ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ နှစ်ဦး မိသားစုဝင်တွေနဲ့ ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရ

2022.07.22
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ နှစ်ဦး မိသားစုဝင်တွေနဲ့ ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို တွေ့ရစဉ်
.

အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း သေဒဏ်စီရင်ချက်ချမှတ်ပြီးနောက် အင်းစိန်ထောင်မှာ လက်ရှိချုပ်နှောင်ထားတဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ ခေါ် ဦးကျော်မင်းယု နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သူတို့မိသားစုဝင်တွေနဲ့ ပထမဆုံးအကြိမ် မနေ့က တွေ့ခွင့်ပေးခဲ့ပါတယ်။

သူတို့ရဲ့သေဒဏ်ကို အယူခံအဆင့်ဆင့်က အတည်ပြုခဲ့ပြီးဖြစ်လို့ လက်တွေ့ ကွပ်မျက်မှာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကွပ်မျက်မယ့်သူတွေကို မိသားစုနဲ့ တွေ့ခွင့်ပေးမှာလားလို့ RFA ကမေးမြန်းခဲ့ရာမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့အနေနဲ့ မိသားစုတွေ့ခွင့်အပါအဝင် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းမှာပါဝင်တဲ့ အခွင့်အရေး အားလုံးရရှိမယ်လို့ ဖြေကြားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လက်တွေ့ကွပ်မျက်မယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်ခဲ့ပြီးနောက်မှာ အခုလို သူတို့ နှစ်ဦးကို မိသားစုဝင်တွေ နဲ့ တွေ့ခွင့်ပြုတဲ့ သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။

မနေ့က ထောင်ဝင်စာတွေ့ခွင့်ပြုရာမှာ သူတို့နဲ့ မိသားစုဝင်တွေကို တိုက်ရိုက်တွေ့ဆုံ ပြောကြားခွင့်ပေးတာမဟုတ်ဘဲ ဗီဒီယိုစနစ်နဲ့ တွေ့ခွင့်ပြုတာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် မိသားစု ဝင်တွေကို ထောင်အာဏာပိုင်တွေက အစားအသောက် အနည်းငယ်စီ ပေးခွင့်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလိုတွေ့ခွင့်ပေးတာဟာ စစ်ကောင်စီအနေနဲ့ သူတို့အာဏာ သက်ဆိုးရှည်ရေးအတွက် နိုင်ငံတကာကို လှည့်စားဖို့ဖြစ်တယ်လို့ ဝေဖန်သူတွေရှိသလို ပြည်တွင်းက တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်အင်အားချည့်နဲ့လာနေပြီး နိုင်ငံတကာ ဖိအားတွေကို မလွန်ဆန်နိုင်တော့တဲ့အတွက် အလျှော့ပေးလာနေရပြီလို့ ရှုမြင်သူတွေလည်း ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ကိုဂျင်မီတို့ကို အခုလို မိသားစုနဲ့ တွေ့ခွင့်ပြုချိန်ဟာ မကွပ်မျက်ခင် နောက်ဆုံးတွေ့ခွင်ပြုတာမျိုးဖြစ်မှာကို စိုးရိမ်မိပေမယ့် စစ်ကောင်စီဘက်က တစ်ဆင့်လျှော့လာတာက ပိုပြီးဖြစ်နိုင်ပါတယ်။ အာဆီယံကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတော့မယ်လို့ စစ်ကောင်စီက ပြောကြားချက် ထွက်ပေါ်လာချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ ထောက်ပြပါတယ်။

"ကျနော်တို့ ကြားဖူးတာရယ်၊ အတွေ့အကြုံ ရှိဖူးတာရယ်က ဘာလဲဆိုတော့ တကယ် သတ်တော့မယ်ဆိုတဲ့အချိန်မှာ မိသားစုနဲ့ နောက်ဆုံးတွေ့ခွင့်ပေးတယ်ဆိုတာ ထောင် လုပ်ထုံးလုပ်နည်းအရ ရှိတယ်။ အခုက တွေ့ခွင့်ပေးတယ်ဆိုတာ တိုးတက်မှုပဲ။ သို့သော် နောက်ဆုံးတွေ့ခွင့်ပေးတာမျိုးတော့ မဟုတ်နိုင်ဘူးလို့ ကျနော်ထင်တယ်။ ဘာလို့လဲ ဆိုတော့ နောက်ဆုံးတွေ့ခွင့်ပေးမယ်ဆိုရင် ပြောတယ်၊ နောက်ဆုံးတွေ့ခွင့်ပေးတာပဲ၊ မှာချင်တာမှာ စားချင်တာလည်း စားလို့ရတယ်ပြောတော့ အဲလို တစ်ခါတည်း အတည်ပြုလိုက်တာ။ အခုက အဲလိုပြောပြီး ပေးတာမဟုတ်ဘဲဆိုတော့ ဒါ အကျဉ်းသား အခွင့်အရေးကို ပေးတယ်လို့ပဲ ယူဆပါတယ်"

"နောက်တစ်ခုက ဒေါ်စုနဲ့ တွေ့ခွင့်ပေးမယ်ဆိုတဲ့ အသံဟာ ကျနော်ကတော့ ဒါ အလွန်ကြီးကျယ်တဲ့တိုးတက်မှုလို့ ခံယူတယ်။ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းမှာဆိုရင် အခု ဒေါ်လာဈေးတွေနဲ့ တပ်ပျက်နေပြီ။ တိုင်းပြည်က စီးပွားရေးဟာ အရှေ့တောင်အာရှမှာ နောက်ဆုံးဂဏန်းကို ရောက်သွားပြီ၊ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတာ။ အဲဒီအခြေအနေမှာ သီရိလင်္ကာကလည်း သမ္မတ ထွက်ပြေးရတာ မကြာသေးဘူး၊ အဲဒီတော့ အဲဒါကို ကာကွယ်ဖို့အတွက် ဒုတိယဗိုလ်မှူးကြီး ခြောက်ယောက်လောက်က ဗဟိုဘဏ်မှာ ထပ်ခန့်ပြီးတော့ တတ်သမျှမှတ်သမျှနဲ့ လုပ်နေတယ်။ တိုင်းပြည်အခြေအနေက အရမ်း ယိမ်းယိုင်နေတယ်။ နောက် PDF တွေရဲ့ တိုက်ပွဲတွေကလည်း စွန့်လွှတ်မှုက အများကြီး ရှိသလို အောင်ပွဲတွေကလည်း အများကြီးရှိတယ်။ သူတို့ဘက်က ဖရိုဖရဲဖြစ်တယ်။ ဗိုလ်လောင်းသင်တန်းဆိုရင် လျှောက်မယ့်သူမရှိတော့ သုံးကြိမ်ရှိပြီ ရက်တွေတိုးပေးတာ သြဂုတ်လအထိ"

"အဲဒီအခြေအနေမျိုးတွေ ရောက်နေတဲ့အခါကျတော့ သူတို့ဘက်က အခြေအနေက တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေပြီ။ ရွေးကောက်ပွဲကလည်း ကမ္ဘာကြီးကလည်း မယုံဘူး ပြည်တွင်းကလည်း မယုံဘူး။ အဲဒါတွေ ကျော်ဖြတ်ဖို့အတွက် သူတို့ ကျနော်ထင်တယ် အဲဒီရွေးကောက်ပွဲရက်တောင် မရောက်တော့ဘူးလို့တောင် ယူဆနိုင်စရာအကြောင်းတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ တစ်ဖက်ကလည်း လျှော့နိုင်သမျှ လျှော့တယ်၊ တစ်ဖက်ကလည်း သတ်တာပေါ့ဗျာ။ တစ်ဖက်ကလည်း လျှော့နိုင်သမျှ ပြန်လျှော့လာပြီလို့ ဒီလိုမှတ်ချက်ပြုရင် မမှားနိုင်ပါဘူး"

ကိုဂျင်မီ ခေါ် ဦးကျော်မင်းယု ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ ဦဖြိုးဇေယျာသော်ကို နိုဝင်ဘာလမှာ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုဥပဒေတွေနဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

"ဒါက စစ်အာဏာရှင်တွေက ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ကတည်းက အစဉ်အဆက်လုပ်လာတဲ့ အလေ့အထကြီးဗျ"

အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ CDM ဗိုလ်ကြီး မင်းမောင်မောင် ကတော့ အခုလို စစ်ကောင်စီဘက်က လျှော့လာတာဟာ သမိုင်းအစဉ်အလာအရ အာဏာရှင်တွေအနေနဲ့ နိုင်ငံရေးနဲ့ စစ်ရေးအရ အခက်ကြုံနေပြီဆိုတာကို အထင်အရှား ပြသလိုက်တာပဲလို့ ဝေဖန်ပါတယ်။

"ဒါက စစ်အာဏာရှင်တွေက ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးကတည်းက အစဉ်အဆက် လုပ်လာတဲ့ အလေ့အထကြီးဗျ။ သူတို့ နိုင်ငံရေးအကျပ်အတည်းဖြစ်တဲ့အချိန်ဆိုရင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံမယ်။ စစ်ရေးအကျပ်အတည်းတွေ့တဲ့အချိန် ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့တွေ့ပြီး ငြိမ်းချမ်းရေးစကား ပြောမယ်"

"အခုအချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအရ အကျဉ်းအကျပ်တွေ့တဲ့အချိန်ဖြစ်လို့ ကိုဂျင်မီတို့လို့ ကိုဖြိုးဇေယျာသော်တို့လိုလူမျိုးတွေကို သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဖြစ်တဲ့ ထောင်ဝင်စာတွေ့ခွင့်လိုမျိုး ပေးတယ်။ နောက်တစ်ခါ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးနဲ့ သူတို့ တွေ့ဆုံဆွေးနွေးဖို့ သူတို့လေသံပစ်လာတယ်ပေါ့ဗျာ။ ဒီလိုပဲတိုင်းရင်းသားခေါင်းဆောင်တွေ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ သူတို့ကြိုးပမ်းလာတယ်ပေါ့ဗျာ"

"အဲဒီတော့ အကြမ်းဖက်စစ်ကောင်စီဟာ ဘယ်ကိစ္စမဆို အပေါ်စီးကပဲ လုပ်တယ်ပေါ့ဗျာ။ ဘယ်လိုပဲလုပ်လုပ် ကျနော်တို့တွေက သူတို့ခြေလှမ်းတွေကို သိရှိထားပြီးတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ပြတ်ပြတ်သားသား ဆက်လုပ်သွားဖို့လိုတာပေါ့ဗျာ"

အင်းစိန်ထောင်အသိုင်းအဝိုင်းက ရတဲ့ သတင်းအရ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။ သူတို့ကို တခြားအကျဉ်းသားတွေနည်းတူ နောက်ထပ်ပုံမှန် ထောင်ဝင်စာ တွေ့ခွင့်ပြုမှာလားဆိုတာတော့ မသိရသေးပါဘူး။ မနေ့က တွေ့ဆုံခွင့်ပေးမှုနဲ့ ပတ်သက်ပြီး ကိုဂျင်မီ ခေါ် ဦးကျော်မင်းယုနဲ့ ဦးဖြိုးဇေယျာသော်တို့ မိသားစုဝင်တွေရဲ့ ပြောကြားချက်တွေကို လတ်တလော မရရှိသေးသလို စစ်ကောင်စီဘက်ကလည်း တရားဝင် ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။