နိုင်ငံတကာကုမ္ပဏီကြီးတွေ ပြန်ထွက်မှု နိုင်ငံရေးဂုဏ်သိက္ခာအရ စစ်ကောင်စီ ထိခိုက်

2022.01.25
Share on WhatsApp
Share on WhatsApp
နိုင်ငံတကာကုမ္ပဏီကြီးတွေ ပြန်ထွက်မှု နိုင်ငံရေးဂုဏ်သိက္ခာအရ စစ်ကောင်စီ ထိခိုက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Total ကုမ္ပဏီရုံးချုပ်မှာ ၂၀၂၁ မတ်လ ၂၅ ရက်နေ့က မြန်မာ့အရေးလှုပ်ရှားသူတွေ ဆန္ဒပြစဥ်
Photo: Reuters

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ စစ်ကောင်စီကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး အခွန်ပေးနေတဲ့ အမေရိကန်အခြေစိုက် ချက်ဗရွန်နဲ့ ပြင်သစ်အခြေစိုက် တိုတယ်လ်ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံက သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ့် အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ကြပါတယ်။

ချက်ဗရွန်နဲ့ တိုတယ်လ်ကုမ္ပဏီ တို့ဟာ တနင်္သာရီတိုင်းမှာရှိတဲ့ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ၂၀၂၁ ဒီဇင်ဘာလအတွင်း စစ်ကောင်စီကို အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ လောက် ပေးခဲ့တာကြောင့် ဒီကုမ္ပဏီတွေရဲ့ ထွက်ခွာမှုက စစ်တပ်ကို ငွေကြေး အရရော၊ နိုင်ငံရေးဂုဏ်သိက္ခာအရပါ ထိခိုက်စေတယ်လို့ NUG အစိုးရ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးစိုးသူရထွန်း က RFA ကို ပြောပါတယ်။

“တိုတယ်လ်နဲ့ ချက်ဗရွန်ကနေ ပေးနေတာက အကြမ်းဖျဉ်းဆိုရင် ဒေါ်လာသန်း ၄၀ ဝန်း ကျင် ရှိတယ်ပေါ့လေ။ များတာ၊ နည်းတာကတော့ ဓာတ်ငွေ့ထုတ်လုပ်နိုင်မှုအပေါ်မှာ မူတည်တယ်ပေါ့။ အဲဒီတော့ ဒီဝင်ငွေသည် ရပ်သွားနိုင်တယ်။ ဒါပေမဲ့ ဒီဝင်ငွေကို တခြားသူကို အစားထိုးလိုက်တာနဲ့ တခြားသူကနေ သူတို့နေရာကို ယူလိုက်မယ်ဆိုရင် အဲဒီလူကနေ ပေးနေမယ်ဆိုရင်တော့လည်း ရနိုင်သေးတယ်။ ဒါလည်းဖြစ်နိုင်ပါတယ်။ နိုင်ငံရေးသိက္ခာ ကျရုံပဲလားဆိုတာထက် ပိုနိုင်တဲ့ အကြောင်းတွေတော့ရှိတယ်”

သဘာဝဓာတ်ငွေ့ကရရှိတဲ့ အခွန်ငွေကို စစ်ကောင်စီကိုမပေးဘဲ NUG အစိုးရကိုပဲ လွှဲ ပြောင်းပေးဖို့ တောင်းဆိုနေတာဟာ ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီ ရရှိနေတဲ့ ဝင်ငွေတချို့ ရပ်ဆိုင်းသွားစေဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“တိုတယ်လ်တို့ ချက်ဗရွန်တို့ ထွက်သွားပေမယ့်လည်း လုပ်ငန်းတွေတော့ ရပ်တော့မသွားဘူးလို့ထင်တယ်”

အမေရိကန်အခြေစိုက် ချက်ဗရွန်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီကို ထပ်မံအရေးယူဖို့ တောင်းဆိုမှုတွေ ရှိနေတာကြောင့် သူတို့အနေနဲ့ အမေရိကန်အစိုးရ ချမှတ်ထားတဲ့ ဘယ်လိုအရေးယူ ပိတ်ဆို့မှုကိုမဆို လိုက်နာမယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီတွေ ပြန်ထွက်သွားရင် ကျန်မိတ်ဖက်နိုင်ငံတွေနဲ့ စီးပွားရေးဆက် လုပ်မယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

“အကြောင်းရင်းကတော့ အမျိုးမျိုး ရှိတာပေါ့လေ။ သူတို့ကို တိုက်ရိုက်ဖိအားပေးနေတဲ့ ဟာတွေလည်းရှိတယ်။ နောက်တစ်ချက်က လက်တွေ့မြေပြင်မှာ ဖြစ်နေတာကတော့ သဘာဝဓာတ်ငွေ့ထွက်နှုန်း ကျတာတွေလည်းပါတယ်။ ပါတော့ ဒီဟာတွေနဲ့ ကြည့်ပြီး တော့ သူတို့ ထွက်ခွာချင်တာလည်း ရှိမှာပေါ့။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့အနေနဲ့ လက်တွဲဆောင်ရွက်လို့ရတဲ့ နည်းလမ်း၊ လက်တွဲဆောင်ရွက်လို့ရတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်”

စစ်တပ်က အာဏာသိမ်းပြီးပြီးချင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းသွားခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ တိုးတက်သင့်သလောက် ပြန်တိုးတက်လာတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံရဲ့တချို့နေရာတွေမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေက နိုင်ငံရေးပုံရိပ်ကို ကျဆင်းစေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေတာလို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ၂၀၂၂ ဇန်နဝါရီလထဲမှာပြုလုပ်တဲ့ အစည်းအဝေး မှာတော့ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ငါးခုရဲ့ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါ အဝင် မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုကဏ္ဍနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာ လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုခဲ့တယ်လို့ ပြောထားပါတယ်။ အဲဒီလုပ်ငန်း တွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၄၁ သန်းကျော်ရှိပြီး၊ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၆၄၆ နေရာကို ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေ ပြန်ထွက်သွားတာဟာ နိုင်ငံရေးအရ ဂုဏ်သိက္ခာ ထိခိုက်နိုင်ပေမယ့် စီးပွးရေးအရတော့ နောက်ထပ် အကျိုးတူပူးပေါင်းမယ့် ကုမ္ပဏီတွေ ရှိနေတယ်လို့ NLD အစိုးရလက်ထက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး စီးပွားရေးဆောင်းပါးတွေ ရေးသားလေ့ရှိတဲ့ ဦးသန်းစိုး ခေါ် သန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။

“တကယ်ထိရောက်မှုက မရှိပါဘူး။ အရင် အစိုးရတွေတုန်းကလည်း ဒီလိုပါပဲ ထိရောက် မှု မရှိဘူး။ ရှင်းရှင်းပြောရရင် A ကုမ္ပဏီက ဒီလိုကြောင့် ထွက်သွားတယ်။ ဒါနဲ့ A ရဲ့ ရှယ်ယာတွေကို B ကို ရောင်းထားခဲ့ရမှာပဲ။ B ကို ရောင်းထားပေးပြီးတော့မှ B ဆိုတာ ကလည်း တကယ်တော့ သူတို့ရဲ့ Friend Child တွေ ဖြစ်ရင် ဖြစ်နေတာပဲလေ။ မြန်မာပြည်မှာ လူတစ်ဦးတည်းက ကုမ္ပဏီခွဲတွေ အများကြီး ထောင်ထားသလိုပဲ၊ ကုမ္ပဏီခွဲတွေနဲ့ သူ့ရှယ်ယာကို ရောင်းထားခဲ့တယ်။ နိုင်ငံရေး အခြေအနေကောင်းရင် သူတို့က ပြန်ဝင်လာတယ်။ ဒါပါပဲ”

အရင် စစ်အစိုးရခေတ်တွေမှာလည်း အခုလိုမျိုး ကြုံတွေ့ခဲ့ဖူးပြီး၊ နောက်ဆုံးမှာ အမေရိ ကန်နဲ့ အနောက်နိုင်ငံတွေရဲ့နေရာမှာ တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့လို စစ်အစိုးရနဲ့ မိတ်ဖက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာခဲ့တယ်လို့လည်း သူက ထောက်ပြ ပြောဆိုသွားပါတယ်။

ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း ကလည်း တိုတယ်လ်နဲ့ ချက်ဗရွန် လို ကုမ္ပဏီကြီးတွေ ပြန်ထွက်ဖို့ စီစဉ်နေတာဟာ စိုးရိမ်စရာကောင်းပေမယ့် နောက်ထပ် ရင်းနှီးမယ့်သူတွေထံ ရှယ်ယာတွေ လွှဲပြောင်းပေးမှာမို့ လုပ်ငန်းတွေကတော့ လက်တွေ့ရပ် တန့်သွားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ဘယ်လိုပဲပြောပြော တခြားရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း ပိုပြီးတော့မှ စိုးရိမ်စရာ ဖြစ်ပြီးတော့မှ ဖြစ်စေတာပေါ့။ ဒီဟာရဲ့ Impact ကတော့၊ တိုက်ရိုက် အကျိုးသက် ရောက်မှုကတော့ ကျနော်မြင်တာကတော့ ပြီးခဲ့တဲ့ရက်မှာလည်း တယ်လီနောထွက်တာ ရှိတယ်လေ။ တယ်လီနော ထွက်သွားပေမယ့် ရှယ်ယာကိုတော့ Transfer လုပ်ကြတာ များတယ်။ တစ်ခုရှိတယ်။ တိုတယ်လ်တို့ ချက်ဗရွန်တို့ ထွက်သွားပေမယ့်လည်း လုပ်ငန်းတွေတော့ ရပ်တော့မသွားဘူးလို့ထင်တယ်”

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ ‌‌သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကတော့ အမေရိကန် ချက်ဗရွန်နဲ့ ပြင်သစ် တိုတယ်လ် ကုမ္ပဏီကနေ စစ်ကောင်စီထံ အခွန်ငွေပေးချေနေမှု တွေကို ရပ်တန့်နိုင်ဖို့ အမေရိကန်သမ္မတနဲ့ ပြင်သစ် သမ္မတတို့ထံ ဇန်နဝါရီလ ၁ ရက်နေ့က စာရေးတောင်းဆိုထားသလို ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းအစည်းအဝေးတွေလုပ်ပြီး လှုံ့ဆော် နေပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းကို စွမ်းအင်နဲ့ ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ ရရှိနေတာကြောင့် အခုချိန်မှာ အဲဒီငွေနဲ့ စစ်လက်နက်ဝယ်ယူပြီး ပြည်သူကို ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြဝေဖန်ကြတာပါ။

chevron-protest.jpg
(အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron က စစ်ကောင်စီကို ထောက်ပံ့နေတာရပ်ဖို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ၂၀၂၁ မေ ၂၆ ရက်က ဆန္ဒပြစဉ်) Photo: CJ

ဒါ့ကြောင့် သူတို့အဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ဝင်ငွေကို ဖြတ်တောက်ဖို့ ကြိုးစားဆောင်ရွက် နေတာလို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုရဲက RFA ကို ပြောပါတယ်။

“ကျနော်တို့ တောင်းဆိုတာက သူတို့ (စစ်ကောင်စီ) က အစိုးရလည်း မဟုတ်ဘူး။ တရားလည်း မဝင်ဘူး။ အဲဒီတော့ ပိုက်ဆံမပေးအောင်လို့ ကျနော်တို့က တားတာ။ အဲဒီပိုက်ဆံတွေသည် သက်သေအထောက်အထားတွေရှိတယ်။ အဲဒီပိုက်ဆံတွေနဲ့ သူတို့လက်နက်တွေ ဝယ်တယ်။ လူတွေ သတ်ဖို့ဖြတ်ဖို့ လုပ်နေတာ အဲဒီဟာတွေနဲ့။ ပိုက်ဆံ ဆက်ပေးနေမယ်ဆိုရင်တော့ ခုနက စစ်ရာဇဝတ်မှုတွေမှာ အဲဒီကုမ္ပဏီတွေပါ ပါပြီဆိုပြီးတော့ ကျနော်တို့က တိုက်တွန်းတာပေါ့နော်”

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံကနေ ထွက်ခွာသွားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အနည်းဆုံး ၁၄ ခုထိ ရှိနေပါပြီ။

အဲဒီထဲမှာ အမေရိကန် ချက်ဗရွန်၊ ပြင်သစ်အခြေစိုက် တိုတယ်လ်၊ နော်ဝေးအခြေစိုက် တယ်လီနော၊ ဩစတြေးလျအခြေစိုက် Myanmar Matel၊ စင်ကာပူအခြေစိုက် ဆေးလိပ်နဲ့ ဆေးရွက်ကြီးလုပ်ငန်း Lim Kaling၊ ထိုင်းနိုင်ငံအခြေစိုက် အဆင်မြင့်အိမ်ရာလုပ်ငန်း Amata နဲ့ မလေးရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း Petronas တို့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့