လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ကောင်စီ ဆက်လက်ကျူးလွန်ခဲ့ကြောင်း HRW ဖော်ပြ
2024.01.12
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးစုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်ခဲ့တယ်လို့ ဇန်နဝါရီ ၁၁ ရက်ကထုတ်ပြန်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ ကမ္ဘာလုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
နိုင်ငံအနှံ့ ပြည်သူတွေကို အပြစ်မရှိဘဲဖမ်းဆီးတာ၊ ချုပ်နှောင်ထားချိန် နှိပ်စက်ညှဉ်းပန်းတာ၊ တရားစီရင်မှုမရှိဘဲ သတ်ဖြတ်တာနဲ့ ပြည်သူတွေအပေါ် အလွန်အကျွံ အင်အားသုံး တိုက်ခိုက်တာတွေ ဆက်လက် ကျူးလွန်နေတာလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးချိန်မှာရော အာဏာမသိမ်းခင်ကပါ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေး အရေးယူခံရတာ မရှိသေးဘူးလို့လည်း (HRW) ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson ကလည်း လွန်ခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးသထက် ဆိုးလာတယ်လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဆိုးသထက် ဆိုးလာခဲ့ပါတယ်။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကရော၊ မြေပြင်ကပါ တိုက်ခိုက်တာတွေကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်။ ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုတာ ထင်ရှားတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးချုပ်နှောင်တာ တွေ၊ နှိပ်စက်ညှဉ်းပန်းတာတွေလည်း လုပ်ခဲ့တယ်”
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် ပိတ်ဆို့ အရေးယူမှု တွေ ပိုပြီးလုပ်ဖို့လိုအပ်တယ်လို့ Phil Robertson က ဆိုပါတယ်။
ဧပြီ ၁ဝ ရက်က ချင်းပြည်နယ် လေကြောင်းတိုက်ခိုက်မှု၊ မေလ ၂ ရက်က ပဲခူးတိုင်း လေကြောင်းတိုက်ခိုက်မှု၊ ဂျပန်နိုင်ငံအထောက်အပံ့နဲ့ တည်ဆောက်ထားတဲ့ မကွေးတိုင်းကဆေးရုံကို ဧပြီလ ၂၁ ရက်မှာ တိုက်ခိုက်မှုနဲ့ မတ်လက ရှမ်းပြည်နယ်မှာ လူ ၂၂ ဦးကို အပြစ်မရှိဘဲ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ စစ်ပွဲဆိုင်ရာဥပဒေတွေကို ချိုးဖောက်တာလို့ (HRW) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
"စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကရော၊ မြေပြင်ကပါ တိုက်ခိုက်တာတွေကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်"
ဒါ့အပြင် အောက်တိုဘာ ၉ ရက်မှာ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုကတော့ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၁ ရက်က ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၆၀ ထက်မနည်းသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ပဇီကြီးရွာတိုက်ခိုက်မှုဟာလည်း နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ (HRW) က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း ပဇီကြီးရွာဖြစ်ရပ်ဟာ စစ်ကောင်စီ အနေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“ဒီပဇီကြီးဖြစ်စဉ်သည် နှိမ်နင်းခံရသည့်နေရာသည် စစ်ရေးပစ်မှတ်မဟုတ်ဘူး။ အရပ်ဘက် အရပ်သားတွေ၊ နိုင်ငံသားတွေစု ဝေးနေကြတဲ့နေရာဖြစ်တယ်။ ဒါကိုခိုင်လုံသော အကြောင်းပြချက်မရှိဘဲနဲ့ ဒီမှာ PDF တွေ၊ တစ်နည်းအားဖြင့် တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်သူတွေ စုဝေးနေတယ်ဆိုတဲ့ မရေရာတဲ့သတင်းနဲ့ သတင်းကို အတည်မပြုဘဲနဲ့ ပစ်ခတ်မှုပြုလိုက်တဲ့အခါမှာ အရပ်ဘက် ကလေးတွေ အပါအဝင် အရပ်သားတွေ သေဆုံး သွားတယ်။ အဲတော့ ဒါသည် ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်တော့ စစ်ရာဇဝတ်မှုမြောက်တဲ့ ပြုလုပ်မှုဖြစ်တယ်”
နိုင်ငံတကာတရားရုံးတွေဟာ စနစ်ကျပေမယ့် လုပ်ငန်းစဉ်နှေးကွေးတာကြောင့် စစ်ကောင်စီကို အရေးမယူတာ မဟုတ်ဘဲ အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက် ဆောင်ရွက်နေဆဲသာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပစ်မှတ်ထားဖမ်းဆီးတာ မြင့်တက်လာသလို အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၂၄ဝဝဝ ကျော် ဖမ်းဆီးခံခဲ့ရပြီး လေးထောင်လောက် သတ်ဖြတ်ခံခဲ့ရကြောင်း (AAPP)ရဲ့ စာရင်းတွေကိုပါ ကိုးကား ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရှေ့နေတွေဟာလည်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အလုပ်လုပ်ဖို့ ခက်လာတယ်လို့ (HRW) က ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို ရှေ့နေကိုယ်စားပြုမှုမရှိဘဲ ထောင်တွင်း အထူးတရားရုံးတွေကနေ အမြန်စီရင်ချက် ချနေသလို စစ်ကောင်စီပေးနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာလည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲ ပါဝင်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူ ဦးအောင်မျိုးကျော်ကလည်း စစ်တပ် အာဏာသိမ်းပြီးကတည်းက ဆန့်ကျင်သူတိုင်း မတရားဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခံရတာအပြင် သတ်ဖြတ်တာပါခံနေရပြီး အခုနောက်ပိုင်း ပိုဆိုးလာတယ်လို့ RFA ကို ပြောပါတယ်။
“စစ်အုပ်စုကတော့ဗျာ အာဏာစသိမ်းတဲ့အချိန်ကစပြီး တော့ သူ့ကိုဆန့်ကျင်တဲ့ သူတွေကို မတရားဖမ်းတာတွေ၊ မတရားသတ်ဖြတ်တာတွေ၊ မတရားညှဉ်းပန်းနှိပ်စက် တဲ့ကိစ္စတွေကို ဆက်တိုက်ကျူးလွန်နေတာ ဒီဘက် နောက်ပိုင်းမှာတော့ ပိုပြီးတော့ ဆိုးဆိုးရွားရွားတွေ ဖြစ်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ကတော့ စပြီးဖမ်းတဲ့အချိန်ကတည်းက မတရားဖမ်းဆီးခံရတာဖြစ်တယ်။ ပြီးတဲ့အခါကျတော့ စစ်ကြောရေးတွေမှာ မတရား ညှဉ်းပန်းနှိပ်စက်ခံရတယ်။ အကျဉ်းထောင်တွေထဲ ရောက်ပြီးတဲ့ အခါကျတော့ တရားရုံးတွေမှာလည်း မတရားတဲ့ဥပဒေတွေ သူတို့အမိန့်ချ ချင်သလို ချတယ်။ နှစ်ကြီးတွေ အများကြီးချလာတာကို တွေ့ရတယ်ပေါ့နော်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျဉ်းထောင်တွေဆိုလို့ရှိရင်လည်း ညှဉ်းပန်း နှိပ်စက်ခံရမှုတွေက နေ့စဉ်ကြားတွေ့ နေရတယ်”
မြန်မာစစ်တပ်ဟာ ၂၀၂၃ ခုနှစ်မှာ ချင်း၊ ကချင်၊ ကရင်နဲ့ ကရင်နီပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်ခဲ့ပြီး အချို့ဒေသတွေမှာ ရာခိုင်နှုန်းသုံးရာခန့်အထိ တိုးလာတယ်လို့ (HRW) က သုံးသပ်ထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူနှစ်သန်းနီးပါး စစ်ဘေးရှောင်နေကြရပြီး ကိုးသောင်းကျော် အိမ်နီးချင်းနိုင်ငံတွေထဲကို ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။
အမည်မဖော်လိုတဲ့ NGO အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီနဲ့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြည်တွင်းစစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့ကူညီမယ့် အဖွဲ့အစည်းတွေအပေါ် လွတ်လပ်စွာ သွားလာခွင့် ပေးစေချင်တယ်လို့ ပြောပါတယ်။
“ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့က လူသားချင်းစာနာမှုကိုပဲ အဓိကလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေပေါ့နော်။ ကျွန်တော်တို့က မည်သည့်နိုင်ငံရေး အရောင်အသွေးမှ မပါဘဲနဲ့ လိုအပ်နေသူတွေထံကို လိုအပ်တဲ့အကူအညီတွေ အချိန်မီရောက်ရှိရေးကို ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေသာ ဖြစ်ပါတယ်ပေါ့။ ဆိုတော့ ဘယ်အဖွဲ့ အစည်းပဲ ဖြစ်ဖြစ်၊ SAC ဘက်ကပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကပဲ ဖြစ်ဖြစ်ပေါ့ ဒါလေးကို နားလည်မှုပေးပြီးတော့ ကျွန်တော်တို့ကို အဓိကကတော့ ခရီးသွားလာခွင့်အပါအဝင် အကူအညီပေးရေးတွေကို ခွင့်ပြုပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ခုနပြောတဲ့ လက်နက်ကိုင်ပဋိပက္ခကနေပြီး ဒီခံစားနေရတဲ့ လူထုထံကိုပေါ့ ကျွန်တော်တို့ရဲ့ အကူအညီတွေအမြန်ဆုံးရောက်ရှိရေး အဲဒါလေးကိုပဲ စဉ်းစားပေးစေ ချင်ပါတယ်”
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်ထပ်တိုးလာပြီး ပြည်သူတွေ ဟာ လေကြောင်းနဲ့ မြေပြင်တပ်တွေရဲ့ တိုက်ခိုက်မှုတွေကို ထပ်ပြီးခံနေရတယ်လို့ (HRW) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီတွေ သွားပေးခွင့် မပြုတာ၊ ဒေသတစ်ခုကို ဖြတ်လေးဖြတ်နည်းလမ်းနဲ့ အားနည်းအောင်လုပ်ပြီး ပြည်သူတွေကို စုပေါင်းအပြစ်ပေးတဲ့ နည်းလမ်း ကျင့်သုံးနေ တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက လူသားချင်းစာနာမှုအကူ အညီပေးတဲ့ အဖွဲ့အစည်းတွေကို တားမြစ်ပိတ်ပင်တာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
“ဒါမဖြစ်သင့်ဘူးပေါ့။ ဘာလို့လဲဆိုတော့ တချို့တွေဆို အခုသိန္နီလိုမျိုး၊ ကွတ်ခိုင်လိုမျိုး ဟိုဘာလဲ နမ္မတူလိုမျိုး၊ နမ့်ခမ်းလိုမျိုး အဲလိုမျိုးနေရာတွေဆို ပြည်သူတွေက ထွက်သာ ထွက်တာလေ တချို့ဆိုမထွက်တာတွေရှိတယ် လေ။ မထွက်တာတွေရှိတယ်။ ကိုယ့်အိမ် စောင့်တဲ့သူတွေရှိတယ်။ တချို့မိသားစုလုံးလုံးမထွက်လာတဲ့ဟာတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေသေကြေကြေ ကိုယ့်အိမ်မှာပဲနေမယ်ဆိုတဲ့ သူတွေရှိတယ်။ အဲလို မျိုးတွေကို သွားထောက်ပံ့မယ့် ဟာတွေရှိတယ်။ ဒါပေမဲ့ သူတို့က ဘယ်လိုသွားတွက်လဲ ဆိုတော့ အဲဒီဒေသမှာရှိတဲ့ စစ်သား တွေကို ဒီတော်လှန်ရေးအဖွဲ့တွေကို သွားကူညီမယ် ဆိုတဲ့ အသိစိတ်တစ်ခုနဲ့ သူတို့ကဖြတ်တောက်တာကိုး။ တားဆီးတာကို အဲလိုမျိုးတွေ ပေါ့ ဒါကတော့မဖြစ်သင့်ဘူး ”
စစ်ကောင်စီဟာ ပြီးခဲ့တဲ့မေလကလည်း ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်း တိုက်ခတ်အပြီး အကူအညီလိုနေတဲ့ ပြည်သူရှစ်သန်းနီးပါးကို အကူအညီပေးမယ့်အဖွဲ့တွေ မသွားနိုင်အောင် နည်းအမျိုးမျိုးနဲ့ ကန့်သတ်ခဲ့တယ်လို့ လည်း (HRW) က ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာကျန်နေတဲ့ ရိုဟင်ဂျာခြောက်သိန်းလောက်ဟာ အခြေခံ လူ့အခွင့်အရေးတွေမရှိဘဲ ဆက်ပြီး နေကြရကြောင်းနဲ့ မိုခါမုန်တိုင်းတိုက်ချိန်မှာလည်း စစ်ကောင်စီဟာ ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာတွေ အတွက် အချိန်မီသတိပေး ပြင်ဆင်တာ၊ ရွှေ့ပြောင်းပေးတာတွေ လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ဒုက္ခသည်တစ်ဦးကတော့ လက်ရှိအချိန်အထိ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ RFA ကို ပြောပါတယ်။
“အဓိကတော့ စားရေးသောက်ရေးပဲ။ WFP ကထောက်ပံ့တဲ့ ရိက္ခာမှအပ မှီခိုအားထားစရာမရှိတဲ့အတွက် မလုံလောက်ဘူး။ အခုလည်း တစ်နေ့ကို ပိုက်ဆံတစ်ထောင်ရတယ်။ ပိုက်ဆံတစ်ထောင်နဲ့ မုန့်ဖိုးတောင် မပိုင်ဘူး။ နေတာထိုင်တာလည်း ကျွန်တော်တို့ လွယ်လွယ်ကူကူနေတာမှ မဟုတ်တာ။ အခက်အခဲပေါင်းစုံနဲ့ အမိုးအကာမရှိ အဲဒီလို နေကြတာပေါ့နော်”
အလားတူ အိမ်ထောင်စု ၂၇၀၀ ကျော် လူဦးရေတစ်သောင်းကျော် ခိုလှုံနေတဲ့ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီမရတာ နှစ်လရှိလာတာကြောင့် ထမင်းငတ်မယ့်အခြေအနေ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
(HRW) ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီဟာ (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီ လေးဆယ်ကျော်ကို ဖျက်သိမ်းခဲ့ပြီး ရွေးကောက်ပွဲတိုင်းမှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်းရယူမယ့်အပြင် စစ်တပ်ထောက်ခံတဲ့ ပါတီတွေကပဲ လွှမ်းမိုးထားမှာဖြစ်လို့ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ကျင်းပဖို့ အလားအလာ မရှိဖြစ်နေတယ်လို့လည်း (HRW) က သုံးသပ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မြန်မာပြည်သူ ၅၁ သန်းလုံးရဲ့ ဇီဝဆိုင်ရာမှတ်တမ်း အချက်အလက်(biometric) တွေကို စတင်စုဆောင်းနေပြီး မပြတ်စောင့်ကြည့်မယ့် စနစ်ကြောင့်ပြည်သူတွေရဲ့လွတ်လပ်ခွင့် ဆုံးရှုံးလာမယ့်အပြင် လူနည်းစုတွေရဲ့ အခွင့်အရေးတွေလည်း ချိုးဖောက်ခံလာရမှာဖြစ်တယ်လို့ (HRW) က ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ၊ လိင်တူချင်းချစ်သူ LGBT တွေဟာလည်း စစ်ကောင်စီတပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုတွေ ကြုံနေရတယ်လို့ (HRW) က ထည့်သွင်းဖော်ပြထားပါတယ်။