KNU တပ်မဟာ နှစ်ခုကို စစ်ကောင်စီ ဘာကြောင့်ထိုးစစ်ဆင်နေသလဲ

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.02.17
Share on WhatsApp
Share on WhatsApp
KNU တပ်မဟာ နှစ်ခုကို စစ်ကောင်စီ ဘာကြောင့်ထိုးစစ်ဆင်နေသလဲ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တပ်မဟာ ၅ နယ်မြေ၊ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာအတွင်း စစ်ကောင်စီတပ် ဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် မီးလောင်ပြာကျသွားသည့် နေအိမ်တချို့အားတွေ့ရစဉ်။
KNU

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်ကို စစ်ကောင်စီက လေကြောင်းကနေ အငြိုးတကြီး ထိုးစစ်ဆင်နေတာဟာ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ပေါင်းစုတွေရဲ့ အဓိက အခြေစိုက်ရာနေရာ ဖြစ်နေတဲ့အတွက် နိုင်ငံရေး၊ စစ်ရေးအရ အရေးပါတာကြောင့်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြတဲ့ အဖွဲ့အစည်းအတွေကို စစ်ကောင်စီက သူကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး စစ်ရေးအရ ဦးချိုးနိုင်ဖို့ပဲဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

စမ်းချောင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဘိုဘိုဦး က ကေအန်ယူထိန်းချုပ်နယ်မြေတွေကနေ CRPH နဲ့ NUG ခေါင်းဆောင်တွေက တော်လှန်ရေးအတွက် ဆောင်ရွက်နေတာတွေကို ဖြိုခွဲဖို့ ကြိုးစားတာလို့ သုံးသပ်ရင်လည်း မမှားပါဘူးလို့ ပြောပါတယ်။ 

“KNU နယ်မြေတင်မကဘူး ကချင်ဘက်၊ ချင်းဘက်မှာရော ဒီလိုတွေရှိပါတယ်။ အဲဒီလိုသုံးသပ်တယ်ဆိုရင်လည်း မမှားပါဘူး။”

KNU ရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေသုံးပြီး KNU တပ်မဟာ (၅) ကရင်ပြည်နယ် ဖာပွန်ခရိုင်နဲ့ တပ်မဟာ (၆) ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီခရိုင်တွေမှာ ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ် ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါဟာ စစ်ကောင်စီက အငြိုးအတေးနဲ့ ထိုးစစ်ဆင်နေတာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောထားပါတယ်။

KNU ဟာ စစ်တပ်အာဏာမသိမ်းခင်က တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီက ငြိမ်းချမ်းရေးဖိတ်ခေါ်တာတွေကို လက်မခံဘဲ တော်လှန်ရေးမှာ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းအပြီး နိုင်ငံအနှံ့အပြားက မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားကြသူတွေ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ နိုင်ငံရေးခေါင်းဆောင် အများစုကို KNU ထိန်းချုပ်ရာ ဒေသတွေမှာ ဝင်ရောက်ခိုလှုံခွင့် ပေးခဲ့ပါတယ်။

၂ဝ၂၁ နှစ် ဒီဇင်ဘာလယ်လောက်က လေးကေ့ကော်ဒေသကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး NLD လွှတ်တော်အမတ်တချို့အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ရှာဖွေဖမ်းဆီးတာကနေ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အများစုဟာ ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ 

CDM တပ်မတော်သား ဗိုလ်ကြီး လင်းထက်အောင်က အာဏာရှင်တော်လှန်ရေးမှာ KNU ရဲ့ ပူးပေါင်းကူညီမှုတွေကလည်း KNU ကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်တွေမှာ ပါဝင်တယ်လို့ ပြောပါတယ်။

“ကေအန်ယူသည် နွေဦးတော်လှန်ရေးအတွက် အများကြီးကို အကူအညီပေး အထောက်အပံ့ပေးတဲ့အဖွဲ့အစည်းကြီးဆိုတာ ငြင်းလို့မရဘူး။ နွေဦးတော်လှန်ရေး အစမှာကတည်းက နာမည်ကျော်ကြားသူတွေ၊ ဦးဆောင်လှုပ်ရှားသူတွေ အကုန်လုံးကို စောင့်ရှောက်ကူညီပေးတယ်၊ လက်ခံပေးတယ်။ နောက်ဆုံး ကျွန်တော်တို့ CDM တွေရော တခြားသူတွေ၊ PDF တွေကို စစ်သင်တန်းပေးတာတွေကအစ တခြားပူးပေါင်းဆောင်ရွက်မှုတွေ ရှိတဲ့အတွက်ပေါ့နော်။ ပြောမယ်ဆိုရင် KNU ရဲ့ အဓိကလုပ်ဆောင်ပေးတဲ့ ကူညီပေးတဲ့အရာတွေကြောင့်လို့ မြင်ပါတယ်။”

တဘက်မှာလည်း KNU နယ်မြေတွေဟာ စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့အတွက်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူအများစုက သုံးသပ်ကြပါတယ်။

“ကေအန်ယူ တပ်မဟာ ၅နဲ့ ၆ဒေသတွေက စစ်ကောင်စီက ပြီးခဲ့တဲ့ကာလတစ်ခုအတွင်း အတော်ပြင်းထန်တဲ့ တိုက်ပွဲတွေ တိုက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲတချို့လုပ်ခဲ့တာလည်း အဲဒီဒေသပါပဲ။ အဲဒီတိုက်ပွဲတွေမှာ လေတပ်အင်အားသုံးပြီး တိုက်ရခိုက်ရတဲ့အခြေအနေတွေ အတော်များများရှိခဲ့တယ်။ ပြီးတော့ လက်နက်ခဲယမ်းမီးကျောက်လည်း ကေအန်ယူဘက်က သိမ်းသွားတာ တော်တော်များများ ရှိနေခဲ့တယ်။ ကျွန်တော်တွေ့ရတာက သုံ့ပန်းတောင် တော်တော်များများ မိခံရတဲ့ဒေသပေါ့ဗျာ။ ပြောရရင် ကေအန်ယူတပ်မဟာ ရခုထဲမှာ ဒီတပ်မဟာ ၅နဲ့ ၆က စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ အတော်စိတ်ဓာတ်ပြင်းထန်တဲ့ တပ်မဟာနယ်မြေတွေဖြစ်တယ်ပေါ့။ အဲဒါကြောင့် အဲဒီဒေသတွေကို စစ်ရေးအရ ဦးချိုးဖို့ ရည်ရွယ်ပုံလည်း ရပါတယ်။”

စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင် သုံးသပ်သွားတာပါ။

လေတပ်က CDM တပ်မတော်သား တပ်ကြပ်ကြီး ဇေယျက KNU က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကရင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့အတွက် စစ်ကောင်စီဘက်က အခုလို ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သုံးသပ်ပါတယ်။

“မြောက်ပိုင်း ကချင်မှာဆိုလည်း မြို့တွေဝင်တိုက်တာ မရှိဘူး၊ လွိုင်ကော်ဘက်ဆိုလည်း မိုးဗြဲဝင်တိုက်ပြီးနောက်ပိုင်း ဝင်တိုက်တာ မရှိတော့ဘူး။ ချင်းမှာတော့ ထန်တလန်ကို တိုက်တယ်။ အဲဒါကြောင့်လည်း အခုရက်ပိုင်း ထန်တလန်ကို နေ့တိုင်းလိုလိုသွားပစ်နေတာ။ ကရင်မှာဆိုရင် နှစ်မြို့ရှိနေပြီ။ ကော့ကရိတ်ကို ဝင်တိုက်တယ်၊ အခု ကြာအင်းဆိပ်ကြီးဘက်ကို တိုက်တယ်။ နောက်ပိုင်းလည်း ထပ်ပြီးတိုက်လာနိုင်တဲ့အတွက် ကြိုပြီးဖိထားတဲ့သဘောမျိုး။ အဲ့အတွက်ကို ရည်ရွယ်ပြီး ဋ္ဌာနချုပ်တွေကို ပစ်မှတ်ထားပြီး စစ်ရေးအရှိန်လျော့အောင်လုပ်တဲ့ပုံစံမျိုးပါ။”

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၃ ယောက် သေဆုံးခဲ့ရတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၄၊ ၁၅ နှစ်ရက်ဆက်တိုက် တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲကို တိုက်လေယာဉ် ၆စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ နှစ်ရက်ဆက်တိုက် ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒီနှစ်ဆန်းပိုင်းမှာတင် ကရင်ပြည်နယ်အတွင်း ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ စာရင်းတွေအရ ၂ဝ၂၂ နှစ်ကုန်အထိ ဒုက္ခသည် သုံးသိန်းခွဲကျော် ရှိရာကနေ အခုဆိုရင် ဒုက္ခသည် ငါးသိန်းကျော် ရှိနေပြီဖြစ်ပါတယ်။

KHRG ပြောခွင့်ရှိသူ ကိုစောနန္ဒဆူးက ၂ဝ၂၃ နှစ်ဆန်းမှာ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက် တဟုန်ထိုးမြင့်တက်လာတယ်လို့ ပြောပါတယ်။

“၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်းအထိ သုံးသိန်းကျော်ပေါ့။ အခု အထူးသဖြင့် ၂ဝ၂၃ နှစ်စောပိုင်း ဒီတစ်လ နှစ်လအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေက ဒီကရင်ပြည်နယ်ထဲမှာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတယ်။ အဲဒီအပေါ်မှာ IDP အရေအတွက်က တဟုန်ထိုး တိုးတက်သွားတယ်။ အခုဆိုရင် ငါးသိန်းကျော်သွားပြီ။ ဒီဒုက္ခသည်တွေကို အကူအညီပေးတဲ့အခါမှာ နယ်စပ်နဲ့ နီးတဲ့သူတွေအတွက် အဆင်ပြေပေမယ့် နယ်စပ်ဒေသနဲ့ အလှမ်းဝေးတဲ့နေရာတွေက IDP တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပို့ဆောင်ဖို့ အခက်အခဲရှိတယ်။”

KNU တပ်မဟာ ၅၊ ၆ နဲ့ တပ်မဟာ ၃တို့ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုခံရတဲ့နယ်မြေတွေဖြစ်ပြီး အဲဒီနယ်မြေ သုံးခုမှာ စစ်ဘေးဒုက္ခသည်အရေအတွက် ပိုများတယ်လို့ KHRG က ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးမှာပါဝင်နေကြသူတွေကို စစ်သင်တန်းတွေအပါအဝင် အကူအညီ၊ အထောက်အပံ့တွေ ပေးနေတဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဒီနှစ်အတွင်း လေကြောင်းကနေ ပိုပြီး ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ တပ်မတော်သားတွေက သုံးသပ်ကြပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အင်အားချိနဲ့နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ လေကြောင်းပစ်ကူတွေ လိုအပ်နေတယ်လို့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုနေကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းသတင်းရရှိဖို့ လိုအပ်တာကြောင့် အရပ်သားလေကြောင်းကင်းထောက်တွေကိုလည်း NUG က ဖိတ်ခေါ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။