စစ်ကောင်စီရဲ့ အင်တာနက်စောင့်ကြည့်ကော်မတီဟာ ပိုမိုဖိနှိပ်ဖို့လို့ သုံးသပ်နေကြ

RFA Burmese
2024.01.24
စစ်ကောင်စီရဲ့ အင်တာနက်စောင့်ကြည့်ကော်မတီဟာ ပိုမိုဖိနှိပ်ဖို့လို့ သုံးသပ်နေကြ ရန်ကုန်မြို့က လူမှုကွန်ရက်မီဒီယာ အသုံးပြုနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ရစဥ်။
Reuters

စစ်ကောင်စီဟာ ပြည်သူတွေ အွန်လိုင်းအင်တာနက်မှာ ရေးသားပြောဆို ဝေငှနေတာကို စောင့်ကြည့်အရေးယူမယ့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

ကော်မတီကို ပြည်ထဲရေးဌာန ဒု-ဝန်ကြီးက ဦးဆောင်ရမှာဖြစ်ပြီး မတီဝင်တွေအဖြစ် ပို့ဆောင်ဆက်သွယ်ရေးဌာန၊ ဥပဒေရေးရာဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေအပြင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးက ကိုယ်စားလှယ်တစ်ဦးနဲ့ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်တို့ပါပြီး စုစုပေါင်း ၁၁ ယောက်ကို တာဝန်ပေးလိုက်တဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ကို ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် မြန်မာနိုင်ငံ ပြန်တမ်းစာစောင်မှာ ဖော်ပြခဲ့ပါတယ်။

အင်တာနက်ပေါ်မှာ သတင်းတု သတင်းမှား တင်တာ၊ မဖွယ်မရာတင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ဥပဒေအရ တားမြစ်အရေးယူ ဆောင်ရွက်ဖို့ ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။

“လူထုကြား သတင်းတွေဖြန့်ဝေနေတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးစားနေတယ်”

အခုလို ကော်မတီဖွဲ့လိုက်တာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်ကန့်သတ်ဖို့ ကြိုးစားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့သား တစ်ယောက်က ပြောပါတယ်။

“အွန်လိုင်းပေါ်မှာ အချက်အလက်တွေ ရှာဖွေပြီးတော့ ဖွင့်ချတာတို့ အရေးယူတာတို့ နေ့တိုင်း ကျွန်တော်တို့ သတင်းတွေမှာ တွေ့နေရတယ်လေ။ တွေ့နေရတဲ့အခါကျတော့ ဒီဟာက ဒီလောက် လုပ်နေတာထက်ကို သူတို့ဘက်က မလုံလောက်နိုင်ဘူးပေါ့နော်။ ကျွန်တော်တို့အပေါ်မှာဖိနှိပ်ဖို့ ဒီကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိုကန့်သတ်ဖို့အတွက် ကြိုးစားနေသရွေ့ ကျွန်တော်တို့ အသေကျပ် အနေကျပ်ဖို့အတွက် သူတို့က အမြဲ အားထုတ်နေတယ်လို့ မြင်မိပါတယ်ခင်ဗျ”

လူထုကြား သတင်းတွေဖြန့်ဝေနေတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးစားနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းစာဆရာ တစ်ယောက်ကလည်း ဝေဖန်ပါတယ်။

“ဒီအင်တာနက်ပေါ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရယ် နောက်သတင်းဖြန့်ဝေနေတဲ့ဟာတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာပေါ့နော်။ နောက်တစ်ခုကတော့ ဒီဖြန့်ဝေနေတဲ့ဟာကို မတားဆီးနိုင်ဘူး ဆိုတာကိုတော့ သူတို့လည်း သိတယ်။ သို့သော် တစ်ဘက်မှာ ဒီဟာကို ပြန်ပြီးတော့ ချေဖျက်ဖို့ကြိုးစားတယ်။ သတင်းအမှား ဆိုတဲ့ဟာမျိုး။ သို့သော် အချက်အလက် မှန်တယ် မမှန်ဘူးဆိုတာက မြေပြင်မှာလည်း လူထုက ရှိနေတာပဲပေါ့နော်”

ကော်မတီအနေနဲ့ နည်းပညာရှင်တွေ ပါတဲ့အဖွဲ့ ဖွဲ့ပြီး ၂၄ နာရီ စောင့်ကြည့်အရေးရမယ်လို့ စစ်ကောင်စီက တာဝန်ပေးထားပါတယ်။

ဒါဟာ စစ်ကောင်စီက သူတို့နဲ့ သဘောထား မတူတဲ့သူတွေကို အွန်လိုင်းပေါ်က ဖယ်ရှားဖို့ရည်ရွယ်ပြီး လုပ်နေတာလို့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ (ACDD) ရဲ့ စည်းရုံးလှုံ့ဆော်ရေးမှူး မသဥ္ဇာရွှန်းလဲ့ရည်က ဝေဖန်ပါတယ်။

“ဒါသည် စစ်အုပ်ချုပ်ရေးကို ပိုပြီး တင်းကျပ်လာအောင် ပိုပြီးအားကောင်းလာအောင် လုပ်တဲ့လုပ်ရပ်တစ်ခုသာဖြစ်တယ်။ နောက်ဒီလိုလုပ်ရပ်တွေက ကျွန်မတို့ အယုံအကြည် လုံးဝ မရှိတာက သူတို့ ဘယ်လောက်ပဲ ခေါင်းစဉ်ကောင်းတွေတင်တင် တကယ့်တကယ် လက်တွေ့မှာ အဓိက လုပ်ချင်တာကတော့ တော်လှန်နေတဲ့သူတွေ သူတို့ကို ပုန်ကန်နေတဲ့သူတွေ၊ သူတို့နဲ့ သဘောထား မတူတဲ့သူတွေကို တိုက်ခိုက်မယ်။ အွန်လိုင်းတွေပေါ်မှာ ဖယ်ရှားမယ်။ ဒါကို အဓိကလုပ်ဖို့အတွက် ရည်ရွယ်တယ်ဆိုတာ ထင်ရှားတယ်ပေါ့နော်”

စစ်ကောင်စီက ထပ်မံပြီး အင်တာနက် စောင့်ကြည့်ကော်မတီ ဖွဲ့လာတာဟာ လွပ်လပ်စွာ ရေးသားထုတ်ဖော်တဲ့ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေကို အရေးယူဖို့ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သုံးသပ်ပါတယ်။

“တကယ် လွတ်လွတ်လပ်လပ်နဲ့ ပြည်သူ့ဘက်က ပြည်သူတွေအတွက် အလုပ်လုပ်နေတဲ့ မီဒီယာတွေကို အရေးယူတာမျိုး နောက်ပြီးတော့ ပြည်သူတွေ ကိုယ်တိုင်ကိုလည်း လွတ်လပ်စွာ အတွေးအခေါ်တွေ ထုတ်ဖော်တဲ့ ပြည်သူတွေ ကိုယ်တိုင်ကိုလည်း အရေးယူတာမျိုးပေါ့နော်။ ဒါမျိုးတွေလုပ်ဖို့ ရည်ရွယ်တဲ့သဘောပါပဲ”

စစ်ကောင်စီအနေနဲ့ ဒီလို ကော်မတီဖွဲ့တာက ဥပဒေနဲ့မညီဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ယောက်က ထောက်ပြပါတယ်။

“ဒီလိုမျိုး အင်တာနက်မှာ တင်တာတွေ၊ အင်စတာဂရမ်မှာ တင်တာတွေ ဒါတွေကိုစောင့်ကြည့်ပြီး အရေးယူမယ်ဆိုတာသည် တကယ်တမ်းပြောရင်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ခေါ်တဲ့ နိုင်ငံပင်မဥပဒေဖြစ်သော ဥပဒေနဲ့တော့ ညီညွတ်မှုမရှိဘူး”

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း ဒီလုပ်ရပ်ဟာ စစ်တပ်ကို ဝေဖန်နေတဲ့သူတွေကို ဖမ်းဆီးထောင်ချဖို့ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့ အင်တာနက် စောင့်ကြည့်အရေးယူရေး ကော်မတီသစ်ဟာ စစ်အုပ်ချုပ်ရေးအောက်မှာ တကယ့် အခြေအနေမှန်ကို ရေးသားပြောဆိုနေတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဆိုလိုတာက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ဒေသတွေက အင်တာနက် သုံးနေတဲ့သူတွေကို ပိုပြီးတင်းကျပ်တာဖြစ်သလို မြန်မာစစ်တပ်ကို မကြောက်မရွံ့ ဝေဖန်နေတဲ့သူတွေကို ဖမ်းဆီးတရားစွဲ ထောင်ချနိုင်ဖို့ပဲ ဖြစ်ပါတယ်”

အဲဒီအပြင် ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေ၊ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကိုလက်မခံကြဖို့ Phil Robertson က တိုက်တွန်းပါတယ်။

“ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ တစ်တော့လို လူမှုကွန်ရက်ကြီးတွေအနေနဲ့ ဒီလုပ်ရပ်အပေါ်မှာ ခုခံကာကွယ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂအနေနဲ့လည်း ဒီလုပ်ရပ်အပေါ်မှာ ပြစ်တင်ရှုတ်ချတဲ့ အသံတွေထုတ်ဖို့ လိုအပ်ပါတယ်။ အဲဒီအပြင် လူတွေရဲ့ ဝေဖန်သံတွေ တိတ်သွားအောင် လုပ်တဲ့ရည်ရွယ်ချက်ကို လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်။ မြန်မာပြည်သူတွေကလည်း စစ်ကောင်စီ ခြယ်လှယ်နေတဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေနေတဲ့ မြန်မာ့အလင်း သတင်းစာ အပါအဝင် စစ်ကောင်စီအောက်က တခြားမီဒီယာတွေကနေ ဝါဒဖြန့်ချိရေးတွေကို လုံးဝလက်မခံပါဘူး”

မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် သုံးပြုနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဥ်။ (Photo: AFP)
မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် သုံးပြုနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဥ်။ (Photo: AFP)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာသိမ်းထားချိန်က ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ သတင်းရယူခွင့်၊ အင်တာနက် သုံးစွဲခွင့်နဲ့ နိုင်ငံသားတွေရဲ့ ဉာဏဆိုင်ရာ ကိစ္စရပ်တွေအတွက် လွပ်လပ်ခွင့်၊ လုံခြုံခွင့်တွေကို အကာအကွယ် ပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေက ထောက်ပြပါတယ်။

အင်တာနက် လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် ကမ္ဘာ့နိုင်ငံတွေထဲမှာ ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ အဲဒီပုဒ်မတွေနဲ့ လူပေါင်း ၁၃၁၆ ဦး ဖမ်းဆီးခံထားရတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။