သဘာဝဘေးကို အကြောင်းပြပြီး စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နိုင်ကြောင်း NUG ပြော

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.09.20
သဘာဝဘေးကို အကြောင်းပြပြီး စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နိုင်ကြောင်း NUG ပြော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က လိုက်လံကြည့်ရှု့နေစဉ်။
Myanmar Military

နာဂစ်မုန်တိုင်းဘေးသင့်ချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းခဲ့သလို ရာဂီမုန်တိုင်းသင့်ချိန်မှာ သဘာဝ ဘေးကို အကြောင်းပြုပြီး စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နိုင်တာကို သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။

စစ်ကောင်စီဟာ ရာဂီမုန်တိုင်းဘေးကို အကြောင်းပြုပြီး နိုင်ငံတကာတရားဝင်မှုကို မဖြစ်မနေ ကြိုးပမ်း လာနိုင်တယ်လို့ သူကပြောပါတယ်။

“သဘာဝဘေးအန္တရာယ်ကို သူတို့ရဲ့ အကျိုးစီးပွားများအတွက် မဖြစ်မနေ အသုံးချပါလိမ့်မယ်၊ နေပြည်တော်နဲ့ မြို့ကြီးအနည်းစုကို ထိန်းချုပ်ထားနိုင်သေးတဲ့ စစ်အုပ်စုဟာ နိုင်ငံတကာ အကူအညီတွေကို ရယူပြီး သူတို့ ကူညီကယ်ဆယ်နေသလို ဆောင်ရွက်တာ၊ နိုင်ငံတကာနေ သူတို့ကို အသိအမှတ်ပြုလာအောင် ဆောင်ရွက်တာတွေ ကြိုးပမ်းလာမှာဖြစ်ပါတယ်”

စက်တင်ဘာ ၁၇ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က အောက်တိုဘာ ၁ ရက်နေ့မှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်တော့မှာဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ဆုံး ပြန်အောင်လုပ်ဖို့ လိုတယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာက ထောက်ပံ့တဲ့ ရေဘေးကယ်ဆယ်ရေး ပစ္စည်းတွေ ဝေငှတာကနေ ရွေးကောက်ပွဲအတွက် သန်းခေါင်းစာရင်းကောက်တာကို ပူးတွဲလုပ်ဆောင်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။

“စားနပ်ရိက္ခာတွေလိုချင်လား၊ အိမ်ဆောက်တဲ့ ပစ္စည်းတွေလိုချင်လား၊ ချေးငွေတွေလိုချင်လား အကုန်လုံး တနေရာတည်းမှာစုလိုက်။ သန်းခေါင်စာရင်းတွေပေး၊ အတိအကျပေး၊ မပေးလို့ရှိရင် စောစောကဟာတွေ မပေးဘူးဆိုပြီး အဲ့လိုနည်းနဲ့ သန်းခေါင်စားရင်းတွေကောက်ယူရေးကို အောင်မြင်အောင်လုပ်လိမ့်မယ်၊ ကျွန်တော်တို့ဟာ မဲစာရင်းတွေလည်းကောက်ပြီးပါပြီ၊ တရားမျှတတဲ့ ရွေးကောက်ပွဲကြီးလုပ်မှာပါ၊ ဒီလိုလည်း ပြောလိမ့်မယ်”

မြန်မာပြည်ရေဘေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က ယူရိုငွေ ၁.၂ သန်း၊ နော်ဝေနိုင်ငံက ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) နဲ့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ငါးသိန်း ကူညီမယ်လို့ပြောထားသလို စင်ကာပူတပ်မတော်က အသင့်စားရိက္ခာတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မြန်မာအပါအဝင် မုန်တိုင်းသင့်နိုင်ငံတွေကို ကူညီမယ်လို့ ပြောထားပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) ကလည်း မြန်မာပြည်က ရေဘေးသင့်ပြည်သူ ငါးသိန်းခန့်အတွက် တစ်လစာ စားနပ်ရိက္ခာတွေ တိုက်ရိုက်ဖြန့်ဝေမယ်လို့ ပြောထားပါတယ်။

နိုင်ငံတကာရဲ့ထောက်ပံ့မှုတွေကို စစ်ကောင်စီက သူတို့ရိက္ခာအတွက် ဖြတ်တောက်ယူထားပြီး ပြည်သူတွေ လက်ထဲ အပြည့်အဝမရောက်မှာကို စိုးရိမ်တယ်လို့လည်း ဦးကြီးမြင့်က ဆက်ပြောပါတယ်။

NUG ရဲ့ စာရင်းတွေအရ ရာဂီမုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးမှု သိန်းဂဏန်းနီးပါး၊ ရေဘေးရှောင်စွန့်ခွာရသူ သုံးသိန်းခန့်နဲ့ အသက်ဆုံးရှုံးရသူရာနှင့်ချီ ရှိနေပြီလို့ ဆိုပါတယ်။

ဒီလိုရေဘေးကြုံနေရချိန်မှာတောင် စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်းက နောင်ချို၊ လားရှိုးနဲ့ ကရင်ပြည်နယ်က မြဝတီမြို့နယ်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စာသင်ကျောင်း၊ ဓမ္မာရုံနဲ့ လူနေရပ်ကွက်တွေကစလို့ UN ရုံးပါမချန် ဗုံးကြဲနေတယ်လို့ NUG ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။


ဆက်နွှယ်သော သတင်းများ

ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ သုံးရာကျော် အထိ ရှိလာ

မုန်တိုင်းကြောင့်သေဆုံးသူ မြန်မာက ဒုတိယဖြစ်ပြီး ပျောက်ဆုံးသူ အများဆုံးဖြစ်နေ

ကယားနဲ့ ပဲခူးအတွက် ရေဘေးအကူအညီ စစ်ကောင်စီပိတ်ပင်မှုတွေ ရှိနေ


စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး တဖက်မှာ နိုင်ငံတကာအကူအညီနဲ့ မဲဆွယ်စည်းရုံး ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

“နေ့စဉ်နေ့တိုင်း လေယာဉ်နဲ့ဗုံးကြဲနေတာ၊ လူတွေသေကြေနေတဲ့ အနိဋ္ဌာရုံတွေက ပြည်သူတွေက မေ့ပျောက်သွားမှာမဟုတ်ဘူး၊ သူအနေနဲ့ ရွေးကောက်ပွဲကို ရည်မှန်းပြီး စည်းရုံးရေးလုပ်တဲ့အတွက် ပြည်သူတွေက သူ့ဘက်ကိုပါလာပြီး သူ့ဘက်ကလုပ်ရပ်တွေကို ပြည်သူတွေက မေ့သွားမယ်ဆိုတာကတော့ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး”

စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ တိုင်းနဲ့ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ ရေကြီးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၉ ရက်ကနေ ၁၉ ရက်အထိ RFA က ပြုစုထားတဲ့ စာရင်းအရ ရေဘေးကြောင့် သေဆုံးသူ ၃၀၃ ယောက်ရှိပြီး လူနှစ်ရာထက်မနည်း ပျောက်ဆုံးနေပါတယ်။ မြေပြင်မှာ ဒီအရေအတွက်ထက် ပိုများနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။