စစ်ကောင်စီ ပြဋ္ဌာန်းဖို့ပြင်နေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.02.04

နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ဥပဒေပြဋ္ဌာန်းမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

"နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့တာဝန်ရှိတယ်၊ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ ဟာအတိုင်း ကျွန်တော်တို့ စစ်မှုထမ်းရမယ်။ တိုင်းပြည်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ လုပ်ရမှာပေါ့။ ဒါကလုပ်ကိုလုပ်ရမှာ၊ မလုပ်လို့မရပါဘူး။ ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။”

တစ်နှစ်အတွင်း ဒီဥပဒေကို ပြဋ္ဌာန်းနိုင်အောင် လုပ်မယ်လို့လည်း သူကဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ ဥပဒေပညာရှင်တွေကတော့ ... အာဏာသိမ်းပြီးနောက် စစ်အင်အားစုဆောင်းလို့မရတာ၊ တစ်နိုင်ငံလုံး ခုခံတော်လှန်စစ်တွေကြောင့် စစ်တပ်ဘက်က အကျအဆုံးများလာနေတာ၊ စစ်တပ်ထောက်ခံသူတွေကို တရားဝင် လက်နက်တွေ ထုတ်ပေးချင်တာကြောင့် အခုလို စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းဖို့ ကြံရွယ်နေတာလို့ ပြောဆိုကြပါတယ်။

ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ... "ဒီမိုကရေစီလိုလားတဲ့သူတွေကို စစ်မှုထမ်းဖို့ ဦးစားပေးခေါ်မှာ မဟုတ်ဘူး၊ ဘယ်သူတွေကို ခေါ်မလဲဆိုရင် အဲ့ဒီခေါင်းစဉ်အောက်ကနေ ကြံ့ခိုင်ရေးတွေ၊ မဘသတွေ သူတို့လိုလားတဲ့သူတွေကို ဦးစားပေးပြီး တရားဝင်ဖြစ်အောင်လုပ်ပြီး စစ်မှုထမ်းခိုင်းမှာ၊ ကျနော်တို့ ပြည်သူလူထုပိုက်ဆံတွေနဲ့ ကျနော်တို့ကို ပြန်တိုက်ခိုင်းမှာ၊ အသက် ဘယ်လောက်အတွင်းကသူတွေ မထမ်းမနေရဆိုပြီးတော့ အတင်းလုပ်မှာ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ မဘသတွေကို အတင်းဝင်ခိုင်းမှာ၊ သူတို့ တပ်သားစုဆောင်းတာ မရတော့လို့၊ သူတို့လိုသူတွေကို တရားဝင်လစာပေးပြီး နိုင်ငံတော်အာဏာနဲ့ ခေါ်ဖို့လုပ်တဲ့ အကြံပဲဖြစ်တယ်"

000_Hkg526397.jpg
စစ်မှုမထမ်းမနေရ ဥပဒေ ရေးဆွဲခဲ့သူ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ။

စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁ဝ ခုနှစ်ကတည်းက ရေးဆွဲထားတာဖြစ်ပါတယ်။

ဒါပေမယ့် ကျင့်သုံးတာ မရှိတာကြောင့် ၂၀၁၁ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက မေးခွန်းထုတ်ခဲ့ဖူးပါတယ်။

အဲ့ဒီကာလက ရှေ့နေချုပ်ဖြစ်တဲ့ ဦးအေးမောင်က ဒီဥပဒေကို လိုအပ်တဲ့အချိန်မှ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ဖို့ ပြဋ္ဌာန်းထားတာလို့ ဖြေဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဥပဒေတွေကို လိုသလိုထုတ်နေတာကြောင့် ဒီဥပဒေဟာလည်း ဖြစ်လာနိုင်ချေရှိတယ်လို့ ရှေ့နေဦးကြီးမြင့်က သုံးသပ်ပါတယ်။

နိုင်ငံတကာမှာ စစ်မှုမထမ်းမနေရ ဥပဒေဆိုတာ နိုင်ငံခြားရန်ကို ကာကွယ်ဖို့ ထုတ်ကြတာဖြစ်ပေမယ့် မြန်မာစစ်တပ်ကတော့ ကိုယ့်ပြည်တွင်းကသူတွေကို ပြန်တိုက်ဖို့လုပ်နေတာလို့ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM လုပ်နေတဲ့ ဗိုလ်ကြီး လင်းထက်အောင်ကပြောပါတယ်။

" ကျနော်တို့က စစ်တပ်အသစ်တစ်ခုကို ပြည်သူတွေအားနဲ့ ဖန်တီးနေတာ၊ ဖက်ဒရယ်တပ်မတော်ဆိုတာကို ကျနော်တို့ လုပ်နေတာ၊ အဲ့ဒါကြောင့် ဒီစစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံခြားရန်ကို ကာကွယ်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ပြည်တွင်းက ကျနော်တို့လို တခြားအဖွဲ့တွေကို ကာကွယ်ချင်လို့ ဒီစစ်မှုထမ်း ဥပဒေကိုလုပ်နေတာ၊ ပြည်တွင်းရန်ကို အဓိကထား ကာကွယ်ဖို့ လုပ်နေတယ်လို့ မြင်တယ်"

တပ်ထဲကရတဲ့ သတင်းတွေအရ စစ်တပ်ဟာ အင်အားစုဆောင်းရေးမှာ တော်တော်အခက်တွေ့နေတယ်လို့လည်း သူကပြောပါတယ်။

ဦးသန်းရွှေ စစ်အစိုးရလက်ထက်မှာရေးစွဲခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ... အသက် ၁၈ ကနေ ၃၅ နှစ်ထိ အမျိုးသားတိုင်း၊ အသက် ၁၈ ကနေ ၂၇ နှစ်ထိ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်လို့ပါပါတယ်။

တကယ်လို့ ဆရာဝန်၊ အင်ဂျင်နီယာ ဒါမှမဟုတ် အတတ်ပညာ တရပ်ရပ်ကို ကျွမ်းကျင်တက်မြောက်တဲ့သူ အမျိုးသားဆိုရင် ၄၅ နှစ်ထိ၊ အမျိုးသမီးဆိုရင် ၃၅ နှစ်ထိ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

အနည်းဆုံး ၂ နှစ်ကနေ ၃ နှစ်ထိ တာဝန်ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တကယ်လို့ စစ်မှုထမ်းဖို့ ပျက်ကွက်မယ်ဆိုရင်တော့ အနည်းဆုံး ထောင် သုံးနှစ်ကနေ ငါးနှစ်နဲ့ ငွေဒဏ်တွေလည်း ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

000_9RF2X6.jpg
အင်အားများလာနေတဲ့ ဒေသခံခုခံကာကွယ်ရေး တပ်သားများ။

စစ်ကောင်စီဟာ အာဏာသိမ်းတစ်နှစ်အတွင်းမှာ တော်တော့်ကို အထိနာသွားပြီဖြစ်လို့ ဒီစစ်မှု မထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းဖို့ လုပ်လာတာလို့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ကလည်း သုံးသပ်ပါတယ်။

"မင်းအောင်လှိုင် စစ်တပ်အနေနဲ့၊ လူအင်အားလျော့နည်းလာ၊ နေရာအနှံ့အပြားမှာ စစ်မျက်နှာဖွင့်နေရတော့ လူဦးရေ မလုံလောက်တဲ့ ကိစ္စကြောင့် ဒီလိုလုပ်နေရတယ်လို့ထင်တယ်၊ ဒါ့ကြောင့် တနှစ်နီးပါးလောက်မှာ လူလဲတာ အစားထိုးတာမလုပ်နိုင်ဘူး၊ အောက်ခြေစစ်သားတွေလည်းပင်ပန်း၊ CDM လုပ်တဲ့စစ်သားတွေကလည်း လုပ်ဆိုတော့ လူအင်အား အလုံးအရင်း သူတို့လိုနေပြီလို့ထင်တယ်။ အခု DSA ပဲကြည့်၊ အရင်က လူခုနှစ်ရာလောက်တက်နေတာ၊ ဒီနှစ်ဆို လူ ၇၀ လောက်ပဲလျှောက်တယ်လေ"

ဒီစစ်မှုမထမ်းမနေရ ဥပဒေကို တစ်နှစ်အတွင်း ပြဋ္ဌာန်းမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာမှာတော့ ...

"ပြည်သူလူထုပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းဆိုတာ ပြည်သူ့စစ်တွေ ဖွဲ့စည်းခြင်း လုပ်ငန်းတွေ စစ်ကိုင်းမှာ စတင်ဆောင်ရွက်နေပြီ၊ အားလုံးပါဝင်နိုင်ခြင်း၊ မပါဝင်နိုင်ခြင်းကတော့ ပြည်သူလူထုပေါ်မှာပဲ မူတည်လိမ့်မယ်။ အားလုံးပါဝင်နိုင်တာ မပါဝင်နိုင်တာထက် အကန့်အသတ်နဲ့ ပါဝင်နိုင်ဖို့ကတော့ လက်တွေ့မှာ ဖြစ်လာမှာ ဖြစ်ပါတယ်"

အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံတွေမှာလည်း စစ်မှုထမ်းဥပဒေတွေ ပြဋ္ဌာန်းထားပြီး အကန့်အသတ်နဲ့ ကျင့်သုံးတာတွေရှိတယ်လို့ သူကဆိုပါတယ်။

ဒီစစ်မှုထမ်း ဥပဒေကို ကန့်ကွက်ရှုတ်ချကြောင်း လူငယ်တွေကြားမှာ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။ မန္တလေးမြို့ခံ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးကတော့ စစ်ကောင်စီအောက်မှာ စစ်မှုမထမ်းချင်ဘူးလို့ RFA ကိုပြောပါတယ်။

"သူတို့ရဲ့ ရည်မှန်းချက်က မြို့ပေါ်မှာ ကျန်ခဲ့တဲ့ လူငယ်တွေကို တပ်ထဲကိုခေါ်မယ်။ ယူနီဖောင်းဝတ်ပေးမယ်၊ ရှေ့တန်းကိုပို့မယ်၊ ပြီးရင် လူသားဒိုင်းလိုခိုင်းမယ်၊ မြို့ပေါ်က လူငယ်တွေကို အသုံးချမှာပေါ့။ ဒီစနစ်သာအကောင်အထည်ဖော်ရင် သေချာတယ်၊ မြို့ပေါ်က လူငယ်တွေ အားလုံးတောထဲထွက်သွားကြမှာ သူ့ဆီမှာတော့ တာဝန်ထမ်းဆောင်မှာ မဟုတ်ဘူး"

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း စစ်တပ်ကိုစွန့်ခွာပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံ လာရောက်ပူးပေါင်းသူ တပ်သား အရေအတွက် အနည်းဆုံး ၂၂၀၀ ရှိတယ်လို့ CDM စစ်သားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်တဲ့စာရင်းတွေအရ နေ့စဉ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အကျအဆုံးများနေပြီး တစ်လကို စစ်သား အနည်းဆုံး ၁၁၀၀ ကျော် သေဆုံးနေတယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်ကတော့ တိုက်ပွဲအတွင်း အကျ အဆုံးတွေကို တရားဝင် ထုတ်ပြန်ထားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။