စစ်ကောင်စီရဲ့ အကာအကွယ်ကို ဒရုန်းတွေ ကျော်လွှားနိုင်ပြီလို့ဆို
2023.09.25
စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ အမဲလိုက် တူမီးကနေ၊ လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်း၊ အဲဒီကနေ တစ်ဆင့်တက်ပြီး အဝေးထိန်း ခလုတ်နဲ့ ထိန်းချုပ်တဲ့ ဒရုန်း ခေါ် မောင်းသူမဲ့ယာဉ်ပျံတွေသုံး ပြီး ဗုံးချတိုက်ခိုက်တဲ့အဆင့်ထိ ရောက်လာခဲ့တာ တွေ့ရပါတယ်။
အခုနှစ်မှာဆိုရင် သုံးလာတဲ့ဒရုန်းအရေအတွက်ပိုများလာသလို၊ စစ်ကောင်စီရဲ့ ဒရုန်းရန် ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်တဲ့အခြေအနေတောင် ရောက်နေပြီလို့ ဒရုန်း တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံအနှံ့မှာ ဒရုန်းအစင်းရေပေါင်း ၄၀၀ ကျော် ဖြန့်ဝေထားတယ်လို့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။
"ပြုတ်သွားအောင် လုပ်နိုင်တဲ့ အဆင့်မဟုတ်ပေမယ့် ဒီဒရုန်းရဲ့ ဗုံးသီးချမှုတွေက စစ်ကောင်စီတပ်အတွက် အများကြီးအထိနာတယ်”
အခုဆိုရင် ဒရုန်းတွေရဲ့ စွမ်းဆောင်ရည်ဟာ အရင်ကထက် ပိုတိုးတက်နေပြီလို့ ကရင် ပြည်နယ် အခြေစိုက် Cloud Wings ဒရုန်းတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုငြိမ်းက RFA ကို ပြောပါတယ်။
“လက်ရှိမှာ ကျွန်တော်တို့စွမ်းဆောင်ရည်က မြင့်လာတဲ့ ကာလလို့ပြောလို့ရတယ်။ များများသယ် မြင့်မြင့်ပျံ၊ ဝေးဝေးပျံ၊ ပြီးရင် Jammer ကျော်ပေါ့နော် စသဖြင့် နည်းပညာပိုင်းဆိုင်ရာတွေကိုလည်း မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကြောင်းတွေ တော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာကို ကျွန်တော်တို့ တွေ့ရပါတယ်”
Cloud Wings ဒရုန်းတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ် မတ်လက ကရင်ပြည်နယ်မှာ စုဖွဲ့ခဲ့ပြီး ဒရုန်းစစ်ဆင်ရေးပေါင်း တစ်ရာကျော်လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒရုန်းတွေမှာ ဗုံးသီးမျိုးစုံကို ချိတ်ဆွဲပြီး ဝေဟင်ကနေ ကြဲချရတဲ့အတွက် ဗုံးသီးတွေအတွက် ကုန်ကျ စရိတ်ကလည်း စိန်ခေါ်မှုဖြစ်တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုငြိမ်းက ပြောပါ တယ်။
“အဓိကကြုံတွေ့ရတဲ့ အခက်အခဲကိုပြောပါဆိုရင်တော့ ဗုံးသီးရဲ့ ကုန်ကျစရိတ်ပေါ့။ ကျွန်တော်တို့ စစ်ဆင်ရေးတွေ ဆောင်ရွက်တိုင်း၊ ရန်သူကို တိုက်ခိုက်တိုင်း ကြဲချလိုက် တဲ့ ဗုံးသီးအရေအတွက် တွေနဲ့အတူ တက်လာတဲ့ ဗုံးသီးတွေရဲ့ ကုန်ကျစရိတ်ကတော့ Cloud Wings ဒရုန်းတပ်ဖွဲ့အတွက် အဓိက စိန်ခေါ်နေတဲ့ အခက်အခဲပဲ ဖြစ်ပါတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့က ရဲစခန်းနဲ့ စည်ပင်ခန်းမဆောင်ကို Cloud Wings ဒရုန်းတပ်ဖွဲ့က ၁၀၇ မမ ဗုံးသီးနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့မှာတော့ မြဝတီမြို့ပေါ်က ရဲစခန်းကို Federal Wings ဒရုန်း တပ်ဖွဲ့ က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခြေလျင်တပ်ရင်း ခလရ ၁၇၅ ယာယီ တပ်ရင်းမှူးအပါအဝင် စုစုပေါင်း ငါးဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေ ရှိခဲ့ပါတယ်။
အခုဆိုရင် ဒရုန်းတွေဟာ စစ်ကောင်စီတပ် ကြောက်လန့်ရတဲ့အထိ ဗျူဟာမြောက်နေပြီလို့ CDM လို့ခေါ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။
“အရင်တုန်းက စစ်တပ်က သူတို့ ချီစစ်တွေ၊ တိုက်စစ်တွေထွက်တဲ့အခါတိုင်း သူတို့ ကြောက်တာက မိုင်းပေါ့နော်။ လက်ရှိအချိန်မှာတော့ သူတို့ကို ပိုပြီးတော့ ကြောက်စေတဲ့ ထိခိုက်နေစေတဲ့ လက်နက်က ဒရုန်းတွေက ခံစစ်ရော ဘယ်အချိန်သွားသွား ဒရုန်းတွေ ကို နေ့ရော ညရော အချိန်အခါ မရွေး ကြောက်လန့်နေရတဲ့ဟာမျိုး ဖြစ်တယ် ပေါ့နော်။ လုံးဝ ဗျူဟာမြောက်တယ်ပေါ့နော်။ ပြုတ်သွားအောင် လုပ်နိုင်တဲ့ အဆင့်မဟုတ်ပေ မယ့် ဒီဒရုန်းရဲ့ ဗုံးသီးချမှုတွေက စစ်ကောင်စီတပ်အတွက် အများကြီးအထိနာတယ်”
စစ်ကောင်စီဘက်မှာလည်း Drone Guard လို့ခေါ်တဲ့ ဒရုန်းရန်ကာကွယ်ရေး စက်ပစ္စည်း တွေ ရှိနေပါ တယ်။ ဒါပေမဲ့ အဲဒီပစ္စည်းတွေက အရေအတွက်ကန့်သတ်ချက် ရှိတာရော အောက်ခြေတပ်သားတွေရဲ့ အသုံးပြုနိုင်တဲ့ စွမ်းရည် နည်းတာရောတွေ့ရတယ် လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက ဆိုပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ကဆိုရင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက နတ်ရေကန်ရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒရုန်းအပါအဝင် Jammer လို့ခေါ်တဲ့ ဆက်သွယ်ရေးရေဒီယိုလှိုင်း တွေဖြတ်နိုင်တဲ့ ပစ္စည်း အသုံးပြုထားတဲ့ကြားကပဲ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ (CDSOM) ရဲ့ တောင်ပံပါဒရုန်း (Fixed Wings) နဲ့ တိုက်ခိုက်တာခံခဲ့ရပါတယ်။
အခုလို ပြည်သူ့ကာကွယ်ရေးတပ်တွေကဘက်က ဒရုန်းတွေနဲ့ ပိုပြီးတိုက်ခိုက်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက် လို့ ဘယ်လိုဆောင်ရွက်နေလဲဆိုတာ စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့က အမှုဆောင် ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦးကို မေးမြန်းတဲ့အခါမှာတော့ -
“ဒရုန်းနဲ့ပတ်သက်ပြီးတော့ ဘာခြိမ်းခြောက်မှုရှိလာနိုင်လဲဆိုတော့ ကိုယ်မမြင်နိုင်တဲ့ အကွာအဝေး အတွင်းကနေ ဝင်လာနိုင်တယ်။ တစ်ခါတလေကျတော့ ထောက်လှမ်းဖို့ နည်းနည်းခက်ခဲတယ်။ အလစ်အငိုက် ဗုံးကြဲချတာမျိုး ဖြစ်တဲ့အခါကျတော့ အထိအခိုက် ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒါကို ကာကွယ်နိုင်တဲ့နည်းလမ်းကို တိတိကျကျ အသုံးချမယ် ဆိုရင်တော့ ဒါတွေနဲ့ ပတ်သက်လို့ ကာကွယ်မှုတွေက လုံခြုံမှုတွေ ဖြစ်လာမှာပဲ”
စစ်ကောင်စီဟာ အရေးပါတဲ့တပ်စခန်းနေရာတွေမှာ ဒရုန်းရန် ကာကွယ်ရေးပစ္စည်းတွေ အပြင် စက်သေနတ်တွေကိုပါ ဆင်ထားတယ်လို့ ဒရုန်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီ ဒရုန်းကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်နေပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။
“သူတို့ဒရုန်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ အားသာချက်၊ အားနည်းချက်တွေအတိုင်းပဲ သူတို့ဒရုန်းတွေကို ဖြိုခွင်းတဲ့ကိစ္စရပ်တွေ အခုအချိန်မှာ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ Jammer Frequency (ကြိမ်နှုန်း) တွေကိုလည်း သိရှိထားတဲ့အတွက် ကျော်ဖို့ဆိုတာလည်း တစ်နိုင်ငံလုံးမှာ လုံးဝအခက်အခဲမရှိတော့ဘူးဆိုတာလည်း ပြောချင်ပါတယ်”
စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒရုန်းဟာ စစ်ပွဲမှာ အခန်းကဏ္ဍ တစ်ခု အနေနဲ့ပဲ ရှိနေတယ်လို့ ရှုမြင်ပါတယ်။
“စစ်ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးတာက နှစ်ဖက်မှာပါဝင်နေတဲ့ စစ်သည်တွေရဲ့ တိုက်စိတ် ခိုက်စိတ် အဲဒါက ပိုပြီးတော့ အဓိကကျလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ တော်တော်ကောင်းမွန်ပြည့်စုံတဲ့ ဗျူဟာ၊ နည်းဗျူဟာတွေ၊ အဲဒါတွေပြီးမှ လက်နက်ခဲယမ်းမီးကျောက် ဆိုတဲ့ အဲဒီထဲမှာ ဒရုန်းလည်းပါတယ်ပေါ့ဗျာ။ ဒရုန်းက စစ်ပွဲတစ်ပွဲကို အဆုံးအဖြတ်ပေးဖို့အတွက် တတိယအဆင့်လောက်မှာပဲ ရှိပါတယ်”
၂၀၂၂ ခုနှစ်အတွင်းမှာ ဒရုန်းနဲ့တိုက်ခိုက်မှုပေါင်း ၆၄၂ ကြိမ်အထိရှိခဲ့တယ်လို့ ကရင်၊ ကယား၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ ဒရုန်းတပ်ဖွဲ့သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရ ပါတယ်။ ဒါပေမဲ့ အခု ၂၀၂၃ ခုနှစ်မှာ အကြိမ်ရေ ဘယ်လောက်ရှိပြီလဲဆိုတာတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာ မရှိသေးပါဘူး။