အမေရိကန်ပြည်ထောင်စုအခြေစိုက် Freedom House အဖွဲ့က နှစ်တိုင်းဖော်ပြနေတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အင်တာနက်သုံးစွဲမှုလွတ်လပ်ခွင့် အနိမ့်အမြင့်အခြေပြဇယားမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်မှု မရှိတဲ့စာရင်းထဲမှာ ဖော်ပြခံထားရပါတယ်။
လွတ်လပ်မှုရှိ မရှိကို အမှတ်နဲ့ခွဲပြတဲ့အခါမှာ သုညအမှတ်ကနေ ၃၉ မှတ်ထိရှိတဲ့နိုင်ငံကို အင်တာနက်သုံးခွင့်လွတ်လပ်မှုမရှိတဲ့နိုင်ငံ၊ အမှတ် ၄ဝ ကနေ ၆၉ မှတ်ထိကို လွတ်လပ်မှုတစိတ်တပိုင်းရှိတဲ့နိုင်ငံ၊ အမှတ် ၇၀ ကနေ ၁ဝဝ ထိကိုတော့ အင်တာနက်ကို လုံးဝလွတ်လွတ်လပ်လပ်သုံးခွင့်ရတဲ့နိုင်ငံအဖြစ် သုံးမျိုးသုံးစားခွဲပြီး သူတို့အစီရင်ခံမှာ ပြထားပါတယ်။
အဲဒီဇယားအရ မြန်မာနိုင်ငံဟာ ၃၆ မှတ်ပဲ ရှိတဲ့အတွက် အင်တာနက် သုံးစွဲခွင့်လွတ်လပ်မှုမရှိတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံရပါတယ်။ မြန်မာ့အိမ်နီးချင်းတွေကို ကြည့်ရင်တော့ ထိုင်းနိုင်ငံက ၃၅ မှတ်၊ တရုတ်က ၁ဝ မှတ်၊ အိန္ဒိယက ၅၅ မှတ်နဲ့ ဘင်္ဂလားဒေ့ရှ်က ၄၄ မှတ်ရှိတယ်လို့ဖော်ပြထားပါတယ်။ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေမှာ အင်တာနက်သုံးစွဲခွင့် အလွတ်လပ်ဆုံးဖော်ပြခံရတဲ့ နိုင်ငံတွေကတော့ ဂျပန်နဲ့ ဩစတေးလျ နှစ်နိုင်ငံပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၄၉ မျက်နှာပါတဲ့ Freedom House ရဲ့အစီရင်ခံစာဟာ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ထိ တနှစ်စာ စောင့်ကြည့်လေ့လာထားတာလို့ ဆိုပါတယ်။
အဲဒီထဲမှာ အခုလိုဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့်ဟာ တင်းကြပ်ခံထားရပါတယ်။ ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေက စစ်ပွဲအကြောင်းတွေ၊ ရိုဟင်ဂျာမွတ်စလင်ကိစ္စတွေ၊ ကျား-မ တန်းတူရေးဆိုင်ရာကိစ္စတွေကို အွန်လိုင်းက ရေးသားတာတွေနဲ့ပတ်သက်လို့ တပ်မတော်ရော အာဏာရပါတီကပါ ဆက်ပြီး ထိန်းချုပ်ကန့်သတ်နေတယ်လို့ဆိုပါတယ်။ စစ်တပ်နဲ့ အစိုးရကို ဝေဖန်တဲ့သူတွေဟာ ဖိနှိပ်ထားတဲ့ ဆက်သွယ်ရေးဥပဒေအပါအဝင် ဥပဒေမျိုးစုံနဲ့ အရေးယူထောင်ချတာတွေရှိခဲ့တယ်လို့ ထောက်ပြပါတယ်။
စစ်အာဏာရှင်စနစ်ကနေ ၂၀၁၅ ရွေးကောက်ပွဲကနေ အနိုင်ရလာတဲ့ NLD ပါတီခေါင်းဆောင်တဲ့အစိုးရကို အသွင်ကူးပြောင်းလာပေမယ့် လူ့အခွင့်အရေးတိုးတက်အောင်လုပ်ဖို့ မစွမ်းဆောင်နိုင်သလို၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ဒေသတွေမှာ လုံခြုံရေးပိုကောင်းအောင် မလုပ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။
စစ်တပ်ဟာ နိုင်ငံရေးမှာဆက်ပြီး ဩဇာလွှမ်းမိုးထားသလို၊ ရိုဟင်ဂျာတွေထွက်ပြေးရတဲ့ကိစ္စနဲ့ ပတ်သက်လို့ တိုင်းပြည်ဟာ နိုင်ငံတကာဖိအားအောက်မှာ ကျရောက်နေရတယ်လို့ဆိုပါတယ်။
အစီရင်ခံစာမှာ အင်တာနက်ရယူခွင့် အဟန့်အတား၊ အွန်လိုင်းပေါ် ရေးသားခွင့်အကန့်အသတ်၊ သုံးစွဲသူတွေရဲ့အခွင့်အရေးချိုးဖောက်မှုဆိုပြီး ကဏ္ဍသုံးရပ် ခွဲပြီးတင်ပြထားပါတယ်။
အင်တာနက်ရယူခွင့် အဟန့်အတားခေါင်းစဉ်အောက်မှာတော့ အခုလိုဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူအများစုက တယ်လီဖုန်းတွေကတဆင့် 4G ဆက်သွယ်ရေးနည်း စနစ် ကို သုံးကြတဲ့အကြောင်းနဲ့ အစိုးရပိုင်ကုမ္ပဏီကို ပြိုင်ဖို့ နိုင်ငံခြားကုမ္ပဏီနှစ်ခုကို ပေးထားပြီး၊ စစ်တပ်နဲ့ ပတ်သက်တဲ့ကုမ္ပဏီကိုလဲ လုပ်ပိုင်ခွင့်လိုင်စင်ပေးခဲ့တဲ့အကြောင်း၊ မိုဘိုင်းဖုန်းလိုင်းဈေးကွက်ကို အစိုးရက အဓိကထိန်းချုပ်ထားတဲ့ အကြောင်းတွေကို အချက် ၅ ချက်နဲ့ ဖော်ပြထားပါတယ်။
ပထမတခုက အင်တာနက်ဆက်သွယ်ရေးမြန်နှုန်းနဲ့ အရည်အသွေးကောင်းဖို့အတွက် အခြေခံလိုအပ်ချက်တွေ ထိန်းချုပ်ထားသလား။ ဒုတိယတခုက အင်တာနက်ကို ဈေးကြီးပေးဝယ်သုံးနေရသလား။ တတိယ ကတော့ အင်တာနက်ဆက်သွယ်ရေးကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေကိစ္စအတွက် ဥပဒေနဲ့ရော နည်းပညာနဲ့ပါ အစိုးရက ထိန်းချုပ်နေသလား။ စတုတ္ထကတော့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေပေါင်းစည်းရေးကို ခက်ခဲစေတဲ့ ဥပဒေ၊ နည်းဥပဒေတွေရှိနေလား။ ပဉ္စမကတော့ ကုမ္ပဏီတွေက လွတ်လွတ်လပ်လပ် မျှမျှတတနဲ့ ဝန်ဆောင်မှုပေး မပေး ဆိုတာကို သက်ဆိုင်ရာက စောင့်ကြည့်ပေးဖို့ ပျက်ကွက်နေသလားဆိုတာဖြစ်ပါတယ်။
အွန်လိုင်းပေါ်ရေးသားခွင့် အကန့်အသတ်ဆိုတဲ့ ကဏ္ဍမှာတော့ အချက် ၈ ချက် ဖော်ပြထားပါတယ်။
အင်တာနက်ပေါ် ရေးသားတာတွေကို အစိုးရက ပိတ်ပင်တားမြစ်ထားသလား။ အဲဒီလိုရေးသားတာတွေ တွေ့ရင် အစိုးရရော အစိုးရမဟုတ်တဲ့ ဝန်ထမ်းတွေကပါ ဖျက်ပစ်နေသလား၊ ဒီလိုထိန်းချုပ်တာဟာ ပွင့်လင်းမြင်သာမှု ဘက်မျှတမှုရှိရဲ့လား၊ သတင်းထောက်တွေ ဆောင်းပါးရှင်တွေက ကိုယ့်ဟာကိုယ် ဆင်ဆာဖြတ်ရေးသားနေရသလား၊ အွန်လိုင်းမှာရှာဖွေရနိုင်တဲ့သတင်းရင်းမြစ်တွေကို နိုင်ငံရေးရည်ရွယ် ချက်ကြောင့် ထိန်းချုပ်ခံနေရသလား၊ အင်တာနက်သုံးတဲ့သူတွေအတွက် အကျိုးမဲ့စေတဲ့ စီးပွားရေး ဒါမှမဟုတ် လုပ်ပိုင်ခွင့်ထိန်းချုပ်မှုရှိသလား၊ အွန်လိုင်းသတင်းအချက်အလက်တွေဟာ ညီညွတ်ပေါင်း စည်းမှုမဲ့နေသလား၊ အထူးသဖြင့် နိုင်ငံရေး လူမှုရေးအတွက် အင်တာနက်ကနေ လူမှုအသင်းအဖွဲ့ဖွဲ့ဖို့ စည်းရုံးလှုပ်ရှားဖို့ လုပ်တဲ့အခါမှာ ကြန့်ကြာစေသလားဆိုတာတွေ ဖော်ပြထားပါတယ်။
သုံးစွဲသူတွေရဲ့ အခွင့်အရေးချိုးဖောက်မှုကဏ္ဍမှာ ဖော်ပြထားတဲ့ အချက် ၈ ချက်ကဒီလိုပါ။
လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ သတင်းအချက်အလက် ရယူသိရှိခွင့်တွေကို အကာအကွယ်ပေးဖို့ ဥပဒေတွေ အခြေခံဥပဒေတွေက ပျက်ကွက်နေသလား။ အွန်လိုင်းကနေ ရေးသားပြောဆိုတာကို ရာဇဝတ်ဥပဒေ၊ အရပ်ဖက်ဥပဒေတွေနဲ့ အရေးယူတဲ့ဥပဒတွေရှိနေလား။ အဲဒီလိုရေးသားပြောဆိုလို့ တရားစွဲ ထောင်ချခံထားရတာရှိသလား။ အမည်မဖော်ဘဲ ဆက်သွယ်တာတွေ ရေးသားတာတွေကို အစိုးရက ထိမ်းချုပ်ကန့်သတ်ထားသလား၊ အင်တာနက်သုံးသူတွေရဲ့ ပုဂ္ဂလိကအခွင့်အရေးကို အစိုးရက စောင့်ကြည့်နေသလား။ အင်တာနက်သုံးသူတွေရဲ့ဆက်သွယ်ဆောင်ရွက်ချက်တွေကို ကုမ္ပဏီတွေက အစိုးရကို တင်ပြနေရသလား။ အွန်လိုင်းပေါ်ရေးသားပြောဆိုတာ ပြန်ပြီး မျှဝေဖြန့်ချိတာတွေအတွက် အစိုးရအာဏာပိုင်တွေက ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ ဥပဒေမဲ့ပြုမူတာတွေရှိသလား။ အစိုးရနဲ့ ဆိုင်တာရော ပုဂ္ဂလိကနဲ့ပါ ဆိုင်တဲ့ ဝက်ဘ်ဆိုက်တွေ အင်တာနက်အကောင့်ဖောက်ထွင်းခံရတာ၊ အချက်အလက် ခိုးယူခံရတာရှိသလား ဆိုတဲ့အချက်တွေဖြစ်ပါတယ်။
အခုအစီရင်ခံစာမှာ သတင်းထောက်တွေ တရားစွဲထောင်ချခံရတာတွေ၊ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲထားတဲ့ အမှုတွေ၊ ဖိနှပ်တဲ့ဥပဒေတွေကို ဥပမာဖြစ်ရပ်တွေနဲ့ ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။
0:00 / 0:00