စစ်ခေါင်းဆောင်ကို နိုင်ငံတကာ သွားရောက်တွေ့ဆုံမှု ဘယ်သူတွေ အကျိုးရှိမလဲ

ခက်မာ (ဝါရှင်တန်ဒီစီ)
2023.04.25
စစ်ခေါင်းဆောင်ကို နိုင်ငံတကာ သွားရောက်တွေ့ဆုံမှု ဘယ်သူတွေ အကျိုးရှိမလဲ ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်(ဝဲ)၊ ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ် (ယာ)။
Myanmar Military

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သလို The Elders ဆိုတဲ့ ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်ကြီးများ အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မစ္စတာဘန်ကီမွန်းဟာ ဧပြီလ ၂၃ ရက်နေ့မှာ မြန်မာပြည်ကိုရောက်ရှိလာပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီခရီးစဉ်ဟာ အားလုံးကို အံ့သြသွားစေခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်း ဘာကြောင့် မြန်မာပြည်လာတာလဲဆိုတာ မေးခွန်းတွေ ဆူညံနေချိန်မှာပဲ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်အောင် တိုက်တွန်းဖို့နဲ့ မြန်မာပြည်သူတွေကို သူတတ်နိုင်သမျှကူညီဖို့ လာခဲ့တာပါလို့ The Elders အဖွဲ့က ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“လက်ငင်းအကျိုးအမြတ်က စစ်ကောင်စီဆီရောက်သွားတာ ရှင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဝါဒဖြန့်တဲ့ရှုထောင့်ကနေပြီး ပြောမှာပေါ့။"

ဧပြီလ ၂၁ ရက်နေ့တုန်းကလည်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai စစ်ကောင်စီဥက္ကဋ္ဌနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံမှုအတွင်း တရားမဝင်လက်နက်၊ မူးယစ်နဲ့လူကုန်ကူးမှုတွေကို ဘယ်လိုအစီအစဉ်တွေနဲ့ ပပျောက်အောင်လုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဧပြီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့အတွင်းမှာလည်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် Peng Xiubin ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့တော့ တရုတ် ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကရော စစ်ကောင်စီကပါ သတင်းမထုတ်ပြန်ခဲ့ပါဘူး။

အခုလို သီတင်းတစ်ပတ်အတွင်းမှာ အရေးပါတဲ့ နိုင်ငံတကာခေါင်းဆောင်တွေ မြန်မာပြည်ကို ရောက်လာမှုတွေဟာ မြန်မာပြည်နဲ့ ပြည်သူတွေအတွက် အကျိုးရှိရဲ့လား၊ ဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေနိုင်သလဲ ဆိုတာတွေကိုလည်း မြန်မာ့အရေးလေ့လာသူ နိုင်ငံတကာပညာရှင်တွေက ပုံစံမျိုးစုံနဲ့ သုံးသပ် မှတ်ချက်ပေးကြပါတယ်။

ဒီတွေ့ဆုံမှုတွေမှာ အာဆီယံနဲ့ တရုတ်ရဲ့ပတ်သက်မှုတွေပါတယ်လို့ မြင်ကြောင်း ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်က နိုင်ငံတကာရေးရာ ပါမောက္ခ ခရစ္စတီးနား ဖင့် က ပြောပါတယ်။

“ဒီတွေ့ဆုံမှုတွေမှာ အကြောင်းရင်းတချို့ရှိတယ်လို့ ထင်တယ်။ တစ်ခုကတော့ အင်ဒိုနီးရှားဟာလက်ရှိ အာဆီယံဥက္ကဋ္ဌ ဖြစ်နေပြီး အာဆီယံထိပ်သီးဆွေးနွေးပွဲက လာတော့မယ်။ မြန်မာနဲ့ပတ်သက်ပြီး တိုးတက်မှု ရှိနေပါတယ်ဆိုတာ ဆွေးနွေးပွဲမှာ သူတို့ပြချင်တယ်၊ ဘန်ကီမွန်းနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ မကြာသေးခင်က မြန်မာပြည် ရောက်ခဲ့ကြပါတယ်ဆိုတာမျိုးပေါ့။ တရုတ်နိုင်ငံကလည်း မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲ၊ လက်ရှိ အခြေအနေမှာ သူတို့ ဘယ်လိုလွှမ်းမိုးလို့ရနိုင်မလဲ ဆိုတာ သိချင်ပုံရတယ်။ ဒီနိုင်ငံတွေက ခုလိုလုပ်ချင်တာမှာ အာဆီယံထိပ်သီးညီလာခံ အတွက်တင် မဟုတ်ပါဘူး၊ မြန်မာပြည်ထဲက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တည်ငြိမ်မှုရှိတာ မြင်ချင်တာလည်း ပါပါတယ်။ မြန်မာပြည်ထဲက အကြမ်းဖက်မှုတွေ၊ ကလေးတွေအပါအဝင် စစ်ပွဲနဲ့မသက်ဆိုင်တဲ့သူ တွေအပေါ် လေကြောင်းက တိုက်ခိုက်နေတာတွေကြောင့် မြန်မာနိုင်ငံအတွက် လုပ်ဖို့ ဘာဖြစ်နိုင်ခြေရှိမလဲ ဆိုတာတွေကလည်း လူတော်တော်များများရဲ့ စိတ်ထဲရောက်လာပါတယ်။”

"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းအောင်လှိုင်ဟာ အာဏာမပိုင်ပါဘူး၊ သူ ပိုင်ဆိုင်တာ အကျဉ်းထောင်ပဲ ဖြစ်ပါတယ်။"

ဒီ ပြည်ပခေါင်းဆောင်တွေရဲ့ အလည်အပတ်ခရီးစဉ်တွေဟာ စစ်ကောင်စီကိုသာ အကျိုးအမြတ်ရှိစေတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Human Rights Watch ရဲ့ အာရှဆိုင်ရာညွှန်ကြားရေးမှူး ဖီးလ် ရော်ဘင်ဆင် (Phil Robertson) ပြောပါတယ်။

“လက်ငင်းအကျိုးအမြတ်က စစ်ကောင်စီဆီရောက်သွားတာ ရှင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဝါဒဖြန့်တဲ့ရှုထောင့်ကနေပြီး ပြောမှာပေါ့။ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ဟာ တရားဝင် အုပ်ချုပ်သူတွေ ဖြစ်လို့ သူတို့နဲ့တွေ့ဖို့ ဒီကိုယ်စားလှယ်တွေကို လွှတ်တာလို့ ပြောမယ်။ တကယ်တမ်းက စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် လူသားဖြစ်တည်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းအောင်လှိုင်ဟာ အာဏာမပိုင်ပါဘူး၊ သူ ပိုင်ဆိုင်တာ အကျဉ်းထောင်ပဲ ဖြစ်ပါတယ်။ သူဟာ မြန်မာပြည်သူတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ဦးဆောင်စေခိုင်းသူအဖြစ် နိုင်ငံတကာတရားရုံးမှာ စွဲချက်တင်ခံထားရတဲ့သူဆိုတာ အားလုံး အသိပဲ။ အဲဒီလိုလူကိုတွေ့ဖို့ ဘန်ကီမွန်းက သွားတယ်။ ပြီးတော့ စစ်တပ်ထဲကမဟုတ်တဲ့သူ ဘယ်သူနဲ့မှ မတွေ့ခဲ့ဘူး။ ဘန်ကီမွန်းရော ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ရောဟာ လူ့အခွင့်အရေးအပေါ် လေးစားမှု မြှင့်တင်ဖို့ရော၊ မြန်မာနိုင်ငံအတွင်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက်ရော ဘာအတွက်မှ အကျိုးမရှိစေခဲ့ဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။”

1 (3).jpg
၂ဝ၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)

ထင်ရှားတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်သလို မြန်မာတက်ကြွလှုပ်ရှားသူတွေကို လေ့ကျင့်သင်တန်းပေးနေတဲ့ ပညာ့ရှေ့ဆောင်အဖွဲ့ လို့ခေါ်တဲ့ Educational Initiatives Myanmar ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ အီဂေါ ဘလေဇာဗစ် (Igor Blazevic) ကတော့ အဲဒီခရီးစဉ်တွေကနေ ဘယ်သူမှအကျိုးမရှိဘူးလို့ သုံးသပ်ပါတယ်။

"ဒီတွေ့ဆုံမှုတွေ၊ အထူးသဖြင့် ဘန်ကီမွန်းရဲ့ခရီးစဉ်ကနေ စစ်ကောင်စီအပါအဝင် ဘယ်သူမှ အကျိုးအမြတ်မရခဲ့ဘူးလို့ ကျွန်တော် ထင်တယ်။ ပြည်သူတွေအတွက် အကျိုးမရှိတာတော့ သေချာပေါက်ပဲ။ ပြည်သူတွေအပေါ် အကျည်းတန်တဲ့ ရာဇဝတ်မှုတွေ ဆက်ကျူးလွန်ဖို့ စစ်ကောင်စီကို အားပေးလိုက်သလိုပါပဲ။ မင်းအောင်လှိုင်လည်း အဲဒီကနေ အကျိုးအမြတ်တစ်ခုခု ရခဲ့တယ်တယ်လို့ ကျွန်တော်မထင်ဘူး။ သူ့ကို ဘယ်သူမှ မလေးစားဘူး။ သူဘာမှ တောင်းဆိုလို့မရဘူး။ သူကျရှုံးဖို့ အချိန်ရောက်နေပြီ။ ဒါပေမဲ့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ဘယ်လိုဆက်ဆံကြမလဲဆိုတဲ့မေးခွန်းတော့ရှိတယ်။ ဒါက တကယ်အရေးကြီးတဲ့ မေးခွန်းပါပဲ။ နိုင်ငံတကာလို့ ကျွန်တော်ပြောတာမှာ အဓိကက မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို အဓိကပြောချင်တာပါ။"

နိုင်ငံတကာရေးရာပါမောက္ခ ခရစ္စတီးတား ဖင့် ကတော့ ဒီလိုတွေ့ဆုံမှုမျိုးတွေဟာ ရှိနေသင့်တယ်လို့ ထင်ကြောင်းပြောပါတယ်။

“တွေ့ဆုံစကားပြောမှုကနေ အများကြီးမျှော်လင့်လို့တော့ မရပါဘူး။ ဒါပေမဲ့ ဘာတွေဖြစ်နိုင်ခြေရှိမလဲဆိုတာ အလေးထားသူတွေ အနေနဲ့ ဒီကာလအတွင်းမှာ အလျှော့အတင်းလုပ်တဲ့တွေ့ဆုံဆွေးနွေးမှုမျိုးနဲ့ အနည်းဆုံးတော့ စပြောနေဖို့လိုတယ်လို့ ထင်ပါတယ်။ မနက်ဖြန် သဘက်ခါဆို ကောင်းလာတော့မှာပါဆိုတာမျိုး သိပ်ပြီးအကောင်း မြင်နေဖို့တော့ မသင့်သေးပေမဲ့ ဒီလိုတွေ့ဆုံမှုတွေ လုပ်ဖို့ကတော့ အရေးကြီးတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်မှာ ဘာလုပ်လို့ ရနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ တကယ်လို့ အဲဒီလို မကြိုးစားကြည့်ဘူးဆိုရင် ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူး။ အခုတွေ့ဆုံမှုတွေက ဘာမှ ဖြစ်မလာသေးချိန်ပေမဲ့ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်နိုင်အောင် ကြိုးစားဖို့အရေးကြီးပါတယ်။”

ဒီခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုတွေကို အကောင်းမမြင်တဲ့ ဝေဖန်ချက်တွေရှိသလို သူကိုယ်တိုင်လည်း ဒီတွေ့ဆုံမှုတွေအပေါ် အကောင်းမမြင်ပေမဲ့ မြန်မာပြည်သူတွေရဲ့ အောင်ပွဲဟာ မကြာခင်ရောက်လာတော့မှာ ဖြစ်တယ်လို့ ပညာ့ရှေ့ဆောင်အဖွဲ့ရဲ့ ညွှန်ကြားရေးမှုးဖြစ်တဲ့ အီဂေါ ဘလေဇာဗစ် (Igor Blazevic) က ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ တွန်းလှန်လှုပ်ရှားနေမှုတွေဟာ အင်မတန်အလေးထားဂုဏ်ယူဖွယ် ဖြစ်ပြီး မြန်မာပြည်သူတွေဟာ သူရဲကောင်းတွေ ဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။