြီး ခေါ်လည်း ခေါ်ထုတ်သွားတာ သေချာသွားပြီးဖြစ်တဲ့အတွက် စစ်တွေကိုသွားမှာ သေချာပါတယ်”

ပြန်လွတ်လာတဲ့သူတွေထဲမှာ ကလေး ၆၇ ဦး၊ အမျိုးသမီး ၂၆၇ ဦးနဲ့ အမျိုးသား ၆၀၂ ဦးဖြစ်ပြီး အများစုဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထောင်ချခံရတဲ့သူတွေလို့ ဆိုပါတယ်။ သူတို့ကို ခရီးသည်တင်ယာဥ်ခြောက်စီးနဲ့ အင်းစိန်ထောင်ကနေ ခေါ်ထုတ်ပြီးနောက် ရန်ကုန်ဆိပ်ကမ်းကနေတစ်ဆင့် စစ်တွေမြို့ကို ရေလမ်းကြောင်းက ပို့လိုက်တာလို့ ပြောပါတယ်။

“လွှတ်ပေးလိုက်တဲ့သူတွေကို စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်က စစ်ပွဲတွေမှာ အသုံးချမှာစိုးရိမ်ပါတယ်”

ဖေဖော်ဝါရီ ၁၅ ရက် မနေ့က လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတချို့ အင်းစိန်ထောင်ကို ဝင်သွားပြီးနောက် ရိုဟင်ဂျာတွေကို အထောက်အထားလက်မှတ်တွေ ထုတ်ပေးတယ်လို့ သိရပေမဲ့ ဘယ်လိုလက်မှတ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ပြစ်မှုတွေကိုပြေပျောက်ဖို့ ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“အခုရက်ပိုင်းအတွင်းမှာ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ အာဂျင်တီးနား တရားရုံးမှာ မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်လိုက်တယ်။ အဲဒီအချိန်မှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ကိစ္စကိုလည်း သူတို့ဘက်က တရားမျှတမှုရှိအောင် ပြန်ပြီးတော့ လုပ်ဆောင်နေတယ်ဆိုတာကို ပုံဖော်ဖို့အတွက် အခုက ရိုဟင်ဂျာတွေကို ထောင်က လွှတ်ပေးတယ်။ ကျူးလွန်တဲ့ပြစ်မှုတွေကို ပြေပျောက်ဖို့ ကြိုးပမ်းနေတာဟာ အောင်မြင်မှာမဟုတ်ပါဘူး”

လွှတ်ပေးလိုက်တဲ့သူတွေကို စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်က စစ်ပွဲတွေမှာ အသုံးချမှာစိုးရိမ်တယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်တောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

“စစ်တွေမှာ ဒုက္ခသည်စခန်းက လူငယ်တွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းဖို့ လုပ်နေတာတွေ ရှိတယ်။ အရင်ကလည်း လုပ်ခဲ့တယ်၊ အခုလည်း ထောက်လျှောက် လုပ်နေတာတွေရှိတယ်။ အခုပြန်ပို့တဲ့အထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ လူကြီးတွေ၊ အမျိုးသားတွေ အစုံပါမယ်လေ။ သူတို့ကို စစ်တွေပို့ပြီးတော့ သူတို့ကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှာကိုတော့ တော်တော်လေးကို စိုးရိမ်တယ်”

အခုလို စိုးရိမ်ပူပန်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ မလေးရှားအစိုးရ စီစဉ်

မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

လှေစီးထွက်ပြေးတဲ့ ရိုဟင်ဂျာအရေအတွက် တိုးလာနေကြောင်း UNHCR ပြော


အကျဥ်းထောင် အသီးသီးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီးပါး (၁၉၅၀ ကျော်) ကျန်နေသေးတယ်လို့ PPNM အဖွဲ့နဲ့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့တို့က ပြောပါတယ်။

ထောင်တွေထဲမှာ ကျန်းမာရေး မကောင်းတဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆေးမကုပေးတဲ့အတွက် ရိုဟင်ဂျာ အမျိုးသားလေးဦးပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ သေဆုံးခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။ ။ဤဆောင်းပါးတွင် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးနှင့် ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်တောင်သူတစ်ဦး၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
အဖွဲ့တွေမညီညွတ်မှုကြောင့် ချင်းပြည်နယ်အရေး ရှုပ်ထွေးနေကြောင်း ICG ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။