စစ်ကောင်စီကို နိုင်ငံတကာက သံတမန်အဆင့် လျှော့ချဆက်ဆံလာ

2022.05.19
စစ်ကောင်စီကို နိုင်ငံတကာက သံတမန်အဆင့် လျှော့ချဆက်ဆံလာ ဗြိတိန်နိုင်ငံကို ပြန်လည်ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles ကို တွေ့ရစဥ်
Photo: UK Government

ဩစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီလက သက်တမ်းကုန်လို့ ပြန်လည်ထွက်ခွာသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ် Andrea Faulkner ရဲ့နေရာမှာ နောက်ထပ် သံအမတ်ကြီးအဆင့် ထပ်မခန့်တော့ဘဲ သံရုံးယာယီတာဝန်ခံ ဒါမှမဟုတ် သံမှူးအနေနဲ့သာ ထားရှိဖို့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာဌာန အကြီးတန်းအရာရှိတစ်ဦးကို ရွေးချယ် ထားတယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩစတြေးလျအခြေစိုက် ABC သတင်းဌာနကို မေလ ၁၆ ရက်နေ့က တရားဝင် ထုတ်ပြောထားပါတယ်။

အလားတူ ဗြိတိန်နိုင်ငံကလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Mr. Pete Vowles ကို သံရုံး ယာယီတာဝန်ခံအဖြစ် အဆင့်နှိမ့် ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအပေါ် စစ်ကောင်စီဘက်က လက်မခံနိုင်ဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီလမှာ အလုပ်ကိစ္စနဲ့ တိုင်းပြည် ပြည်ပရောက်နေတဲ့ ဗြိတိန်သံအမတ်ကြီး Pete Vowles ကို ပြည်ဝင်ခွင့် ပိတ် လိုက်ပါတယ်။

ဒီကိစ္စအသေးစိတ် ထပ်မံသိရှိနိုင်ဖို့အတွက် ရန်ကုန်ရှိ ဗြိတိန်သံရုံးကို RFA က အီးမေးလ် ကတစ်ဆင့် မေးမြန်းတဲ့အခါ သံရုံးပြောခွင့်ရသူ ဆက်ဆံရေးဌာနမှူး Stephen Small က သံတမန်ဆက်ဆံရေး အဆင့်လျှော့ချလိုက်တာဟာ မှန်ကန်ကြောင်း မေလ ၁၆ ရက်နေ့မှာ အကြောင်းပြန်ပါတယ်။

“Mr. Pete Vowles ဟာ ဗီယင်နာ သဘောတူညီချက် ပုဒ်မ ၁၉ အရ သံရုံးယာယီ တာဝန်ခံအဖြစ် တာဝန် ထမ်းဆောင်မယ့်အကြောင်း မြန်မာအာဏာပိုင်တွေထံ အကြောင်းကြားထားပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကို ဝင်ခွင့်ရဖို့ ပြည်ဝင်ခွင့်ဗီဇာ အသစ်ကို စောင့်နေရပါတယ်။ UK အစိုးရမှာ အစိုးရတွေကို မဟုတ်ဘဲ နိုင်ငံတွေကိုပဲ အသိအမှတ်ပြုတဲ့ ရေရှည်မူဝါဒနဲ့ ကျင့်ထုံးတွေရှိပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရည်မှန်းချက် တွေနဲ့ သံရုံးရဲ့ လုပ်ငန်းဆောင်တာ တွေအတွက် မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်တဲ့ နေရာတွေမှာပဲ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံတာပါ။ ကျနော်တို့ သံတမန်ခေါင်းဆောင် နေရာ ပြောင်းလဲခြင်းဟာ စစ်ဦးစီးချုပ်ကို ကျနော်တို့ရဲ့ သံတမန်အထောက်အထား အချက်အလက်တွေမပေးဘဲ၊ စစ်တပ်ကို ယုံကြည်ကိုးစားမှု မပေးဘဲနဲ့ မြန်မာပြည်သူ တွေကို ဆက်လက် ကူညီပံ့ပိုးနိုင်ဖို့ ဖြစ်ပါတယ်”

ဗြိတိန်သံရုံးဟာ လက်ရှိသံအမတ်ကြီး Pete Vowles ကို ပြန်ရုပ်သိမ်းတာမျိုး မဟုတ်ဘဲ အရင်က တာဝန်ယူထားတဲ့ သံအမတ်ကြီးအဆင့်ကနေ သံရုံးတာဝန်ခံပုံစံမျိုးနဲ့သာ စစ်ကောင်စီကို အဆင့်နှိမ့် ဆက်ဆံဖို့ ဆုံးဖြတ်ထားတာပါ။

မြန်မာနိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ NUG ဟာ အရေးပါတဲ့ အစုအဖွဲ့အဖြစ် ရှုမြင်တယ်လို့လည်း ဗြိတိန်နိုင်ငံ သံရုံးရဲ့ RFA ထံ တုံ့ပြန်ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန် သံအမတ်ကြီးဟာ စစ်တပ်က အာဏာသိမ်းပြီး ခုနစ်လအကြာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံကို သံအမတ်ကြီးအဖြစ် တရားဝင်ရောက်ရှိလာတာဖြစ်ပြီး အာဏာသိမ်းထားချိန်ကာလဖြစ်လို့ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို စစ်ကောင်စီထံ တရားဝင် မပေးဘဲ ငြင်းဆန်ထားတာပါ။ အခု ၂၀၂၂ ဧပြီလကုန်ပိုင်းမှာပဲ စစ်ကောင်စီက Mr- Pete Vowles ကို သံအမတ်အဖြစ် လက်မခံနိုင်ကြောင်း ရန်ကုန်ရှိ သံရုံးကို အကြောင်း ကြားစာ ပြန်ပို့လာတာပါ။

အခုလို အဆင့်နှိမ့် ဆက်ဆံတာဟာ စစ်ကောင်စီရဲ့ တရားဝင်မှုအဆင့်ကို လျှော့ချတာ၊ အသိအမှတ်မပြုဘူး ဆိုတာကို ပြသတာလို့ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးကနေ CDM လုပ်ထားတဲ့ တတိယအတွင်းဝန် ဦးကျော်စွာထွန်း က ပြောပါတယ်။

“သံအမတ်ကြီးအဆင့်ကနေ သံရုံးယာယီတာဝန်ခံအဆင့်ကို လျှော့ချတယ်ဆိုတာက အရပ်စကားနဲ့ပြောမယ် ဆိုရင်တော့ တန်းတူမညီဘူးလို့ ဖော်ပြသလိုပဲ။ ကျင့်ဝတ် မညီတဲ့ အသိုင်းအဝိုင်းတစ်ခုကို အလေးထား ဆက်ဆံစရာ မလိုဘူးလို့ ပြောချင်တာပဲ။ သံတမန်ဆက်ဆံတယ်ဆိုတာ အပြန်အလှန်လေးစားမှုကို ပြတာလည်းဖြစ်သလို နိုင်ငံတစ်ခု၊ အစိုးရတစ်ရပ်ကို အသိအမှတ်ပြု လက်ခံတယ်ဆိုတဲ့ဟာကို ဖော်ညွှန်းတာ။ လက်ရှိမှာတော့ ဥရောပအပါအဝင် နိုင်ငံအများစုက ဒီစကစနဲ့ ဆက်ဆံတဲ့အခါမှာ အဆင့်အတန်း လျှော့ချလိုက်တဲ့အတွက်ကြောင့် စကစရဲ့ Role ကို ချလိုက်သလိုလည်း ဖြစ်သလို၊ အသိအမှတ်မပြုဘူးဆိုတာကိုလည်း ပြရာရောက်ပါတယ်”

NUG နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်ဘက်က လက်ခံတွေ့ဆုံတာဟာ အသိအမှတ် ပြုတယ်ဆိုတာကို နိုင်ငံတကာကို ပြသလိုက်တာ ဖြစ်သလို၊ နိုင်ငံတကာအနေနဲ့ NUG ကို တရားဝင် လက်မခံသေးပေမယ့် တရားဝင် အစိုးရဆိုတာကို အသိအမှတ်ပြုပြီးသား ဖြစ်တယ်လို့ ဦးကျော်စွာထွန်းက ဆိုပါတယ်။

ရန်ကုန်မှာရှိတဲ့ ဂျာမနီသံရုံးရဲ့ သံအရာရှိတစ်ဦးကလည်း ရန်ကုန်မှာ ရှိတဲ့ ဂျာမန်သံရုံးကို ယာယီတာဝန်ခံကပဲ ဦးဆောင်အလုပ်လုပ်နေကြောင်း RFA ကို အီးမေးလ်က တစ်ဆင့် အတည်ပြုပြောကြားပါတယ်။

“ရန်ကုန်မှာရှိတဲ့ ဂျာမန်သံရုံးကို သံရုံးယာယီတာဝန်ခံက ဦးဆောင်တယ်ဆိုတာ ကျနော်အတည်ပြုနိုင်ပါတယ် ”

ရန်ကုန်ရှိ ဥရောပသမဂ္ဂ (EU) သံရုံးကတော့ သူတို့အနေနဲ့ လက်ရှိသံအမတ်ရာထူးကို ပြောင်းလဲဖို့ မရှိသေးဘူးလို့ EU သံအမတ်ကြီး Mr. Ranieri Sabatucci ကိုယ်စား EU သံရုံးက မေလ ၁၆ ရက်နေ့မှာ အီးမေးလ်ကတစ်ဆင့် RFA ကို အကြောင်းပြန်ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးအဖြစ် သမ္မတဦးဝင်းမြင့်ထံ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ကတည်းက ခန့်အပ်လွှာတင်ပြခဲ့ပါတယ်။ EU အနေနဲ့ လက်ရှိမှာ သံအမတ် အသိအမှတ်ပြုခံရမှုကို ပြောင်းလဲဖို့ စိတ်ကူး မရှိသေးပါဘူး။ သံတမန် နယ်ပယ်မှာ လှုပ်ရှားမှုတွေက စစ်ကောင်စီနဲ့ ဆက်ဆံရာမှာ သက်ရောက်မှုမရှိပါဘူး။ EU ကတော့ NUG အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ ဘယ်ပါတီနဲ့မဆို ချိတ်ဆက် ဆောင်ရွက်ခွင့်ရှိတာကို ဆက်ထိန်းထားပါတယ်”

EU အနေနဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာရှိတဲ့ EU ဌာနချုပ်ရဲ့ အာဆီယံဆိုင်ရာ EU မစ်ရှင်နဲ့ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ EU သံရုံးတွေကတစ်ဆင့် NUG နဲ့ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို သံအမတ်အနေနဲ့ဝင်လာရင် လက်ရှိ နိုင်ငံ့ ခေါင်းဆောင်ထံမှာ အသိအမှတ်ပြု ခံရမယ့်ပုံစံမျိုး မလုပ်ချင်တာကြောင့် အခုလို အဆင့်နှိမ့်ဆက်ဆံတာ ဖြစ်နိုင်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက သုံးသပ်ပါတယ်။

“အဓိကဖြစ်တဲ့ပြဿနာက ဘာလဲဆိုတော့ သံအမတ်အနေနဲ့ ဝင်လို့ရှိရင် သံအမတ် ဆိုရင်ဗျာ သူက နိုင်ငံတော် အကြီးအကဲကနေပြီးတော့ ဒါကိုအသိအမှတ်ပြုပေးရ တာကိုး။ အဲတော့ အခုက နစကခေါင်းဆောင်အနေနဲ့ သံအမတ်အသစ်နဲ့ အသိ အမှတ်ပြုတယ်ဆိုတဲ့ ပုံကြီးမျိုး သတင်းစာထဲမှာ ဟီးဟီးဟားဟားကြီး ပါလာတဲ့ ဟာမျိုးကျတော့ သူတို့ကမလိုချင်ဘူးဗျ၊ အနောက်နိုင်ငံတွေ အဲဒါမျိုးကျတော့လေ။ သူတို့ဆီမှာ သံအမတ်တွေ သက်တမ်းကုန်သွားရင် သံအမတ်တွေဆက်မခန့်တော့ဘူး။ ရှိတဲ့သံမတ်တွေကို တစ်ခါတည်း downgrades လုပ်ပစ်လိုက်တာမျိုးထက် သံအမတ် တွေ သက်တမ်းကုန်သွားလို့ရှိရင် အသစ်တွေကို သူတို့က သံအမတ်အနေနဲ့ မလွှတ် တော့ဘူးဗျာ။ သံရုံးယာယီတာဝန်ခံအနေနဲ့ပဲထားတာ အခုဖြစ်တဲ့ဟာက။ အမေရိကန် ဆိုရင် အခုထိ သံအမတ်ပဲရှိသေးတယ်။ ဒီတစ်ယောက်သက်တမ်းကုန်သွားရင် နောက် တစ်ယောက်ကျရင်တော့ တစ်မျိုးဖြစ်ရင် ဖြစ်သွားမှာပေါ့”

သံတမန်အဆင့် လျှော့ချလိုက်ရုံနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ထူးထူးခြားခြား ပြောင်းလဲသွား တာမျိုးတော့ မရှိနိုင်ဘူးလို့လည်း ဒေါက်တာမင်းဇော်ဦးက ဖြည့်စွက်ပြောသွားပါတယ်။

ဗြိတိန်၊ ဂျာမနီနဲ့ ဩစတြေးလျတို့က သံတမန်အဆင့် လျှော့ချလိုက်သလို ဒိန်းမတ်၊ အီတလီ၊ အစ္စရေးနဲ့ တောင်ကိုရီးယားနိုင်ငံတွေကလည်း သံတမန်အဆင့် လျှော့ချဖို့ ပြင်ဆင်နေတယ်လို့ သံတမန်အသိုက်အဝန်းက ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေကတော့ လက်ရှိအချိန်အထိ ရန်ကုန်ရှိ သူတို့ရဲ့သံရုံးတွေမှာ သံအမတ်ကြီးအဆင့်တွေကိုသာ ဆက်လက်ထားရှိနေဆဲပါ။

"ကျင့်ဝတ်မညီတဲ့ အသိုင်းအဝိုင်းတစ်ခုကို အလေးထားဆက်ဆံစရာ မလိုဘူးလို့ ပြောချင်တာပဲ"

လက်ရှိသံအမတ်ရာထူးကို သမ္မတဦးဝင်းမြင့် လက်ထက်ကတည်းက တင်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ စစ်ကောင်စီကို ဆက်လက် ဖိအား ပေးနေမယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က RFA ကို အီးမေးလ်က တစ်ဆင့် အကြောင်းပြန်ပါတယ်။

“သံအမတ်ကြီး Thomas Vajda ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့်ထံ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ကတည်းက သံအမတ်ခန့်အပ်လွှာ တင်ပြခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိ မှာလည်း အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားနိုင်ဖို့ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံနေသလို အကြမ်းဖက်မှုရပ်တန့်ပြီး မတရားအဖမ်းခံထား ရသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးဖို့ ဆက်လက် ဖိအားပေးနေမှာ ဖြစ်ပါတယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တချို့နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အနေအထားအပေါ်မူတည်ပြီး နိုင်ငံရေးအရရော၊ ပြည်တွင်းရေးမှာပါ ဝင်ရောက်စွက်ဖက် ကစားလိုမှုတွေရှိပေမယ့် သံတမန်လုပ်ထုံးလုပ်နည်းအတိုင်း တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ တုံ့ပြန်ပါတယ်။

“ကျနော်တို့အနေနဲ့က နိုင်ငံအချင်းချင်း မိတ်ဆွေမပျက် ဆက်ဆံရေးကို ဦးတည်ဆောင် ရွက်လျက်ရှိပါတယ်။ သို့သော် တချို့နိုင်ငံများအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ အနေ အထားအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရေးအရရော၊ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်လိုတဲ့ ကစားလိုမှုမျိုးတွေ တွေ့ရတာရှိတယ်။ ဒါတွေကတော့ ကျနော်တို့ အနေနဲ့ကတော့ သံတမန်လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့ကလည်း တုံ့ပြန်ဆောက်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာသည် မြန်မာ့အကျိုးစီးပွားနဲ့ မြန်မာ့ရဲ့အမျိုးသားအကျိုးစီးပွားကို လေးစားမှုရှိတဲ့၊ ကျနော်တို့လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအပေါ်မှာကို ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာအဖွဲ့တွေ ကျနော်တို့အပေါ်မှာ မိတ်ဆွေအဖြစ်သဘောထားနေတဲ့ နိုင်ငံတွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်”

လက်ရှိလည်း အိမ်နီးနားချင်းနိုင်ငံတွေအပြင် ကိုယ့်အပေါ် မိတ်ဆွေအဖြစ်သဘောထားတဲ့ နိုင်ငံတွေနဲ့ သံတမန် ဆက်သွယ်ရေး အဆက်မပြတ်ဘဲ နေ့စဉ် ဆွေးနွေးဖလှယ်နေသလို မြန်မာနိုင်ငံအနေနဲ့လည်း တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံရေးမူဝါဒကို ကျင့်သုံးနေတယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

လက်ရှိမြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး၊ စစ်ရေးနဲ့ စီးပွားရေးမှာပါ အဆင်ပြေ နေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံကတော့ သံတမန်ဆက်ဆံရေး အပြောင်းအလဲလုပ်တာ မရှိသလို RFA က တရုတ်သံရုံးကို မေးမြန်းရာမှာလည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိပါဘူး။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကို တွေ့ရစဥ် (Photo: RFA)
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကို တွေ့ရစဥ် (Photo: RFA)

သံတမန်အဆင့် လျှော့ချဆက်ဆံတာဟာ စစ်ကောင်စီကို အသိအမှတ်ပြုမှု တဖြည်းဖြည်း လျော့ကျသွားတာဖြစ်လို့ နောက်ပိုင်းမှာ စီးပွားရေးအပါအဝင် အခြားချိတ်ဆက်မှုတွေမှာပါ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

“သံတမန်ရေးရာအရ အဆင့်အတန်းမမီတဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် သူတို့အနေနဲ့ ပုံဖော်တာပေါ့။ ၈၈ နောက်ပိုင်းကလည်း ဒီလိုမျိုး လုပ်ဖူးတယ်လေ။ နိုင်ငံတကာ စင်မြင့်မှာ စစ်ကောင်စီအနေနဲ့ သူကို တန်းတူပြောဆို ဆွေးနွေးဖို့အတွက် လက်မခံ တော့ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်သွားတယ်။ အစိုးရအသိအမှတ်ပြုမှုက တဖြည်း ဖြည်းနဲ့ လျော့ကျသွားတယ်ဆိုတဲ့ သဘောပေါ့နော်။ နောက်ပိုင်းမှာတော့ စီးပွားရေးအရ ချိတ်ဆက်မှု၊ နောက်တခြားကိစ္စ ချိတ်ဆက်မှုတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိသွားနိုင်တာပေါ့”

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဥက္ကဋ္ဌထံ အခုနှစ် ဧပြီလထဲမှာ တရားဝင် သံအမတ် ခန့်အပ်လွှာ ပေးအပ်ခဲ့သူတွေကတော့ အိန္ဒိယနဲ့ ဆော်ဒီအာရေးဗီယား သံအမတ်တွေဖြစ်ပြီး အာဆီယံထဲက ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ သံအမတ်ကိုပြန်ခေါ်ခဲ့တဲ့ မလေးရှားနိုင်ငံတွေကတော့ လက်ရှိအချိန်အထိ သံအမတ်ခန့်ထားခြင်း မရှိသေးပါဘူး။

တစ်ဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ကို အကောင်အထည် မဖော်လို့ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ကို အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ပိတ်ပင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။