စစ်ကောင်စီ ရွေးကောက်ပွဲ နောက်ဆုတ်သွားမလား
2023.03.11
စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၂ဝ၂၄ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း လိုက်လံကောက်ယူသွားမယ်လို့ မတ်လ ၆ ရက်နေ့က ပြောလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ၂ဝ၂၃ ဩဂုတ်လမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပြီး သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲကို စစ်ကောင်စီက စီစဉ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ချက်တချို့ ထွက်ပေါ်လာပါတယ်။ ရွေးကောက်ပွဲ မကျင်းပဘဲ နိုင်ငံတော်အာဏာကို စစ်တပ်က ဆက်လက်ကိုင်စွဲထားနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေတာပါ။
သန်းခေါင်စာရင်း ကောက်မယ်ဆိုတာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ့် အကြောင်းပြချက်ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က သုံးသပ်ပါတယ်။
“ရွှေ့မှာပဲလေ။ တစ်သက်လုံးရွှေ့လာတာပဲ အခုမှ မဟုတ်ဘူး။ သူတို့ တိုင်းပြည်အာဏာကို ဆွဲနိုင်သမျှ ဆွဲမှာပဲလေ။ လောလောဆယ် သူတို့လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲက သူတို့အတွက် နိုင်ခြေလည်းမရှိဘူး အဲ့တော့ ရွှေ့မှာပဲ။ ၂ဝ၂၄ သန်းခေါင်စာရင်းကောက်ယူပြီးတဲ့အခါကျရင်လည်း အကြောင်းပြချက်ရှိလာဦးမှာပဲ(ရွေးကောက်ပွဲရွှေ့ဖို့)။ စစ်အာဏာရှင်တွေက သူတို့ရဲ့အာဏာစက်ကွင်းကို ရှည်သထက်ရှည်အောင် လုပ်မှာပဲ။”
စစ်အုပ်ချုပ်ရေးကာလ နောက်ထပ် သက်တမ်း ခြောက်လတိုးပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေအစည်းအဝေးမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲစာရင်းဟာ လူဦးရေနဲ့သန်းခေါင်စာရင်းကို အခြေခံပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တိကျမှန်ကန်တဲ့ စာရင်းဇယားအချက်အလက်တွေရဖို့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူဖို့လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်းပြုစုနိုင်မှာဖြစ်တယ်ဆိုတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောဆိုချက်အရ ရွေးကောက်ပွဲက ဒီနှစ်အတွင်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ ယူဆချက်တွေ ရှိနေတာပါ။
နိုင်ငံရေးလေ့လာသူ ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်ကောင်စီက ရွေးကောက်ပွဲကို မကျင်းပဘဲ အကြောင်းပြချက် အမျိုးမျိုးနဲ့ ရွှေ့နေမှာပဲလို့ သုံးသပ်ပါတယ်။
“ဖြစ်နိုင်သမျှ သူက(စစ်ကောင်စီ) အာဏာပြန်မပေးတော့ဘူးလေ။ မပေးပုံ မပေးနည်းပဲ စောင့်ကြည့်ရမှာ။ အဲဒါကြောင့်မို့ သူက ရွေးကောက်ပွဲတွေကို အကြိမ်ကြိမ်ရွှေ့မှာ။ အဓိကက တိုင်းပြည်အာဏာကို ပြန်မပေးချင်လို့ အကွက်တွေ မျိုးစုံလုပ်နေမှာပဲ။”
တစ်ဘက်မှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်မယ့်နယ်မြေတချို့မှာပဲ မဲဆန္ဒရှင်စာရင်း ကောက်ယူပြီး ရွေးကောက်ပွဲ ကျင်းပသွားနိုင်ခြေရှိတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
“၂ဝ၂၄ မှာ သန်းခေါင်စာရင်းကောက်မယ်ဆိုတာ ၂ဝ၁၄ တုန်းက ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းရှိတယ်။ အဲဒါက သန်းခေါင်စာရင်းရဲ့ ထုံးစံအတိုင်း ၁၀ နှစ်ပြည့်ရင် ပြန်ကောက်ဖို့ လိုတဲ့ သဘောသဘာဝရှိတယ်။ အဲ့ဟာအတွက် ပြောတယ်လို့ ယူဆလို့ရတယ်။ တစ်ဘက်မှာလည်း သန်းခေါင်စာရင်းနဲ့ မပတ်သက်ဘဲ သူတို့(စစ်ကောင်စီ) ကောက်လို့ရတဲ့နေရာတွေမှာ မဲစာရင်း စစ်ဆေးတာတွေ ရပ်ကွက်တချို့မှာ လိုက်ကောက်နေတဲ့၊ လိုက်ကောက်လက်စတွေ ရှိတယ်။ အဲ့တော့ ဒါက ကိစ္စနှစ်ရပ် သပ်သပ်စီဖြစ်မယ်လို့ ထင်တယ်။ မဲစာရင်းကောက်တဲ့ အချက်အလက်က တမျိုးဖြစ်မယ်၊ သန်းခေါင်စာရင်းအတွက် ကောက်ရတဲ့အချက်အလက်က တမျိုးဖြစ်လိမ့်မယ်။ မဆိုင်ဘူးလို့ ယူဆလို့ရတယ်။ ရွေးကောက်ပွဲက သူ(စစ်ကောင်စီ)ပြောထားသလို ဩဂုတ်အတွင်း ဖြစ်မယ် မဖြစ်ဘူးဆိုတာက သာမန်အခြေအနေ ဟုတ်ခြင်း မဟုတ်ခြင်းဆိုပြီး ခြောက်လ ယူလိုက်တဲ့အပေါ်မှာ စောင့်ကြည့်ရမှာ။ ဒီခြောက်လအတွင်း သာမန်အခြေအနေဖြစ်အောင် ထိန်းနိုင်တယ်လို့ သူတို့ဘာသာသူတို့ယူဆတယ်ဆိုရင်တော့ ရွေးကောက်ပွဲ လုပ်ကို လုပ်မယ့်သဘောရှိတယ်။ လုပ်မယ်ဆိုတာမှာလည်း ပုံမှန်မဲရုံဖွင့်ဖို့ ခက်ခဲတဲ့နေရာတွေမှာ အီလက်ထရောနစ်နည်းလမ်းတွေနဲ့ လုပ်ဖို့ ပြင်ဆင်နေတာတွေ ရှိတယ်လို့ တွေ့ရတယ်။ ဒါကတော့ ရွေးကောက်ပွဲ အမြန်ဆုံး လုပ်ချင်နေတဲ့သဘောရှိတယ်။”
နိုင်ငံရေး လေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုး ပြောသွားတာပါ။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်တဲ့ ဒေါ်မြနန္ဒာသင်းကလည်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူတာနဲ့ မဲဆန္ဒရှင်စာရင်းပြုစုတာက ကွာခြားတာကြောင့် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်တာ တိုက်ရိုက်ဆက်စပ်မှုမရှိဘူးလို့ ပြောပါတယ်။
“သန်းခေါင်စာရင်းကောက်တာနဲ့ မဲစာရင်းကတော့ မတူဘူးပေါ့နော်။ အဲ့နှစ်ခုက ကွဲပြားတာဖြစ်တော့ သန်းခေါင်စာရင်း ကောက်သည်ဖြစ်စေ၊ မကောက်သည်ဖြစ်စေ ရွေးကောက်ပွဲနဲ့တော့ သိပ်တော့ မဆက်စပ်ဘူး။ စစ်ကောင်စီက သူ့လုပ်ငန်းသဘောတရားအရတော့ ဆက်သွားနေတယ်။ ဥပမာ ပါတီမှတ်ပုံတင်တဲ့ကိစ္စတွေ ဆက်လုပ်နေတယ်။ မှတ်ပုံတင်တဲ့ပါတီတွေကလည်း တင်နေကြတယ်ဆိုတော့လေ။ တိုက်ရိုက်အားဖြင့်တော့ မဆက်စပ်ဘူး။ မှီငြမ်းမယ်ဆိုရင်တော့ ဒါ သန်းခေါင်စာရင်းကောက်လိုက်တယ်ဆိုရင် ၁၈ နှစ်အထက် ဘာညာတော့ ရနိုင်တယ်။ ဒါပေမဲ့ မဲစာရင်းကတော့ ရွှေ့ပြောင်းတဲ့ကိစ္စတို့ ကြိုတင်မဲတို့ ဒါတွေလိုတော့ တိုက်ရိုက်တော့ သိပ်မဆက်စပ်ဘူး။”
အခုလိုသန်းခေါင်စာရင်းကောက်ယူမယ့်ကိစ္စကြောင့် ရွေးကောက်ပွဲ နောက်ဆုတ်သွားမလားဆိုတဲ့ ယူဆချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ရွေးကောက်ပွဲ ကျင်းပခြင်း မကျင်းပခြင်းဟာ နယ်မြေထိန်းချုပ်နိုင်မှုအပေါ်မှာသာ မူတည်တယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲလုပ်မယ်ဆိုတာလည်း ပြောထားပြီးသားပါ။ အဓိကကတော့ မြေပြင်အခြေအနေအပေါ်မှာပဲ မူတည်ပြီး ရွေးကောက်ပွဲက သွားမှာပါ။ မြေပြင်မှာလည်း အခြေအနေ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားဖို့အတွက် နယ်မြေထိန်းသိမ်းမယ့် လှုပ်ရှားမှုတွေ အများကြီးရှိတာပေါ့လေ။ နယ်မြေငြိမ်းချမ်းတဲ့အပေါ်မှာ မူတည်ပြီး ရွေးကောက်ပွဲက သွားမှာဖြစ်တဲ့အတွက် သန်းခေါင်စာရင်းကောက်တဲ့ကိစ္စကတော့ တိုက်ရိုက်ကြီးသက်ဆိုင်တယ်လို့ ပြောလို့မရဘူး။ အဓိကက မြေပြင်အခြေအနေကို ဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ လောလောဆယ် ရွေးကောက်ပွဲနောက်ဆုတ်ဖို့ဆိုတာထက် ဆက်တိုက်တော့ သွားနေတာပါပဲ။ ရွေးကောက်ပွဲလုပ်နိုင်ဖို့ အားလုံးပြင်ဆင်နေတာရှိတော့ မြေပြင်အခြေအနေကို တော်တော်လေးထိန်းချုပ်နိုင်တယ်ဆိုရင် သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းသွားမှာပါ။ ကြားထဲမှာ မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုခု ပေါ်ပေါက်လာရင်သာ ပြောင်းလဲကောင်း ပြောင်းလဲပါလိမ့်မယ်။ ရွှေ့မယ်ဆိုရင်လည်း ကျွန်တော်ထင်ပါတယ် အများဆုံး ခြောက်လလောက် ထပ်ရွေ့သွားတာကလွဲပြီး ကျန်တဲ့အပြောင်းအလဲ ဖြစ်လာနိုင်စရာအကြောင်းဘူး။ အထူးသဖြင့်ကတော့ လုံခြုံရေးဆိုတဲ့အကြောင်းပြချက်တစ်ခုပါပဲ၊ ကျန်တဲ့အပိုင်းနဲ့ကတော့ ရွှေ့စရာအကြောင်းမရှိဘူးလို့ သုံးသပ်ပါတယ်။ သန်းခေါင်စာရင်းက နဂိုကတည်းက plan ချပြီးသားပါ။ ”
စစ်ကောင်စီက ၂ဝ၂၁ ခုနှစ်ကုန်လောက်ကတည်းက ၂ဝ၂၄ သန်းခေါင်စာရင်းကောက်မယ့်အစီအစဉ်ကို ပြင်ဆင်နေတာ တွေ့ရပါတယ်။ ၂ဝ၂၂ ဇွန်လမှာတော့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ဖွဲ့စည်းပြီး နာယကအဖြစ် စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့က တာဝန်ယူလုပ်ကိုင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို ပြည်တွင်း တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ဆန့်ကျင်ထားပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအသစ်တွေ ပြဋ္ဌာန်းပြီး ပါတီတည်ထောင်ခွင့် လျှောက်ထားစေတာ စတဲ့ လုပ်ငန်းစဉ်တွေကို ပုံမှန် လည်ပတ်နေပါတယ်။ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ အခုဆိုရင် ပါတီမှတ်ပုံတင်ခွင့်၊ တည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီ ခန့်ရှိနေပါပြီ။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးမှ စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပမလား၊အရေးပေါ်ကာလ သက်တမ်းတိုးထားတဲ့ ခြောက်လနောက်ပိုင်း ရွေးကောက်ပွဲကျင်းပနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။